(16) စစ်ပွဲ
လင်ဝေ့ရှီးကပြုံးတယ်။ ကြည်လင်နေတဲ့သလင်းကျောက်တွေလို အဖြူရောင်ကျောက်စိမ်းကျားစေ့တွေကို လက်ချောင်းတွေထဲလှည့်ကစားနေရင်း မေးတယ် “ဘယ်လိုကစားရတာလဲ၊ ကျွန်မဖြင့် တစ်ခါမှမကြားဖူးပါဘူး”
ဘေးနားမှာခစားတဲ့အစေခံနင်ဖူက ပြန်ဖြေပါတယ် “ဒါက ကျွန်မတို့ကြင်ယာတော်သတ်မှတ်ထားတဲ့ နည်းလမ်းအသစ်ပါ၊ နယ်စားအိမ်တော်က သခင်လေးတွေ သခင်မလေးတွေ အရမ်းစိတ်ဝင်စားကြတာ”
လင်ဝေ့ရှီးက ပြုံးနေတုန်းပဲ။ ဘာမှပြန်မပြောဘူး။ လက်ထဲကကျားစေ့တွေကိုသာ ကြည့်နေပါတယ်။ ကျားစေ့တွေပေါ်ရောက်နေတဲ့ သူ့မျက်လုံးတွေကြောင့် ကောင်းရန်က ထပ်လောင်းပြောပြန်တယ် “ဒါက ကျွန်မရဲ့ခန်းဝင်ပစ္စည်းလေ၊ အဖြူအနက်ကျောက်စိမ်းနွေးခုံ၊ ကျောက်စိမ်းနွေးကနေလုပ်ထားတာ၊ ဘယ်အချိန်ကိုင်ကြည့် ကိုင်ကြည့် အလင်းပြန်ပြီးနွေးနေတာ၊ ခန္ဓာကိုယ်ကို ဥပဒ်မဖြစ်စေဘူး”
ကျောက်စိမ်းနွေးအကြောင်း လင်ဝေ့ရှီးလိုကျေးတောသူ မသိနိုင်ဘူးလို့ နင်ဖူကတွက်တယ်၊ ဒါကြောင့် အလျင်အမြန်ဝင်ပြောတယ် “လင်မိန်းကလေးက ဒီလိုကျောက်စိမ်းမျိုး မြင်ဖူးမှာမဟုတ်ဘူး၊ ဒါက သာမန်ကျောက်စိမ်းမဟုတ်ပါဘူး၊ မြို့တော်မှာတောင် အရမ်းရှာရခက်တာ ရောင်းတဲ့ဆိုင်လည်းမရှိဘူး၊ ဒါပေမယ့် ကြင်ယာတော်ရဲ့ခန်းဝင်ပစ္စည်းထဲမှာတော့ ဒါက သာမန်ပစ္စည်းတစ်ခုထက်ဘာမှမပိုဘူး”
“နင်ဖူ” ကောင်းရန်က နင်ဖူကိုခပ်ကြိတ်ကြိတ်ဆူတယ် “ခန်းဝင်ပစ္စည်းများတာက လူကြီးသူမတွေရဲ့အချစ်ကိုဖော်ပြတာ၊ ဒါတွေက အဘွားပေးသနားထားတဲ့ဟာတွေ၊ နင့်ပါးစပ်ထဲရောက်မှပဲ ဂုဏ်ပကာသနတွေဖြစ်ကုန်ပြီ” ကောင်းရန်က ပြောပြီး လင်ဝေ့ရှီးဆီ ရှက်ပြုံးလေးနဲ့ ခေါင်းညိတ်ပြတယ် “လင်မိန်းကလေး ရယ်စရာတွေဖြစ်ကုန်ပြီ၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့၊ တန်ဖိုးကြီးပစ္စည်းဖြစ်ရင်တောင် လက်တွေ့မသုံးဘူးဆိုရင် ဘယ်သူ့ဆီမှာထားထားအသုံးမဝင်ဘူးလေ၊ ဒါတွေထားပါ ကစားကြတာပေါ့”
