အပိုင်း ၁၇၇(Extra)
Viewers 34k

Villain Shizun ( Extra 1 )



ဆယ်စုနှစ်ပေါင်းများစွာခန့်က များပြားလှသော မဟာနတ်ဆိုးဘုရင်များက စစ်တပ်ကြီးကိုဦးဆောင်ပြီး အရှေ့ပိုင်းကျတ်တီးမြေသို့ ရောက်လာကြသည်။ လောကနှစ်ခုဆုံသည့်နေရာမှ သူတို့အားလုံး ကျင့်ကြံရေးလောကကို မျှော်ကြည့်နေကြသည်။


အရှေ့ပိုင်းကျတ်တီးမြေကို ဓားဂိုဏ်းမှ စောင့်ကြပ်ကာကွယ်နေခြင်းဖြစ်သည်။ ထိုသတင်းကြားသည်နှင့် ဓားဂိုဏ်းက အင်အားများစေလွှတ်ပြီး နတ်ဆိုးမျိုးနွယ်၏ တိုက်ခိုက်မှုကို ခုခံရန် ပြင်ဆင်ရတော့သည်။


သို့ရာတွင် ဤတစ်ကြိမ်တွင်မူ နတ်ဆိုးများက အင်အားအမြောက်အများစုစည်းပြီး ရောက်ရှိလာခြင်းဖြစ်သောကြောင့် အသေးအဖွဲ့ကိစ္စ ဖြစ်မနေခဲ့ပေ။ အရှေ့ပိုင်းကျတ်တီးမြေသို့ ရောက်နေခဲ့သော ဓားဂိုဏ်းသားများက အပြင်းအထန်တိုက်ခိုက်ခဲ့ကြသော်လည်း ဆုံးရှုံးမှုများပြားပြီး အရှေ့ပိုင်းကျတ်တီးမြေတစ်ခုလုံးနီးပါးကို ဆုံးရှုံးလုဆဲဆဲ ဖြစ်ခဲ့သည်။


အခြေအနေက အလွန်အရေးကြီးလာသောကြောင့် ကျင့်ကြံရေးလောကရှိ အခြားသောအင်မော်တယ်ဂိုဏ်းများကလည်း လာရောက်ကူညီပြီး သူတို့ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များကိုစေလွှတ်ကာ နတ်ဆိုးမျိုးနွယ်ကို ကူညီတိုက်ခိုက်ပေးကြသည်။ 


နေ့လည်ခင်းအချိန်တွင် အေးစက်လှသည့် အပ်ပေါင်းထောင်ချီနှင့်တူသော မိုးများ တဖြောက်ဖြောက်ရွာသွန်းလာ၍ စစ်မြေပြင်တစ်ခုလုံး အေးစိမ့်လာသည်။


ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများစွာက စစ်မြေပြင်သို့ ရောက်ရှိနေပြီးဖြစ်သည်။


ထောင်နှင့်ချီသော ဓားဂိုဏ်းသားများက စစ်မြေပြင်၏ ဘယ်ဘက်ခြမ်းတွင် တိုက်ခိုက်နေကြစဉ် အခြားသောအင်မော်တယ်ဂိုဏ်းများစွာမှ လူများက ညာဘက်တွင် တိုက်ခိုက်နေပေသည်။ စစ်မြေပြင်၏အလယ်မှ လွတ်နေသည့်နေရာကိုမူ အခြားအင်မော်တယ်ဂိုဏ်းနှစ်ဂိုဏ်းအတွက် ပြင်ဆင်ထားရခြင်းဖြစ်သည်။


မိုးက တဖြောက်ဖြောက်ရွာသွန်းနေပြီး လေအေးက‌လည်း ဝေ့ဝဲတိုက်ခတ်နေ၍ ရာသီဥတုက ပိုပြီး အေးစိမ့်စိမ့်ဖြစ်လာသည်။ 


