Chapter 248
လင်းဖေး ကားတံခါး ဖွင့်လျှင်ဖွင့်ချင်း ကျိလဲ့ယွီက မေးလာလေသည်။
"ဘာလို့ ဒီလောက်ကြာနေတာလဲ..."
"ရော့..."
လင်းဖေးက ကားထဲ ၀င်ထိုင်လိုက်ပြီး ကျောပိုးအိတ်ထဲမှ ငါးမန်းရုပ်လေးကို ထုတ်ပေးလိုက်သည်။
ကျိလဲ့ယွီ အံ့ဩသွားလေသည်။
"ကိုကို ကောက်လာတာလား..."
လင်းဖေး ခေါင်းခါလိုက်သည်။
"ဆိုင်ရှင်ဆီက ၀ယ်လာတာ...ငါ နောက်ကြရင် ပိုလေ့ကျင့်ပြီး မင်းလိုချင်သမျှ အရုပ်တွေကို ကောက်ပေးမယ်..."
ကျိလဲ့ယွီက မျက်တောင်ခတ်လိုက်သည်။ လင်းဖေးက သူ့ကို ဘာကြောင့် အရုပ်ပေးလဲ နားမလည်နိုင်ပေ။
သူက သူ့ရင်ခွင်ထဲမှ ငါးမန်းရုပ်လေးကို ငုံ့ကြည့်လိုက်ပြီး လင်းဖေးကို မေးလိုက်သည်။
"ဘာလို့ သားကို အရုပ်၀ယ်ပေးတာလဲ..."
"ငါ မင်းကို ချော့နေတာ..."
လင်းဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
"အခု မင်းပျော်နေပြီလား..."
ကျိလဲ့ယွီက တစ်ခဏခန့် အံ့အားသင့်သွားပြီး ငါးမန်းရုပ်လေးကို ပစ်ချလိုက်ကာ လင်းဖေးကို တင်းကြပ်စွာဖက်ထားလိုက်၏။
လင်းဖေးက ရုတ်တရက် ပွေ့ဖက်ခံရမည်ကို မမျှော်လင့်ထားခဲ့ပေ။ သို့သော် သူက ထုံးစံအတိုင်း ကျိလဲ့ယွီ၏ခေါင်းလေးကို ထိပေးလိုက်သည်။
"လိမ္မာတယ်..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး လင်းဖေး၏လက်မောင်းနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။
ထို့နောက် ခေါင်းကို မော့လိုက်ပြီး နီရဲနေသော မျက်နှာဖြင့် လင်းဖေးကို ကြည့်လိုက်ကာ ကောင်းကင်မှသက်တံရောင်သဖွယ် အပြုံးကို ပြုံးပြလိုက်သည်။
"ကိုကိုက အရမ်းကောင်းတာပဲ~~~"
ကျိလဲ့ယွီက ချိုမြိန်စွာ ပြောလိုက်သည်။
"သား အခု ပျော်သွားပြီ..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
ကျိလဲ့ယွီ ပျော်နေသရွေ့ အဆင်ပြေတယ်...
ထို့နောက် သူ ၀ယ်လာသည့်ရေခဲမုန့်ကို ထုတ်လိုက်ပြီး ကျိလဲ့ယွီကို တစ်ဘူး၊ လော့ကျားကို တစ်ဘူး လှမ်းပေးလိုက်သည်။
လော့ကျားက ကားမောင်းနေဆဲဖြစ်ပြီး လင်းဖေးရေခဲမုန့် လှမ်းပေးနေသည်ကို မြင်သောအခါ ပြောလိုက်သည်။
"မင်းနဲ့ရှောင်ယွီသာ စားကြ...ကားမောင်းနေတုန်း ရေခဲမုန့်စားဖို့ အဆင်မပြေဘူး..."
လင်းဖေးက လက်ပြန်ရုတ်လိုက်ပြီး သူ့ရေခဲမုန့်ကို စားရန် ပြင်လိုက်သည်။
ကျိလဲ့ယွီက လင်းဖေးကို မှီကာ ရေခဲမုန့်စားနေစဉ် ရေခဲမုန့်ဇွန်းကို မြှောက်လိုက်ပြီး လင်းဖေးကို ကျွေးလိုက်သည်။
"ကိုယ့်ဘာကိုယ်စား..."