လင်ဝေ့ရှီးက လက်ထဲကကျားစေ့တွေကိုကြည့်နေရင်း အဓိပ္ပါယ်ပြည့်ဝတဲ့အပြုံးကြီးကြီးတစ်ခုပေးပါတယ် “ကြင်ယာတော်က တကယ့်ကိုအစွဲမရှိဘူးနော်”
သူက တကယ့်ကိုပဲအစွဲမရှိတာလား…။ လွန်ခဲ့တဲ့တစ်နှစ်တုန်းကတော့ ဒါက လင်ဝေ့ရှီးရဲ့ပစ္စည်းတွေပါ။
သူ့ခန်းဝင်ပစ္စည်းတွေအကြောင်းကို ကောင်းရန်ရဲ့အစေခံက သူ့ကိုပြန်လာကြွားနေတယ်။ သိပ်ကိုရယ်စရာကောင်းတာပဲ၊ ရယ်စရာကောင်းလွန်းလို့ သွားတွေတောင်ယားတယ်။
သူသေဆုံးသွားပြီးနောက်မှာ သူ့ခန်းဝင်ပစ္စည်းတွေ နယ်စားအိမ်တော်ပြန်ရောက်သွားလိမ့်မယ်မှန်း သိပါတယ်။ ဒီအဖြစ်မှန်ကို နှလုံးသားထဲ ဖျစ်ညှစ်လက်ခံထားရပေမယ့် ရလဒ်ကို နဖူးတွေ့ဒူးတွေ့ကြုံလာတဲ့အချိန်မှာတော့ လက်မလွှတ်နိုင်သေးဘူး။ လင်ဝေ့ရှီးသဘောထားမကြီးနိုင်သေးပါဘူး။
ဒီကျားစေ့ခုံတင်မကဘူး၊ လင်ဝေ့ရှီးက မျက်လုံးပင့်ပြီး တစ်ပတ်လည်လိုက်ကြည့်တဲ့အခါ ဘေးနားက ရွှေထည်ငွေထည်အသုံးအဆောင်တွေ၊ ကြွေပန်းအိုးတွေ၊ ခင်းကျင်းထားတဲ့စန္ဒကူးသား ပရိဘောကတွေတောင်မှ သူ့စိတ်ထဲ ရင်းနှီးမှုရနေတယ်။
လင်ဝေ့ရှီးက ခပ်မြန်မြန်အကြည့်ရုတ်သိမ်းလိုက်ရတယ်။ နောက်တစ်ခါထပ်ကြည့်မိရင် ဒေါသပေါက်ကွဲလာမှာစိုးလို့လေ။ ဒါပေမယ့် ဆန့်ကျင်ဘက်ဖြစ်စွာပဲ လင်ဝေ့ရှီးရဲ့ယိုယွင်းလာတဲ့မျက်နှာကိုမြင်ပြီး ကောင်းရန်တွေးတာကတော့ ဒီတောသူမ သူ့စည်းစိမ်ချမ်းသာတွေမြင်ပြီး မနာလိုအားကျဖြစ်နေပြီပေါ့။ ကောင်းရန်က စိတ်ထဲမှာလှောင်ပြောင်နေတယ်။ ဒါပေမယ့် အပြင်ပန်းမှာတော့ ကျက်သရေရှိရှိပြုံးလိုက်ပြီး ပြောလေတယ် “နင်ဖူက အမြဲတမ်း ရှေ့နောက်မကြည့်ဘဲပြောတတ်တယ်၊ တစ်ခါတစ်ခါ သူ့ပါးစပ်ထဲက အဓိပ္ပါယ်မရှိတာတွေ ထွက်ထွက်လာသေးတာ၊ လင်မိန်းကလေး စိတ်ထဲမထားပါနဲ့၊ သူ့မှာမကောင်းတဲ့စိတ်မရှိပါဘူး”
