အပိုင်း ၂၄၆
Viewers 87k

Chapter 246



နောက်တစ်နေ့မနက် ကျိလဲ့ယွီက ကျောင်းတွင် အိမ်သာသွားသောအခါ လင်းဖေးက ဘောပင်ကို ချလိုက်ပြီး ပြောလိုက်သည်။


"ငါ မင်းနဲ့ လိုက်ခဲ့မယ်..."


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီက ကူရာမဲ့စွာ ပြောလိုက်သည်။


"သား သူ့ကို သွားရှာမှာမဟုတ်ပါဘူး..."


လင်းဖေး : "အို..."


"ကိုကို သားကို အဲ့လိုလာမကြည့်နဲ့...သားနောက်ကိုလည်း မလိုက်ခဲ့နဲ့..."


ထို့နောက် သူက အတန်းထဲမှ ထွက်သွားလိုက်သည်။


လင်းဖေးက ထိုစကားကို ကြားသောအခါ ဒုတိယတန်း တန်းခွဲသုံးသို့ တိတ်တိတ်လေး သွားလိုက်သည်။


ဖန်ရှင်းက အိမ်သာထဲမှ ထွက်လာသာအခါ တစ်စုံတစ်ယောက်က သူ့ရှေ့တွင် ပိတ်ရပ်လာလေသည်။


သူက ကြောက်လန့်တကြား ခေါင်းမော့ကြည့်လိုက်သောအခါ မာရွိက်နှင့်အခြားလူများ မဟုတ်ခဲ့ပေ။ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော အလွန်ချောမောသည့်ကောင်လေးတစ်ယောက် ဖြစ်နေလေသည်။


"ဖန်ရှင်းမဟုတ်လား...ငါ မင်းကို မေးစရာရှိတယ်..."


ဖန်ရှင်းက နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူက တစ်ဖက်လူကို မသိသောကြောင့် တစ်ဖက်လူကအနိုင်ကျင့်ချင်နေခြင်း ဟုတ်မဟုတ်ကို သူ မသိပေ။


"မနှစ်က ဩဂုတ်လမှာ မင်းအဖေက ကားတစ်စီးကို ၀င်တိုက်ခဲ့တယ်...ကားထဲက လူနှစ်ယောက်ကသေသွားပြီး တစ်ယောက်က ဒဏ်ရာရသွားတယ်...ယောကျာ်းတစ်ယောက်နဲ့မိန်းမတစ်ယောက် သေသွားတာဖြစ်ပြီး ကျန်တဲ့ယောကျာ်းက ခြေထောက် ဒဏ်ရာရသွားခဲ့တယ်...အဲ့ဒါဟုတ်လား..."


ဖန်ရှင်း၏မျက်နှာက ပြောင်းလဲသွားပြီး တစ်ဖက်လူကို ထိတ်လန့်စွာ ကြည့်လိုက်သည်။


သူက ဘယ်လိုလုပ် သိတာလဲ...သူက ဘယ်လိုသိသွား‌တာလဲ...သူက ဘာလုပ်ချင်တာလဲ...


လင်းဖေးက ထပ်မေးလိုက်သည်။


"ဟုတ်လား..."


ထိုစဉ် သူ့နောက်မှ ကောင်လေးတစ်ယောက်၏အသံ ထွက်ပေါ်လာလေသည်။


"မင်းက ဒီမှာပဲ..."


တစ်ဖက်လူက သူတို့ထံ လျှောက်လာပြီး လင်းဖေးကို ကြည့်ကာ မေးလိုက်သည်။


"သူက ဘယ်သူလဲ..."


လင်းဖေးက တစ်ဖက်လူကို လျစ်လျူရှုထားပြီး ဖန်ရှင်းကိုသာ ကြည့်နေလိုက်သည်။


ကောင်လေးက သူတို့နှစ်ယောက်ကြား ၀င်လာပြီး ပြောလိုက်သည် 


"မင်း သူငယ်ချင်းလား..."


မာရွိက်က ထပ်မေးလိုက်သည်။


"မင်းသူငယ်ချင်းလားလို့..."


ဖန်ရှင်း ခေါင်းခါလိုက်သည်။


"အဲ့ဒါဆို ဘာလို့စကားပြောနေတာလဲ..."


ဖန်ရှင်းက ခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည်။


"ငါ အခုသွားတော့မှာ..."