တပည့်ငယ်ရာပေါင်းများစွာက စခန်းချရာနေရာမှ ရင်ပြင်တွင် ရပ်နေကြသည်။ သူတို့အားလုံးက အသက် ၁၂နှစ် ၁၃နှစ်ထက် မပိုကြသော ကလေးများဖြစ်သည်။ သူတို့ရှေ့မှ တည်ငြိမ်လေးနက်နေကြသော ဆရာတူအစ်ကို အစ်မများနှင့်ယှဉ်ပါက ထိုတပည့်လေးများမှာ မရင့်ကျက်ကြသည့်ပုံပေါ်ပြီး တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။ သူတို့မျက်နှာများထက်စွာ စိတ်လှုပ်ရှားခြင်း၊ စိုးထိတ်ကြောက်လန့်ခြင်း စသည့် ကွဲပြားသောအမူအရာတို့ ရှိနေကြသည်။


" ငါကြားတာတော့ လွန်ခဲ့တဲ့ နေ့တစ်ဝက်လောက်က အကြီးအကဲလျှို့ အဖမ်းခံလိုက်ရတယ်တဲ့... အလောင်းကိုပြန်ရှာတွေ့တဲ့အချိန် အပိုင်းပိုင်းအစစဖြစ်နေပြီပြောတယ်... အဲ‌ဒီသားရဲက အသားစားသတ္တဝါမို့ အကြီးအကဲက သူနဲ့ မယှဉ်နိုင်ခဲ့ဘူးလို့ပြောတယ်... ငါသာဆိုရင်တော့ မတိုက်ခိုက်ဘဲ သေဖို့ပဲ စောင့်နေလိုက်တော့မှာ..."

စကားပြောလိုက်သည့် လူငယ်လေး၏လက်ထဲတွင် ‌ဓားကိုင်ထားပြီး သူ့မျက်နှာထက်တွင် ကြောက်ရွံ့ကာ စိတ်မသက်မသာဖြစ်နေသည့် အမူအရာမျိုးဖြစ်နေသည်။ သူ့မျက်လုံးများက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေပြီး သူတစ်ယောက်တည်း ကြောက်နေသည့်လူမဖြစ်စေရန်အတွက် သူ့စကားကိုသဘောတူမည့်လူကို လိုက်ရှာနေသည်။


သို့သော် သူ ရှာမတွေ့မီမှာပင် အရှေ့ဘက်မှ ဖဲဝတ်ရုံဝတ်ထားသော လူငယ်လေးတစ်ယောက်က နှာမှုတ်လိုက်ပြီး သူ့ဘက်ကိုလှည့်ကာ သရော်လိုက်သည်။

" စစ်ပွဲဖြစ်နေတာကွ... အခုက ကိုယ့်နာမည်ကို လူသိများပြီးကျော်ကြားအောင်လုပ်ဖို့ အချိန်ကောင်းပဲ... ငါကတော့ မင်းလိုမျိုး သူရဲဘောကြောင်တဲ့ကောင် မဖြစ်ချင်ပါဘူး..."

သူ့စကားဆုံးသည်နှင့် ဘေးနားမှလူများက သဘောတူသည့်အနေဖြင့် ချက်ချင်း ထောက်ခံလာကြသည်။


" ရွှယ်ချွမ် ပြောတာမှန်တယ်... ငါတို့လို အင်မော်တယ်ဂိုဏ်းကလူတွေက နတ်ဆိုးမျိုးနွယ်ကို ကြောက်နေလို့ဖြစ်မလား... ရှက်ဖို့ကောင်းလွန်းတယ်..."


" ရွှယ်ချွမ်ကတော့ ဂိုဏ်းရဲ့သခင်လေးဖြစ်သင့်ပါတယ် ... သူ့မှာ သခင်ငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားမျိုးရှိတယ်..."