"မြည်းကြည့်ပါ~~~"
လင်းဖေးက စားလိုက်သည်။
"အရသာရှိလား..."
"အင်း..."
လင်းဖေးက ပြန်ဖြေပြီးနောက် ရေခဲမုန့်ဘူးအဖုံးကို ဖွင့်လိုက်၏။
ကျိလဲ့ယွီက ရေခဲမုန့်တစ်ဇွန်းစားလိုက်သည်။
ဟုတ်တယ်...တကယ် အရသာရှိတယ်...
သူက လင်းဖေးကို မှီကာ ရေခဲမုန့်စားနေပြီး လင်းဖေးကို ရေခဲမုန့် ထပ်မံခွံ့ကျွေးရန် လုပ်လိုက်သော်လည်း လင်းဖေးက သူ့လက်ကို ကိုင်ထားလေသည်။
ကျိလဲ့ယွီက ပြုံးကာ ပြောလိုက်သည်။
"ဘာလို့ သားကို ကိုကိုနဲ့အတူ မခေါ်သွားခဲ့တာလဲ..."
လင်းဖေး :'ဆိုင်ရှင်က ရောင်းမရောင်း မသေချာလို့လေ...'
ဆိုင်ရှင်က မရောင်းဖို့ တင်းခံနေတယ်ဆိုရင် ကျိလဲ့ယွီက ပို၀မ်းနည်းရမှာ မဟုတ်ဘူးလား...
သူက ကျိလဲ့ယွီ၏စိတ်အခြေအနေကို ပိုမိုဆိုးရွားမသွားစေချင်သောကြောင့် သူတစ်ယောက်တည်းသာ သွားခဲ့ခြင်းဖြစ်သည်။
သို့သော် သူက စကားပြောရခြင်းကို မကြိုက်သောကြောင့် ယင်းကို မရှင်းပြခဲ့ပေ။
သူက စကားနည်းနည်းပြောကာ အလုပ်များများလုပ်သည့်လူမျိုးဖြစ်သည်။
ကျိလဲ့ယွီက လင်းဖေးပြန်မဖြေသည်ကို မြင်သောအခါ သူ ထင်ထားသည့်အဖြေကို ပြောလိုက်သည်။
"သားကို စပရိုက်လုပ်မလို့လား..."
လင်းဖေး ခေါင်းရှုပ်သွားသည်။
"မင်းက စပရိုက်ဖြစ်သွားသေးတာလား..."
ကျိလဲ့ယွီက ကြက်ပေါက်လေးတစ်ကောင်သဖွယ် ခေါင်းငြိမ့်လိုက်၏။
"အွန်း...စူပါစပရိုက်ဖြစ်သွားတာ..."
ထို့နောက် လင်းဖေးလက်မောင်းကို ချိတ်လိုက်ပြီး ရေခဲမုန့်ဆက်စားလိုက်သည်။
လင်းဖေး :"..."
တော်တော် ကရိကထများတာပဲ...
ကျိလဲ့ယွီက ရေခဲမုန့်ကို လင်းဖေးအား ထပ်မံ့ကျွေးလိုက်သော်လည်း လင်းဖေးက ရေခဲမုန့်ဇွန်းကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်လေသည်။
ကျိလဲ့ယွီက ချိုမြိန်စွာဖြင့် ချောကလက်ရေခဲမုန့်ကို စားနေသည်။
"ကိုကို နောက်ကြရင် တခြားလူတွေကို အရုပ်မပေးရဘူးနော်..."
လင်းဖေး :"..."
"တခြားလူတွေကိုလည်း မချော့ပေးရဘူး..."
လင်းဖေး :"..."
"တခြားလူတွေအတွက် အရုပ်လည်း မကောက်ပေးရဘူး..."
လင်းဖေး :"..."
"တခြားလူတွေရဲ့ရေခဲမုန့်ကိုလည်း မစားရဘူး..."
လင်းဖေး :"..."
"ဖေးဖေးရဲ့ကိုယ်ပေါ်မှာ ကျိလဲ့ယွီရဲ့ပိုင်ဆိုင်မှုလို့သာ တံဆိပ်ကပ်ထားလိုက်ပါတော့လား..."