သို့‌သော် လင်းဖေးက ခြေတစ်လှမ်းတိုးကာ တားလိုက်သည်။


ဖန်ရှင်းက တစ်ဖက်လူကို အသနားခံစွာ ကြည့်လိုက်သည်။


"မင်း ငါ့မေးခွန်းကို ပြန်မ‌ဖြေရသေးဘူး...ဟုတ်လား မဟုတ်ဘူးလား..."


"ဘာတွေဖြစ်နေတာလဲ..."


မာရွိက်က ဖန်ရှင်းပခုံးပေါ် လက်တင်ကာ မေးလိုက်သည်။


"သူက မင်းကို ဘာမေးနေတာလဲ..."


ဖန်ရှင်း ပြန်မဖြေပေ။


လင်းဖေးက တစ်ဖက်လူ ခေါင်းငုံ့ထားသည်ကို မြင်သောအခါ တစ်ဖက်လူက ဤမေးခွန်းကို ဖြေရန် ဆန္ဒမရှိကြောင်း သိလိုက်သည်။


"ငါ သူ့ကို မေးစရာရှိလို့...ကျေးဇူးပြုပြီး အရင် ထွက်သွားပေးပါလား...အဲ့လိုလုပ်ပေးရင် ကျေးဇူးတင်မိမှာ.."


လင်းဖေးက မာရွိက်ကို ပြောလိုက်သည်။


ဖန်ရှင်းက အံ့အားသင့်သွားပြီး မာရွိက်ကလည်း တစ်ခုခု ထူးဆန်းနေသည်ကို ရှာတွေ့သွားလေသည်။


"မင်းက ငါ့ကို ထွက်သွားစေချင်တာလား..."


မာရွိက်က သူ့ကိုယ်သူ လက်ညှိုးထိုးကာ ပြောလိုက်သည်။


"မင်းက ဘယ်သူလဲ...မင်း ထွက်သွားခိုင်းတိုင်း ငါက ထွက်သွားရမှာလား..."


လင်းဖေး တစ်ဖက်လူကို ပြန်မတုံ့ပြန်ခဲ့ပေ။ ဖန်ရှင်းကိုသာ ပြောလိုက်သည်။


"ငါ့နောက်လိုက်ခဲ့..."


သူက အခြားနေရာသို့ ပြောင်းချင်သော်လည်း ဖန်ရှင်းက သူ့နောက် လိုက်မလာပေ။ 


မာရွိက်က ဖန်ရှင်း၏ပခုံးကို ဖိထားပြီး ဖန်ရှင်းကလည်း မသွားရဲခဲ့ပေ။


ထိုအခါ သူက ဖန်ရှင်းပခုံးပေါ်မှ မာရွိက်လက်ကို ဖယ်ချလိုက်သည်။


မာရွိက်ထိတ်လန့်သွားပြီး လင်းဖေးကို ဒေါသကြီးစွာ လက်သီးဖြင့်ထိုးလိုက်သော်လည်း လင်းဖေးက တစ်ဖက်လူ၏လက်သီးကို ဖမ်းဆုပ်လိုက်ပြီး တစ်ဖက်လူကို ဆွဲလိုက်ကာ ဒူးဖြင့် ဗိုက်ကိုတိုက်လိုက်သည်။


မာရွိက်က ချက်ချင်းဆိုသလို အလွန်နာကျင်သွားလေသည်။


လင်းဖေးက လက်ကို လွှတ်လိုက်ပြီး ဖန်ရှင်းကို ပြောလိုက်သည်။


"လိုက်လာခဲ့..."


ဖန်ရှင်းက ထိတ်လန့်နေလေသည်။ တစ်ဖက်လူက မာရွိက်ကို စက္ကန့်ပိုင်းအတွင်း နာကျင်အောင် လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူက မာရွိက်၏အနိုင်ကျင့်ခြင်းကို ခံနေရသော်လည်း မာရွိက်ကို ပြန်မလုပ်နိုင်ခဲ့ပေ။ သူ့ကို မည်သူကမှ အကူအညီမပေးခဲ့သော်လည်း ယခုမူ တစ်စုံတစ်ယောက်က ကူညီလာခဲ့သည်။


ဖန်ရှင်းက လင်းဖေးနောက်ကို ထိန်းချုပ်မရစွာ လိုက်သွားလိုက်သည်။


လင်းဖေးက လူနည်းသည့်နေရာတွင် ရပ်လိုက်ပြီး တစ်ဖက်လူကို ထပ်မေးလိုက်သည်။


"ငါပြောတာ မှန်လား..."