" ‌နတ်ဆိုးမျိုးနွယ်နဲ့ ဒီစစ်ပွဲမှာ သခင်ငယ်လေးကတော့ နာမည်ကျော်ပြီး လူသိများလာတော့မှာပဲ... ကျင့်ကြံရေးလောက က ချင်းလင်ဂိုဏ်းရဲ့ဖန်ကျုံးချင်းမှာပဲ အံ့ဩစရာကောင်းတဲ့ အရည်အချင်းရှိတယ်ဆိုပြီး သိကြတာ... အခုကညငါတို့ဂိုဏ်းရဲ့ သခင်ငယ်လေး ရွှယ်ချွမ် နာမည်ကြီးလာဖို့အချိန်ပဲ..."


အားလုံးက တစ်ယောက်တစ်ခွန်းစီ ပြောနေကြသောကြောင့် အစောပိုင်း‌ကပြောလိုက်သော ချန်ယင်ဟူသောကောင်လေး၏မျက်နှာက ပြာတစ်လှည့်နီတစ်လှည့် ဖြစ်လာသည်။ ရွှယ်ချွမ်၏ကိုယ်ပေါ်မှ များပြားလှသည့် မှော်လက်နက်များကိုကြည့်ပြီး တိတ်တဆိတ် တံတွေးထွေးလိုက်ကာ သူ့ထံတွင်လည်း ဂိုဏ်းချုပ်ပေးထားသည့် ထိုလက်နက်များရှိပါက လေကြီးလေကျယ် ပြောနေနိုင်မည်ဟု တွေးလိုက်မိသည်။


ရွှယ်ချွမ်၏ဘေးနားမှလူများ၏ လှောင်ပြောင်မှုကို ခံရသောကြောင့် ချန်ယင် ဒေါသထွက်လာသည်။ ဘေးနားတစ်ဝိုက်ကိုကြည့်လိုက်သည့်အခါ သူ့ကိုဟာသလုပ်နေသူထဲတွင် မပါဝင်သည့်တစ်ယောက်ကို တွေ့လိုက်ရသည်။


" ဟေး ယွီဖူရှန့် ငါ့ကိုမှန်မှန်ပြောစမ်းပါ မင်း မကြောက်ဘူးလား..."


ယွီဖူရှန့်ဟုခေါ်သောတပည့်က သေသပ်ခံ့ညားသော အသွင်အပြင်ရှိသူတစ်ယောက်ဖြစ်သည်။


သူက ဆံပင်များကို သပ်သပ်ရပ်ရပ်စည်းနှောင်ထားပြီး မျက်လုံးကောင်းကောင်း နှာတံစင်းစင်းနှင့်ဖြစ်ကာ  မျက်နှာအစိတ်အပိုင်းများက လူကြီးတစ်ယောက်သဖွယ် မရင့်ကျက်လာသေးသော်လည်း ချောမောခံ့ညားသည့်သွင်ပြင်က စတင်ပြသလာပြီဖြစ်သည်။ သို့ရာတွင် သူက သူနှင့်မတော်သည့် အဝတ်အစားများကို ဝတ်ဆင်ထားရပြီး လက်ထဲတွင်လည်း အဆင့်နိမ့် ဝိညာဉ်ဓားတစ်ချောင်း ကိုင်ဆောင်ထားကာ ခန္ဓာကိုယ်ပေါ်တွင်လည်း ဝိညာဉ်စွမ်းအင်လုံးဝ ရှိမနေပေ။ သိုလှောင်အိတ်နှင့် အခြားသောမှော်လက်နက်များလည်း ရှိမနေ၍ အလွန်ဆင်းရဲသည့်ပုံစံ ဖြစ်နေသည်။


ဝတ်စားဆင်ယင်ပုံက ကျင့်ကြံဆင့်ကို ဖော်ပြနေသည်နှင့်တူ၍ သူက ဓားဂိုဏ်းတွင် အဆင့်အနိမ့်ဆုံးဖြစ်ပြီး မည်သူမဆို နင်းချေ၍ ရနိုင်သည်ဟု ဆိုလိုပေသည်။


ရုတ်တရက် အခေါ်ခံလိုက်ရသောကြောင့် ယွီဖူရှန့်က ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။

" ငါ နတ်ဆိုးတွေကို တစ်ခါမှတော့ မတိုက်ဖူးပါဘူး... ဒါပေမဲ့ ဆရာသင်ပေးထားတာတော့ ရက်စက်တဲ့နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတဲ့အချိန် ကိုယ့်စိတ်ထဲက ကြောက်နေမယ်ဆိုရင်တော့ အဲ့အချိန်တည်းက ရှုံးနေပြီတဲ့..."