လော့ကျားက တမင်တကာ နောက်ပြောင်လိုက်သည်။
ကျိလဲ့ယွီ၏မျက်လုံးများက တောက်ပလာလေသည်။
"အဲ့လိုလုပ်လို့ရလား..."
"မင်းကိုကိုကို မင်းရဲ့အရုပ်လေးလို့ ထင်နေတာလား..."
လော့ကျားက ရယ်မောကာ ပြောလိုက်သည်။
ကျိလဲ့ယွီက လင်းဖေးကို တကယ် တံဆိပ်ကပ်ချင်နေခြင်းဖြစ်သည်။ လင်းဖေးက သူ့၏အရုပ်လေးမဟုတ်ပေ။ သို့သော် သူက အရုပ်လေးများထက် လင်းဖေးကို ပိုလိုချင်လေသည်။
သူက လင်းဖေးဘက်လှည့်ကာ ပြောလိုက်၏။
"သားကို ကတိပေး..."
လင်းဖေး:"..."
လင်းဖေးက ကျိလဲ့ယွီအား ရေခဲမုန့်ဇွန်းအပြည့် ခွံ့ကျွေးလိုက်သည်။
ချုပ်ကိုင်ချင်တာပဲသိတယ်...နောင်တ ဘယ်လိုရရမယ်ဆိုတာတော့ မသိဘူး...
အချိန်တိုင်း ဒီလိုတွေကြီးပဲ...
ကျိလဲ့ယွီရဲ့ချို့ယွင်းချက်တွေကိုသာ ချရေးရရင် စာမျက်နှာအပြည့် ဖြစ်သွားလောက်တယ်...
တကယ့်ကို ပြိုင်ဘက်ကင်း ညီလေးပဲ...
ကျိလဲ့ယွီက လင်းဖေးကို စိုက်ကြည့်နေလေသည်။
"ကတိပေးပါဆို..."
ကျိလဲ့ယွီက လှပသောမျက်နှာလေးကို မော့ကာ စိုက်ကြည့်နေသည်မှာ ကြောင်ပေါက်စလေးနှင့် တူလေသည်။
လင်းဖေးက ယင်းကို မြင်သောအခါ တွေးလိုက်သည်။
ချစ်စရာလေး...
သူက တခြားလူတွေကို ဘာလို့ချော့ရမှာလဲ...
တခြားလူတွေက ကျိလဲ့ယွီမှ မဟုတ်တာ...
သူက သူ့ရှေ့မှ ချစ်စရာကြောင်ပေါက်လေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်းသာ လိမ္မာမယ်ဆိုရင် ငါ ကတိပေးတယ်..."
ကျိလဲ့ယွီက ချက်ချင်း ပြောလိုက်သည်။
"သားက တကယ် စကားနားထောင်မှာပါ..."
"အင်း..."
လင်းဖေးက ကျိလဲ့ယွီကို ရေခဲမုန့် ထပ်မံခွံ့ကျွေးလိုက်သည်။
ရေခဲမုန့်သုံးဘူးကို ကလေးနှစ်ယောက်ကသာ စားလိုက်ကြ၏။
လော့ကျား အနည်းငယ် စိုးရိမ်နေမိသည်။
"အများကြီးစားရင် ဗိုက်နာသွားပြီး ကျိယွီရှောင်ဆူတာ ခံရဦးမယ်..."
"အဲ့လို မဖြစ်ပါဘူး..."