ဖန်ရှင်းက နှုတ်ခမ်းကို ကိုက်ထားပြီး ပြန်မဖြေရဲခဲ့ပေ။ တစ်ဖက်လူက သူ့ကို ရယ်မောမည်ကိုကြောက်ရွံ့နေလေသည်။


"ငါက သိချင်ရုံပဲ...ဟုတ်လား မဟုတ်လားသာဖြေ...ငါ မင်းကို ထပ်လာရှာမှာ မဟုတ်ဘူး..."


ဖန်ရှင်းက တစ်ခဏခန့် ထိတ်လန့်သွားလေသည်။


"မင်းက ဘယ်အခန်းကလဲ..."


သူ တစ်ဖက်လူ၏အခန်းကို သွားချင်မိသည်။


"အရင်ဖြေပါ...ဟုတ်လား မဟုတ်ဘူးလား...မဖြေချင်ရင်လည်း မဖြေချင်ဘူးပြော...ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ်..."


ဖန်ရှင်းက ထိုစကားကို ကြားသောအခါ မသိစိတ်အရ အ၀တ်အစားများကို ဆုပ်ကိုင်လိုက်မိလေသည်။


လင်းဖေးက တစ်ဖက်လူထံမှ အဖြေကို စောင့်နေလေသည်။


ကျိလဲ့ယွီအတွက်သာ မဟုတ်လျှင် သူက ထွက်သွားပြီဖြစ်သည်။ သူက ဖန်ရှင်း၏တွန့်ဆုတ်နသည့် အကျင့်စရိုက်ကို စိတ်မရှည်ပေ။


သို့သော် သူက အဖြေလိုအပ်နေ၏။


"ငါ့အဖေကို ပြောတာမလား..."


နောက်ဆုံးတွင် ဖန်ရှင်းက ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြန်ဖြေလိုက်သည်။


သူက တစ်ဖက်လူကို မ၀န်ခံခဲ့လျှင်ပင် သူ့အတန်းထဲမှ လူတိုင်းက ထိုကိစ္စကို သိနေကြပြီး ယခင်ကျောင်းဟောင်းမှ အတန်းဖော်များ၊ အိမ်နီးချင်းများကပင် သိနေကြလေသည်။


သူတို့က သူ သူ့အဖေလို ဖြစ်လာမည်ကို စိုးရွံ့ကြပြီး သူနှင့်ဝေးဝေးမှာ နေကြသည်။


သူ ယခု ၀န်မခံလျှင်ပင် အခြားလူများကို မေးလျှင် အဖြေကို သိနိုင်ပေသည်။ ထို့အပြင် တစ်ဖက်လူက မာရွိက်ကို သင်ခန်းစာပေးနိုင်သည်အထိ အစွမ်းထက်‌သောကြောင့် သူက တစ်ဖက်လူနှင့် သူငယ်ချင်းဖြစ်ချင်လေသည်။


"ငါ့အဖေက လူကောင်းတစ်ယောက်ပါ...သူက တစ်ခါမှ မကောင်းတာတွေကို မလုပ်ဖူးဘူး...သူက အဲ့လိုဖြစ်စေချင်ခဲ့တာ မဟုတ်ဘူး...ငါ့အဖွားကလည်း သူက သားလိမ္မာလေးလို့ပြောတယ်...ငါ တကယ်မလိမ်ပါဘူး..."


သူက တစ်ဖက်လူ၏လက်ကို နောက်ဆုံးကောက်ရိုးမျှင်ကဲ့သို့ ဆုပ်ကိုင်မည်လုပ်စဉ် အသံတစ်သံကို ကြားလိုက်ရလေသည်။


"ဖန်ရှင်း. . ."


အသံက အေးစက်ကြမ်းတမ်းနေပြီး ဒေါသ အမြောက်အမြားကို ထုတ်ဖော်ပြနေလေသည်။


ဖန်ရှင်းက ထိတ်လန့်သွားပြီး ရုတ်တရက် မလှုပ်ရှားရဲတော့ပေ။ သူက အလိုလို အသံကြားရာဆီသို့ ကြည့်လိုက်သောအခါ ယခင်က တွေ့ဖူးသည့် အရုပ်လေးနှင့်တူသော ကောင်လေးကို တွေ့လိုက်ရလေသည်။


တစ်ဖက်လူ၏မျက်လုံးထဲတွင် ဒေါသများက မီးဟုန်းဟုန်းတောက်နေ၏။


ကျိလဲ့ယွီ၏အမုန်းတရားများက ကြီးမားသော ပင်လယ်လှိုင်းလုံးကဲ့သို့ ထိန်းချုပ်မရစွာ တလှိမ့်လှိမ့်တက်လာလေသည်။


သူက ဘာလုပ်နေတာလဲ...