၎င်းက ချန်ယင်ကြားလိုသည့်စကားမဟုတ်ပေ။ သူပြောလိုက်သည်များက တရားဟောနေသည်နှင့်ပင်တူ၍ သရော်လိုက်မိသည်။

" တခြလူတွေက အဲ့လိုပြောတယ်ဆိုရင်ထားပါတော့ ယွီဖူရှန့် မင်းက ဓားဂိုဏ်းကိုဝင်ခွင့်စာမေးပွဲမှာ နောက်ဆုံးဖြစ်ခဲ့တဲ့သူလေ... မင်းရဲ့ကျင့်ကြံဆင့်က နိမ့်လွန်းလို့ ဓားဂိုဏ်းကိုတောင် ဝင်ခွင့်ရရုံလေး ဖြစ်ခဲ့တာကို... ငါက ကြောက်တယ်ဆိုပေမယ့် နတ်ဆိုးတွေကို တိုက်ခိုက်နိုင်သေးတယ်... မင်းကတော့ မကြောက်တတ်ဘူးဆိုရင်တောင်မှ အရှုံးသမားပဲ... မင်း အနှေးနဲ့အမြန် နတ်ဆိုးသားရဲတွေရဲ့အစာ ဖြစ်သွားမှာ..."


ယွီဖူရှန့် မျက်လွှာချလိုက်မိပြီး သူ့အကြည့်များက ဓားပေါ်ရောက်သွားကာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်မိသည်။


သူ ဘာမှမပြောနိုင်ဘဲ ငြိမ်နေမိသည်။



ချန်ယင်က သူ့ပုံစံကိုကြည့်ပြီး ရွှယ်ချွမ်က သူကိုဆက်ဆံသည့်အတိုင်း ယွီဖူရှန့်ကိုလုပ်လိုက်မိသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် အေးစက်စွာဖြင့်နှာမှုတ်ပြီး ဆက်ပြောလာသည်။

" အကြီးအကဲဝူက ကြင်နာတတ်လို့ မင်းလို့ အသုံးမဝင်တဲ့တပည့်ကို လက်ခံထားတာ ‌ဒါပေမဲ့ မင်း ကိုယ့်ဘဝကိုယ်မေ့မနေနဲ့... အကြီးအကဲဝူရဲ့စကားတွေသုံးပြီး ငါတို့ကို မင်းရဲ့စွမ်းအားက်ု မကြွားနဲ့... နောက်တစ်ကြိမ် ဂိုဏ်းတွင်းပြိုင်ပွဲလုပ်ရင်တော့ အကြီးအကဲဝူက မင်းလိုကောင်မျိုးကို ဂိုဏ်းထဲ ဆက်မထားနိုင်လို့ ထုတ်ပစ်ရင် ထုတ်ပစ်တော့မှာ..."


ယွီဖူရှန့်၏မျက်နှာက ဖြူရော်သွားပြီး ဓားကိုင်ထားသောလက်က တုန်ယင်လာကာ သူ့အမူအရာက ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။


ဓားဂိုဏ်းသို့ဝင်ရောက်နိုင်သူတိုင်းက အလွန်အရည်အချင်းရှိကြသူများဖြစ်သော်လည်း သူက အခြားလူများနှင့် မတူချေ။ သူ့အစွမ်းအဆဖြင့် ဓားဂိုဏ်းသို့ ဝင်လာနိုင်ခြင်းကပင် ကံကောင်းလွန်းနေပြီဖြစ်ရာ အကြီးအကဲတစ်ယောက်၏ တပည့်ဖြစ်လာခြင်းကလည်း တစ်ဘဝလုံးစာ ကံကောင်းမှုကြီးဟု ဆိုနိုင်ပေသည်။