လင်းဖေးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ လင်းဖေး၏အသံက လက်ခံယုံကြည်စေသောကြောင့် လော့ကျား စိတ်သက်သာရာရသွားသည်။
သူတို့က အိမ်ပြန်ရောက်ပြီးနောက် လော့ကျားနောက်လိုက်ကာ ကိုယ်ခံပညာလေ့ကျင့်လိုက်ကြပြီး ရေအတူတူ ချိုးလိုက်ကြသည်။
လင်းဖေးက ကျိလဲ့ယွီကို ကူညီကာ ဆပ်ပြာတိုက်ပေးနေလေသည်။ ကျိလဲ့ယွီက ခံစားချက်ကောင်းနေပြီး ရေမြှုပ်များနှင့် ကစားနေလေသည်။ စိတ်ကျေနပ်အောင် ကစားပြီးနောက် ရေခြောက်အောင် သုတ်ကာ ညအိပ်၀တ်စုံလဲ၀တ်လိုက်ကြပြီး ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။
ကျိလဲ့ယွီက ညအိပ်၀တ်စုံ ၀တ်ကာ အိပ်ရာပေါ်တွင် လှဲလိုက်ပြီး ခြေထောက်များကို လေထဲ လှုပ်ယမ်းနေလေသည်။
လင်းဖေးကမူ အိပ်ရာပေါ်သို့ မသွားချေ။ ထိုအစား သူက ထိုင်ခုံတွင် ထိုင်ကာ စာအုပ်ကို ဖတ်လိုက်လေသည်။ သူ့အိမ်စာများကို စာသင်ခန်းထဲတွင်ပင် ပြီးအောင် လုပ်အောင်လုပ်ခဲ့ပြီး အိမ်ပြန်ရောက်သောအခါ သူက စာအုပ်များကို ဖတ်လျှင်ဖတ်၊ မဖတ်လျှင် အခြားသင်ရိုးများကို လေ့လာလေ့ရှိသည်။
ကျိလဲ့ယွီက မလှမ်းမကမ်းမှ လင်းဖေးကို ကြည့်နေပြီး တစ်ခုခုကို တွေးနေလေသည်။
ထို့နောက် ခြေထောက်ကို အောက်ချလိုက်ကာ ထထိုင်လိုက်ပြီး ကုတင်ပေါ်မှ ငါးမန်းရုပ်လေးကို ယူလိုက်ကာ ပွေ့ဖက်လိုက်သည်။
ငါးမန်းရုပ်လေးက အလွန်နူးညံ့ပြီး အမွှေးဖွာဖွာလေးများဖြင့် ထိတွေ့ရသည်မှာ သက်တောင့်သက်သာရှိလေသည်။ ကျိလဲ့ယွီက ငါးမန်းရုပ်လေးကို ကြည့်ကာ စိတ်ဆုံးဖြတ်လိုက်သည်။
"ကိုကို ပါးပါးကို ပြောပြလို့ရတယ်..."
သူက နူးညံ့စွာ ပြောလိုက်သည်။
လင်းဖေး၏စာရွက်လှန်နေသော လက်များက ရပ်တန့်သွားပြီး ကျိလဲ့ယွီကို လှည့်ကြည့်လိုက်သည်။
“အရင်က ကိုကို ပါးပါးကို ပြောပြချင်ခဲ့တယ်မလား...”
ကျိလဲ့ယွီက ငါးမန်းရုပ်လေး၏အမြီးကို ဆုပ်ကိုင်လိုက်သည်။
“ပါးပါးကို ပြောပြပြီး ဖန်ရှင်းကို ကျောင်းပြောင်းခိုင်းလိုက်ပါ...”
"မင်း တကယ် အဲ့လိုလုပ်ချင်တာလား..."
ကျိလဲ့ယွီက ပါးကို ဖောင်းလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
သူက တကယ် အဲ့လိုမလုပ်ချင်ပါဘူး...ဒါပေမဲ့ သူ မပျော်ရင် လင်းဖေးက သူ့ကို စိုးရိမ်နေရပြီး ချော့ပေးနေရမှာ...
လင်းဖေး သူ့ကို ချော့ပေးတာကို အရမ်းကြိုက်တယ်...ဒါပေမဲ့ လင်းဖေ သူ့ကို စိုးရိမ်နေရမှာကိုတော့ မလိုချင်ဘူး...
ဖန်ရှင်းက ကျောင်းမှာ ဆက်ရှိနေရင်လည်း သူ့ကို သတ်လို့လည်းမရ၊ တခြားဘာမှလည်းလုပ်မရဘူး...သူ့မျက်စိအောက်က ပျောက်သွားပြီး စိတ်ထဲက ထုတ်ပစ်လိုက်တာ ပိုကောင်းမယ်...