သူက ဘာလုပ်ချင်တာလဲ...


သူနဲ့လင်းဖေးက ဘာတွေပြောနေတာလဲ...


သူက လင်းဖေးကို ထိချင်နေတာလား...


သူ့အဖေက သူ့အဖေနဲ့အမေကို ခေါ်သွားသလိုမျိုး


သူက လင်းဖေးကို ခေါ်သွားမလို့လား...


သူ လုပ်ရဲလား...


သူနဲ့ ထိုက်တန်လို့လား...


ကျိလဲ့ယွီက အံကြိတ်လိုက်ပြီး ဖန်ရှင်းဆီသို့ လျှောက်သွားလိုက်သည်။


သူ တွန့်ဆုတ်မနေသင့်ဘူး...


သူက ဘာလို့ တွန့်ဆုတ်နေခဲ့တာလဲ...


သူ ဖန်ရှင်းကို သတ်ခဲ့သင့်တယ်...


သူ့ကို သတ်ပြီး သူ့မိဘတွေအတွက် အသက်အကြွေးပြန်ဆပ်ခိုင်းရမယ်...


သူ့အဖေက အသက်နှစ်သက်ကို ယူသွားခဲ့တာ...


အဲ့တော့ နှစ်သက်ပြန်ပေးသင့်တယ်...


သူက သူ့ဂရုအစိုက်ဆုံးလူတွေကို ဆုံးရှုံးခဲ့ရတာ...


ကျန်တဲ့လူကလည်း ကောင်းကောင်းနေရမယ် မထင်နဲ့...


သူ့သားကိုသတ်...


အဲ့လူသားကိုသတ်...


အဲ့လူနဲ့အတူတူ သေသွား...


ဒါမှ တရားမျှတမှာ...


ကျိလဲ့ယွီ၏ခြေလှမ်းများက တဖြည်းဖြည်းမြန်လာလေသည်။ ဖန်ရှင်းက သူ့ထံ လျှောက်လာသော ခြေလှမ်းများထံမှ လွတ်မြောက်ချင်သော်လည်း နောက်ဆုံးတွင် နံရံကြား ပိတ်မိသွားသည်။


ကျိလဲ့ယွီက ဓားသဖွယ် စူးရှရက်စက်သောမျက်လုံးများဖြင့် ဖန်ရှင်းကို ကြည့်လိုက်သည်။သူက ဖန်ရှင်းဆီသို့ ပြင်းထန်သောအမုန်းတရားများဖြင့် ချဉ်းကပ်သွားသော်လည်း ရုတ်တရက်တစ်စုံတစ်ယောက်က သူ့အမြင်အာရုံကို ပိတ်ဆို့လိုက်လေသည်။ 


ကျိလဲ့ယွီ ထိတ်လန့်တကြား မော့ကြည့်လိုက်သောအခါ လင်းဖေးက သူ့ကို ငုံ့ကြည့်‌နေကာ သူ့ကို ပွေ့ဖက်လိုက်၏။


သူက ကျိလဲ့ယွီ၏ခေါင်းကို ထိကာ ကျိလဲ့ယွီခါးကို ဖက်ထားပြီး ဆံပင်များကို နူးညံ့စွာ ထိ‌တွေ့နေလေသည်။ 


"အဆင်ပြေတယ်...အဆင်ပြေတယ်..."