သို့သော် သူ ဂိုဏ်းတွင်လေ့ကျင့်လေ အခြားသောတပည့်များနှင့် သူ့အကြားမှ ကွာဟချက်က ကြီးမားလာလေဖြစ်သည်။ သူ နေ့နေ့ညည လေ့ကျင့်ပြီး အခြားလူများထက် ဆယ်ဆ အဆတစ်ရာမက ကြိုးစားသော်လည်း ဂိုဏ်းတွင်းမှ အကဲဖြတ်ပြိုင်ပွဲများတွင် သူ့အဆင့်က အောက်ဆုံး၌သာ ရှိနေသည်။


အကြီးအကဲဝူက သူ့ဆရာဖြစ်သည်။ သူက စည်းကမ်းတင်းကြပ်သည့် ဆရာတစ်ယောက် ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် နူးညံ့စွာ ဆက်ဆံတတ်သည်။ ကလေးဘဝမှစပြီး ယွီဖူရှန့်ကို ကြင်နာစွာ ဆက်ဆံသူက သူတစ်ယောက်တည်းသာ ရှိခဲ့သည်။ သူ့ဆရာကို အရှက်မကွဲလိုသည့်အပြင် တစ်နေ့တွင် သူ့မိဘများကဲ့သို့ သူ့ဆရာကပါ သူ့အားစွန့်ပစ်သွားမည်ကို စိုးထိတ်နေမိသည်။


ချန်ယင်ပြောလိုက်သည့် စကားလုံးတိုင်းက သူ့နှလုံးသားကို အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားနိုင်စေပေသည်။


ယွီဖူရှန့် ငြိမ်သက်နေပြီး သူ့လက်ထဲမှဓားကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လာသည်ဟု ခံစားလိုက်မှသာ ကြောင်အမ်းအမ်းဖြင့် ခေါင်းမော့ကြည့်လိုက်သည်။


သူ ကြည့်လိုက်သည့်အချိန်တွင် အဖြူရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ယောက်က စင်မြင့်ပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။


ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း‌မှ လူတိုင်း၏မျက်လုံးများက သူကဲ့သို့ပင် ဆွဲဆောင်ခံလိုက်ရပြီး ချင်းလင်ဂိုဏ်းချုပ်၏ဘေးတွင်ရပ်နေသော လူငယ်လေးကို လှမ်းကြည့်နေကြသည်။


မိုးရေစက်များ အဆက်မပြတ်ရွာသွန်းနေ၍ လူငယ်လေး၏ကိုယ်ပေါ်သို့ ရေစက်များ ကျနေသော်လည်း စိုစွတ်မသွားပေ။ သူ့ထံတွင် ကပိုကရိုဖြစ်နေသည့် အနက်ရောင်ဆံနွယ်နှင့် ရေခဲတမျှအေးစက်လှသည့် မျက်ဝန်းတစ်စုံရှိနေပြီး မည်သည့်အရာကိုမှ အရေးမစိုက်သည့်ပုံစံကို မိုင်ထောင်ချီအဝေးမှပင် တွေ့မြင်နိုင်ပေသည်။ သူ့မျက်ခုံးနှစ်ခုအကြားမှ အမှတ်ကလေးက လောင်ကျွမ်းနေသည့်မီးတောက်သဖွယ်ပင်။ 


အင်မော်တယ်ဂိုဏ်းသုံးခုမှ ခေါင်းဆောင်များအနားတွင် နေရသည်ဖြစ်၍ ထိုလူငယ်လေးက အဆင့်အတန်းမြင့်သူဖြစ်သည်ကို ပြသနေသည်။


တစ်ခဏတာအတွင်း စင်မြင့်အောက်ရှိ ဂိုဏ်းပေါင်းစုံမှ လူငယ်‌များက မနာလိုဖြစ်သည့် အမူအရာမျိုး ပြသလာပြီး ထိုလူငယ်လေးအကြောင်း စပြောကြတော့သည်။