လင်းဖေးက ကျိလဲ့ယွီ၏ဖောင်းကားနေသော မျက်နှာကို မြင်သောအခါ မတ်တပ်ထလိုက်ပြီးကျိလဲ့ယွီဘေးထိုင်လိုက်ကာ ခေါင်းလေးကို ထိပေးလိုက်သည်။
ကျိလဲ့ယွီက ငါးမန်းရုပ်လေးကို ဘေးချလိုက်ပြီး လင်းဖေးကို ပွေ့ဖက်လိုက်လေသည်။
သူနှင့်လင်းဖေး၌ ဆန့်ကျင်ဘက်ကိုယ်ရည်ကိုယ်သွေးများ ရှိကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် နားလည်ကြလေသည်။
"သား ကိုကို့ကို စိတ်ပူမနေစေချင်ဘူး...ဒါ့အပြင် ကိုကိုက သားကို သူ့ဆီ မသွားခိုင်းတော့ သူကျောင်းပြောင်းလိုက်သင့်တယ်..."
အမှန်တွင် သူနှင့်လင်းဖေး ကျောင်းပြောင်းလိုက်လျှင်လည်း ရလေသည်။
ဒါဆို ဘာလို့ ကျောင်းမပြောင်းတာလဲ...အကြောင်းပြချက်က ရှင်းရှင်းလေးပဲ...သူတို့က ကျောင်းကောင်းကောင်းမှာ တက်နေတာ...ဘာလို့ပြောင်းပေးရမှာလဲ...ပြောင်းမဲ့ပြောင်း သူ့အပေါ် အကြွေးတင်နေတဲ့ ဖန်ရှင်းက ပြောင်းရမှာပေါ့...
အသက်နဲ့ပြန်မပေးဆပ်ခိုင်းတာကိုတောင် သူ့ကို ကျေးဇူးတင်ရဦးမယ်...
ယနေ့ ကျိလဲ့ယွီက စိတ်အခြေအနေကောင်းနေသောကြောင့် ဖန်ရှင်းကို လွှတ်ပေးချင်လေရာ သူ့ကိုယ်သူ တွန်းအားပေးကာ တိုက်တွန်းလိုက်သည်။
"ညစာစားပြီးရင် ပါးပါးကို ပြောပြလိုက်လို့ရမလား...အိပ်ခါနီးမှ ပြောရင် သား နောင်တရသွားမှာစိုးလို့..."
သူက ဖန်ရှင်းကို သေစေချင်သည်။ သူက ဖန်ရှင်းကို ဘယ်သောအခါမှ အလွှတ်ပေးမည် မဟုတ်ပေ။ သို့သော် လင်းဖေးက ဤနေရာတွင် ရှိနေသောကြောင့် လင်းဖေးစကားကို နားထောင်ရန် ဆန္ဒရှိပေသည်။
လင်းဖေး သဘောတူလိုက်သည်။
"ခဏနေ ပါးပါးဆီ ဖုန်းဆက်ပြောလိုက်မယ်..."
"ဟုတ်ကဲ့...သား လိမ္မာတယ်မလား..."
"လိမ္မာတယ်..."
"ဒါဆို သားကိုနမ်း..."
လင်းဖေးက ကျိလဲ့ယွီ၏ပါးကို နမ်းကာ ဆုချပေးလိုက်သည်။
ကျိလဲ့ယွီ ပျော်ရွှင်သွားပြီး လင်းဖေး၏လက်ကို လှုပ်ခါလိုက်ကာ ပြောလိုက်သည်။
"ထိပေး..."
လင်းဖေးက ကျိလဲ့ယွီ၏ခေါင်းလေးကို နူးညံ့စွာ ထိပေးလိုက်သည်
ညစာစားပြီးနောက် ကျိလဲ့ယွီက ရေချိုးခန်းထဲသို့ ၀င်သွားစဉ် လင်းဖေးက ချက်ချင်းဖုန်းထုတ်လိုက်ပြီး လင်းလော့ချင်း၏wechatသို့ အီမိုဂျီပို့လိုက်ကာ လင်းလော့ချင်းအားမအား စစ်ဆေးလိုက်သည်။
လင်းလော့ချင်းက ချက်ချင်းဆိုသလို ပွေ့ဖက်ပြီး နမ်းနေသည့်အီမိုဂျီကို ပို့ပေးလိုက်ပြီး လင်းဖေးကို ဗီဒီယိုကောလ်ခေါ်လိုက်လေသည်။
လင်းဖေးက ဗီဒီယိုကောလ်ကို ကိုင်လိုက်သောအခါ လင်းလော့ချင်းက သူ့အခန်းထဲတွင် ရှိနေသည်ကို မြင်လိုက်ရသည်။
"ငါ့ကို လွမ်းလို့လား..."