ကျိလဲ့ယွီ ငြိမ်သက်သွားသည်။


စက်ကို ပါဝါပိတ်လိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်မှ အမုန်းတရားများ၊ ဒေါသများက တမုဟုတ်ချင်းငြိမ်သက်သွားခဲ့သည်။


ထို့နောက် အသိစိတ်ပြန်၀င်လာပြီး ဒေါသများနေရာတွင် မကျေနပ်မှုများ၊ နာကျည်းမှုများက အစားထိုး၀င်ရောက်လာလေသည်။


သူက လင်းဖေးကို တွန်းလိုက်သော်လည်း လင်းဖေးက သူ့ကို တင်းကြပ်စွာ ပွေ့ဖက်ထား၏။ 


ကျိလဲ့ယွီက တစ်ခုခုမှားနေသလို ခံစားလာရပြီး လင်းဖေးကို ကြည့်ကာ ဖြူကောင်သဖွယ် ဆူးချွန်များကို ထုတ်ပြလိုက်သည်။


"ဘာလို့ သူ့ကို လာရှာတာလဲ...ဘာလို့ ငါ့ကို မပြောခဲ့တာလဲ...ဘာလို့ ငါမရှိတုန်း သူ့ကို လာရှာရတာလဲ...မင်းက ငါ့ကို သူ့ကို သွား‌တွေ့ခွင့်မပေးပေမဲ့ မင်းကြတော့ တိတ်တိတ်လေး လာတွေ့တယ်ပေါ့...လင်းဖေး ငါ မင်းကို ဘာမှ ဖုံးကွယ်မထားဘူး...မင်းကလည်း ငါ့ကို ဘာမှ ဖုံးကွယ်လို့မရဘူး..."


လင်းဖေးက ကျိလဲ့ယွီ၏နီမြန်းနေသော မျက်လုံးများကို ကြည့်ကာ တစ်ဖက်လူခေါင်းကို ထိလိုက်သည်။


ကျိလဲ့ယွီက ခေါင်းကို လှည့်လိုက်ပြီး သူ့ကို ထိတွေ့ခွင့် မပေးခဲ့ပေ။


လင်းဖေးက ကူရာမဲ့စွာ ပါးကို နမ်းလိုက်သည်။


"လိမ္မာပါတယ်..."


သူက ကျိလဲ့ယွီခေါင်းကို ထပ်မံထိလိုက်သောအခါ ကျိလဲ့ယွီ‌ကိုယ်ပေါ်မှ ဆူးချွန်များက ပျောက်ကွယ်သွားပြီး မူလ အပြစ်ကင်းစင်သောပုံစံသို့ ပြန်ရောက်လာသည်။


ကျိလဲ့ယွီက နှုတ်ခမ်းကို ဖိထားပြီး ဘာမှပြန်မပြောပေ။


လင်းဖေးက ကျိလဲ့ယွီတည်ငြိမ်လာသည်ကို မြင်သောအခါ ရှင်းပြလိုက်သည်။


"ငါ သူ့ကို မေးခွန်းတစ်ခုမေးဖို့ လာတာ...ဒါပါပဲ...နောက်တစ်ကြိမ် ဒီလိုထပ်ဖြစ်တော့မှာ မဟုတ်ဘူး..."


သူက လိမ်လိုက်သည်။ သူက ကျိလဲ့ယွီမရှိသည့် အချိန်ကို တမင်ရွေးလာခဲ့ခြင်းဖြစ်လေသည်။ ကျိလဲ့ယွီ၏နှလုံးသားထဲရှိ ကျိယွီရှောင်နှင့်မိဘများအခြေအနေကို သူသိလေသည်။ ဖန်ရှင်းက ကျိလဲ့ယွီရှေ့တွင် သူ့မေးခွန်းကို ပြန်ဖြေခဲ့လျှင် ကျိလဲ့ယွီက သူ့ကိုယ်သူ မထိန်းချုပ်နိုင်စွာ အန္တရာယ်ရှိသည့်အရာတစ်ခုခု လုပ်မိပေမည်။


သူက ယင်းကို မလိုချင်သည့်အတွက် ကျိလဲ့ယွီ မသိအောင် တိတ်တိတ်လေး လာမေးခြင်းဖြစ်သည်။


ကံကောင်းစွာနှင့် ကျိလဲ့ယွီက သူ့စကားကို ယုံကြည်ခဲ့လေသည်။ 


အမှန်တွင် ကျိလဲ့ယွီက လင်းဖေး လိမ်ညာနေကြောင်း သိသော်လည်း လင်းဖေးကို ယုံကြည်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်၏။


ထိုစဥ် ခေါင်းလောင်းသံမြည်လာပြီး လင်းဖေးက ကျိလဲ့ယွီလက်ကို ကိုင်ကာ ပြောလိုက်သည်။


"သွားရအောင်..."