ယွီဖူရှန့် အသိစိတ်ပြန်ကပ်လာသည့်အခါ ဘေးနားမှ ကြားလိုက်ရသည့် "ဖန်ကျုံးချင်း" ဟူသောနာမည်ကြောင့် အံ့ဩမှင်သက်သွားမိသည်။


ထို နာမည်က သူနှင့် အလွန်ရင်းနှီးနေသည်။ ဖန်ကျုံးချင်းက ချင်းလင်ဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်ပြီး အသက်အရွယ်က သူနှင့် မတိမ်းမယိမ်းဖြစ်သည်။ သူက ဝိညာဉ်အခြေတည်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီးသူဖြစ်၍ သုံးလောကကိုပါ တုန်လှုပ်စေခဲ့ပေသည်။ သူက ကျင့်ကြံရေးလောက၌ နှစ်‌တစ်ထောင်တွင် တစ်ကြိမ်မြင်တွေ့ရန်ပင် ခဲယဉ်းလှသည့် ပါရမီရှင်ဖြစ်ကြောင်း အားလုံးသိကြသည်။ သူ့ရှေ့တွင်မူ သက်တူရွယ်တူတိုင်းက တောက်ပနေသော လမင်းကြီးနှင့် မယှဉ်ပြိုင်နိုင်သည့် ပိုးစုန်းကြူးလေးများသဖွယ် ခံစားရပေမည်။

  

ယွီဖူရှန့် ခေါင်းထပ်မော့ကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် ရှက်ရွံ့သည်ဟု ခံစားလိုက်ရ၍ ခေါင်းပြန်ငုံ့လိုက်မိသည်။ သူ့ရင်ထဲတွင် ခံစားချက်ပေါင်းစုံနှင့်ပြည့်နေပြီး သူ့မျက်လုံးများက သူ့လက်တစ်ဖက်အပေါ်သို့ ရောက်သွားသည်။


သူ့လက်နှစ်ဖက်လုံးက အရွယ်နှင့်မလိုက်အောင် ကြမ်းတမ်းပြီး အသားမာများဖြင့်ပြည့်နှက်နေပေသည်။


အံ့ဩလောက်စရာကောင်းတဲ့ စွမ်းအားတဲ့လား... တကယ်လို့ ငါ့မှာသာ သူ့မှာရှိတဲ့စွမ်းအားရဲ့ တစ်ထောင်ပုံတစ်ပုံလောက် ရှိရင်ကို ဒီလိုအခက်အခဲတွေ ခံစားရမယ် မထင်ဘူး...


ယွီဖူရှန့်၏ရင်ထဲတွင် မနာလိုမှုများဖြင့် ပြည့်နေသည်။ ယခုအချိန်တွင်မူ ဖန်ကျုံးချင်းက သူ့အတွက် ကောင်းကင်ပေါ်မှ လမင်းကြီးနှင့်တူနေသည်။ တစ်နေ့တွင် ထိုလူ့အနားသို့ သူ ရောက်ရှိသွားနိုင်မည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးခဲ့မိပေ။


သို့ရာတွင် ကံတရားက ရံဖန်ရံခါတွင် သူ့ကို မျက်နှာသာပေးလာ၏။


🌸


Extra အရှေ့ပိုင်းတွေက ရှန်းလျိုရှန့်ရဲ့ဆရာ ဖန်ကျုံးချင်းနဲ့ ဓားဂိုဏ်းက ယဲ့ပင်းရန်တို့ရဲ့ဆရာ တာအိုဆရာသခင်ကျန့်ကျန်း(ယွီဖူရှန့်) တို့ရဲ့အကြောင်းပါ။


ယွီဖူရှန့်ကို မှတ်မိကြလား‌တော့မသိ ဖန်ကျုံးချင်းပျောက်သွားလို့ ဓားဂိုဏ်းမှာ ရှန်းလျိုရှန့်ရဲ့ဝိညာဥ်ကိုနှိပ်စက်ပြီး မေးတဲ့တစ်ယောက်ပါ 🥺