လင်းလော့ချင်းက ပြုံးကာ ပြောလိုက်၏။
လင်းဖေးက လင်းလော့ချင်း၏မေးခွန်းကို ပြန်မဖြေပေ။
"ကျွန်တော် ပြောစရာရှိလို့..."
"ဘာပြောမလို့လဲ..."
လင်းလော့ချင်း စပ်စုလိုက်သည်။
"ပါးပါးက ကျောင်းသားတစ်ယောက်ကို ကျောင်းပြောင်းသွားအောင် ကူညီပေးလို့ ရမလား..."
"ဟမ်..."
လင်းလော့ချင်း အံ့ဩသွားသည်။
လင်းဖေးက ဘာလို့ ကျောင်းသားတစ်ယောက်ကို ကျောင်းပြောင်းသွားစေချင်တာလဲ...
ဘာတွေဖြစ်နေတာလဲ...
မကြာမီပင် လင်းလော့ချင်းက တစ်ခုခုကို တွေးမိသွားပြီး မျက်နှာအမူအရာက ပြောင်းလဲသွားလေသည်။
"ဘာဖြစ်လို့လဲ...ဘာလို့ ကျောင်းပြောင်းစေချင်တာလဲ...တစ်ယောက်ယောက် မင်းကို အနိုင်ကျင့်တာလား...အဆင်ပြေရဲ့လား...မတ်တပ်ရပ်ပြဦး...ဒဏ်ရာတွေ ရမရစစ်ဆေးကြည့်ချင်လို့..."
လင်းဖေး :"..."
လင်းဖေးက လင်းလော့ချင်းကို နှစ်သိမ့်ပေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်...ဒီဟာက ကျွန်တော်နဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး..."
"ဒါဆို ရှောင်ယွီလား...ရှောင်ယွီက အနိုင်ကျင့်ခံရတာလား..."
လင်းလော့ချင်း အံ့ဩသွားသည်။
မဖြစ်နိုင်တာ...ဒါက ကျိလဲ့ယွီလေ...တခြားလူတွေကို အနိုင်ကျင့်မဲ့အစား အနိုင်ကျင့်ခံရတာတဲ့လား...
ပြီးတော့ အခု လော့ကျားဆီက ကိုယ်ထံပညာသင်နေကြတဲ့ဟာကို တခြားကလေးတွေ အနိုင်ကျင့်တာကို ဘယ်လိုလုပ် ခံရတာလဲ...
လင်းဖေးက ရေချိုးခန်းဘက် လှည့်ကြည့်လိုက်သောအခါ ကျိလဲ့ယွီက ရေချိုးခန်းထဲမှ ထွက်မလာသေးပေ။
သူက တိုးတိုး ပြောလိုက်သည်။
"ရှောင်ယွီရဲ့မိဘတွေကို သတ်ပြီး ဒယ်ဒီ့ကို ခြေထောက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူရဲ့သားက အခု ကျွန်တော်တို့နဲ့ ကျောင်းတူတူတက်နေတယ်...သူ့နာမည်က ဖန်ရှင်း...ရှောင်ယွီက အဲ့ဒါကို လွန်ခဲ့တဲ့ နှစ်ရက်က သိသွားပြီး အရမ်း၀မ်းနည်းနေတယ်...သူက ဖန်ရှင်းကို နေ့တိုင်း သွားရှာနေတာ...သူက ဖန်ရှင်းကို ဘာမှမလုပ်ပေမဲ့ စိတ်ထဲတော့ ကောင်းမှာ မဟုတ်ဘူး...ညတိုင်းလည်း အိမ်မက်ဆိုးတွေ မက်နေတယ်...ရှောင်ယွီက ကျောင်းမပြောင်းချင်တော့ ဖန်ရှင်းကို ကျောင်းပြောင်းခိုင်းမှပဲ ရမယ်..."