လင်းဖေးက ကျိလဲ့ယွီကို အောက်ထပ်သို့ ပြန်ခေါ်သွားပြီး အတူတူ စာသင်ခန်းထဲ ၀င်လိုက်သည်။


ကျိလဲ့ယွီ၏မျက်နှာက အမူအရာကင်းမဲ့နေပြီး တက်ကြွမှုမရှိချေ။


"ကိုကို သူ့ကို ဘာမေးတာလဲ..."


ကျိလဲ့ယွီက ရုတ်တရက် ထမေးလိုက်သည်။


"သူ့အဖေက မင်းမိဘတွေကို သတ်ခဲ့တာ ဟုတ်မဟုတ် မေးတာပါ..."


ကျိလဲ့ယွီ၏ခန္ဓာကိုယ်က တင်းမာလာလေသည်။


"သူ ဘာပြန်ပြောလဲ..."


"သူ ပြန်မဖြေရသေးခင် မင်းရောက်လာတာပဲ..."


ကျိလဲ့ယွီက စားပွဲကို မှီလိုက်ပြီး ခိုင်မာစွာ ပြောလိုက်သည်။


"သူပဲဖြစ်မယ်...မဟုတ်ရင် မဟုတ်ဘူးလို့ ပြန်ဖြေမှာပေါ့...ကိုကိုမေးတော့လည်း သူပြန်မဖြေဘူး... အတန်းဖော်‌တွေ မေးတော့လည်း သူပြန်မဖြေဘူး...အဲ့ဒါဟုတ်နေလို့ပေါ့..."


လင်းဖေးက ကျိလဲ့ယွီခေါင်းကို ထိလိုက်သည်။


ကျိလဲ့ယွီက လင်းဖေးလက်ကို ဆုပ်ကိုင်လိုက်ပြီး တစ်ခုခုကို တွေးမိသွားကာ မေးလိုက်သည်။


"သူက ကိုကို့ကို ထိဖို့ လုပ်နေတာလား...သူက ကိုကို့ကို ထိခဲ့‌သေးလား...ကိုကိုက သူ့ကို စကား ဘယ်နှခွန်း ပြောခဲ့တာလဲ...ကိုကို သူ့ကို ထိခဲ့မိသေးလား..."


လင်းဖေး :"..."


လင်းဖေးက ကျိလဲ့ယွီကို ကူရာမဲ့မှု ၃၀%၊ စိတ်ရှည်မှု ၅၀%၊ မသိကျိုးကျွန်ပြုမှု ၂၀%ဖြင့် ကြည့်လိုက်သည်။


"သူက ငါ့ကို မထိပါဘူး...ငါလည်း သူ့ကို မထိဘူး...ငါက သူ့ကို အဲ့လို ဟုတ်လား မဟုတ်လား မေးရုံပဲ..."


ကျိလဲ့ယွီ ကျေနပ်သွားသည်။ 


"သူနဲ့ စကားထပ်မပြောနဲ့တော့...ထိလည်း မထိနဲ့...သူက ကိုကို့ကို ထိတာဖြစ်စေ၊ ကိုကိုက သူ့ကို ထိတာဖြစ်စေ အဲ့လိုဖြစ်ရင် ကိုကို့လက်ကို ဖြတ်ပစ်မှာ..."


လင်းဖေး :"..."


လင်းဖေး သက်ပြင်းချလိုက်သည်။ 


သူက သူတို့ကျောင်းပြောင်းရမည်လား၊ ဖန်ရှင်းကိုပဲ ကျောင်းပြောင်းခိုင်းရမလား မသိတော့ပေ။ မဟုတ်လျှင် ကျိလဲ့ယွီ၏စိတ်ခံစားချက်များက ဖန်ရှင်းကိုတွေ့တိုင်း မတည်မငြိမ်ဖြစ်နေလေသည်။


"ကတိပေးလေ..."


ကျိလဲ့ယွီက လင်းဖေးထံမှ အဖြေကို မကြားရသောကြောင့် တိုက်တွန်းလိုက်သည်။


"သားကို ကတိပေး..."


"ဟုတ်ပါပြီ...ငါ အဲ့လိုလုပ်လိုက်မယ်..."


ကျိလဲ့ယွီက စိတ်သက်သာရာရသွားပြီး လင်းဖေးလက်ကို တစ်ခဏခန့် ထပ်မံဆွဲကိုင်ထားလိုက်သည်။ ထို့နောက် စာလုပ်ရန် ပြန်လွှတ်ပေးလိုက်ပြီး သူကမူ စားပွဲပေါ် မှောက်အိပ်နေလိုက်လေသည်။