လင်းလော့ချင်း ထိတ်လန့်သွားသည်။
"မဖြစ်နိုင်တာ...ဒီကျောင်းကို မင်းဒယ်ဒီက သေချာ ရွေးချယ်ထားခဲ့တာ...သူက ရှောင်ယွီကို ဘယ်လောက်ဂရုစိုက်လဲ သိရဲ့သားနဲ့...သူက ရှောင်ယွီကို သူ့အစ်ကိုကို သတ်ခဲ့တဲ့သူရဲ့သားနဲ့ ကျောင်းတူတူထားမှာ မဟုတ်ဘူး...သူက အဲ့လောက်ပေါ့ဆတဲ့သူ မဟုတ်ဘူး..."
"ဒါပေမဲ့ အခု သူက ကျွန်တော်တို့ကျောင်း ရောက်နေပြီလေ..."
လင်းဖေး ပြောလိုက်သည်။
"ရှောင်ယွီက အဲ့ဒါကို ဘယ်လိုသိသွားတာလဲ..."
လင်းလော့ချင်း မေးလိုက်သည်။
"ကျိမူ ပြောပြတာ..."
လင်းလော့ချင်း နားလည်သွားလေသည်။
လင်းလော့ချင်း ဒေါသထွက်နေလေသည်။ ကျိမိသားစု၏ပဋိပက္ခတွင် ကလေးတစ်ယောက်ကို ဆွဲထည့်ပြီး ရက်စက်စွာ ပြုမူလိမ့်မည်ဟု မထင်ထားပေ။
ကျိလဲ့ယွီက ကလေးပဲရှိသေးတာကို သူ့မိဘတွေကို သတ်ခဲ့တဲ့သူရဲ့သားနဲ့ ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ...ဒါက ကလေးတစ်ယောက်အတွက် ရက်စက်လွန်းတယ်...
ကျိလဲ့ယွီ ဘယ်လောက်ထိတ်လန့်သွားရမလဲ...အထူးသဖြင့် ကျိလဲ့ယွီရဲ့အကျင့်စရိုက်နဲ့ဆို ဖန်ရှင်းကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ...
သူက လက်စားချေချင်နေမှာ...အဲ့ကလေးကို တွေ့တိုင်း သူ့မိဘတွေနဲ့ ဝှီးချဲလ်ပေါ်က ကျိယွီရှောင်ကို ပြန်မြင်ယောင်နေပြီး နာကျင်နေမှာ...
သူ့နှလုံးသားက နာကျင်မှုမှာ ရုန်းကန်နေရမှာပဲ...
"ရှောင်ယွီ သူ...သူ မနေ့ညက ငိုသေးလား...တခြားအချိန်တွေမှာရော ဘယ်လိုလဲ...၀မ်းနည်းနေလား..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
သူက ကျိလဲ့ယွီ ဖန်ရှင်းကို သတ်ပစ်ချင်နေကြောင်းကို လင်းလော့ချင်းအား မပြောပြနိုင်ပေ။ သူက ထိုသို့သော ကျိလဲ့ယွီကို လက်ခံနိုင်သော်လည်း သူ့ပါးပါး၏မျက်လုံးထဲတွင် ကျိလဲ့ယွီကို ထိုသို့မမြင်စေချင်ပေ။
လင်းလော့ချင်းက ကျိလဲ့ယွီအား ကြောက်ရွံ့မုန်းတီးမသွားစေချင်ပေ။
ကျိလဲ့ယွီတွင် ချို့ယွင်းချက်များစွာ ရှိသော်လည်း အလွန်ချစ်စရာကောင်းနေဆဲဖြစ်သည်ဟု သူထင်မိသည်။ထို့ကြောင့် လင်းလော့ချင်းက ကျိလဲ့ယွီကို ယခုကဲ့သို့ ဆက်ချစ်နေရန် မျှော်လင့်လေသည်။
သူက လက်ရှိမိသားစုလေးယောက်ဘ၀ကို အလွန်ကျေနပ်သောကြောင့် ဤအခြေအနေကို ပြောင်းလဲမသွားစေချင်ပေ။
“ ရှောင်ယွီက စိတ်ပင်ပန်းနေပေမဲ့ အဆင်ပြေပါတယ်...ကျွန်တော် သူ့ကို ကောင်းကောင်းချော့ပေးထားတယ်...ပါးပါး မစိုးရိမ်ပါနဲ့..."