“အစေခံက သူ့ပါးစပ်ကို သူမထိန်းချုပ်နိုင်ရင် အပြစ်ပေးခံရသင့်တယ်၊ ဘယ်လိုစကားပြောရမလဲ မသိသေးဘူးဆိုရင်တော့ ကျွန်ဈေးမှာသွားရောင်းလိုက်တော့” လင်ဝေ့ရှီးက နဂိုထဲက စိတ်ကြည်လင်နေတာမဟုတ်ဘူး၊ ဒါကို ကောင်းရန်စကားထပ်ကြားလိုက်ရတော့ ချက်ချင်းကိုပေါက်ကွဲတော့တယ်။ ကောင်းရန်ကိုစိတ်မရှည်လက်မရှည်ကြည့်ပြီး ပြောတယ်။ သူ့အသံကညင်သာပေမယ့် စကားလုံးတွေကတော့ ပြင်းထန်ပါတယ် “အစေခံကို ကောင်းကောင်းမသွန်သင်ထားဘဲ ဆင်ခြေတွေပဲလာပေးနေတယ်၊ ခွင့်လွှတ်ပေးစရာအကြောင်းမရှိဘူး၊ ခွေးက လူတွေကိုကိုက်ရင် ခွေးကိုထိန်းရမှာလေ လူတွေကိုနားချရမှာမဟုတ်ဘူး”
ဝမ်ရှင်းဆီက “ဖွီး” ဆိုတဲ့အသံထွက်လာတော့တာပဲ။ ဒါပေမယ့် တခြားသူတွေလှည့်ကြည့်ကြလို့ ချက်ချင်းကိုကျုံ့ဝင်သွားပြီး ခေါင်းငုံ့သွားတယ်။ ဒါတောင်မှ သူ့ပုခုံးတွေ တလှုပ်လှုပ်ဖြစ်နေတာ မြင်ရသေးတယ်။
ဝမ်ရှင်းကို အပြင်ကဝယ်လာခဲ့တာပါ။ ဒါကြောင့် သူက ပွဲကြီးပွဲကောင်းတွေ့ရင် ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်သေးဘူး။ သူက အိမ်တော်ကြီးတစ်ခုမှာ နှစ်ပေါင်းများစွာသင်ယူလာခဲ့တဲ့ ဝမ်ယွဲ့နဲ့မတူဘူး။ ဝမ်ယွဲ့က အတွေ့အကြုံများပြီး ဝမ်ရှင်းထက်ပိုတည်ငြိမ်တယ်။ ဝမ်ယွဲ့က အမှန်တကယ်ရယ်ချင်စိတ်ဖြစ်လာရင်တောင် ချုပ်တည်းထားနိုင်တယ်။
နင်ဖူက လင်ဝေ့ရှီးရဲ့စကားတွေမှာ အရှက်ရသွားတယ်။ နောက်ပြီး ဝမ်ရှင်းကလည်း ရယ်လေတော့ သူ့မျက်နှာချက်ချင်းနီလာတယ်။ နင်ဖူနဲ့အခြားခန်းဝင်အစေခံတွေက လင်ဝေ့ရှီးကို ဒေါသတကြီးစိုက်ကြည့်ကြတယ်။ ကောင်းရန်ကတော့ အစေခံတွေအများကြီးရှေ့ အပြစ်တင်ခံရလို့ မျက်နှာကို ဓါးနဲ့လှီးပစ်ချင်နေတယ်။
ထောင်မားမားနဲ့လူတချို့က လင်ဝေ့ရှီးကို မိုက်ကြည့်ကြည့်တယ်။ ကောင်းရန်ရဲ့အသံကတော့ အပြင်ပန်းချိုသာနေတုန်းပဲ “နင်ဖူက တဲ့တိုးပြောတတ်တာပါ၊ တစ်ချို့လူတွေလို အတွင်းတစ်မျိုးအပြင်တစ်မျိုးမဟုတ်ပါဘူး၊ ယုတ်မာတဲ့စိတ်လည်းမရှိဘူး၊ လင်မိန်းကလေး အထင်လွဲမှာစိုးပါတယ်”
“ကြင်ယာတော် ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ၊ ပြောထုတ်ရုံပဲ… ယုတ်မာတဲ့စိတ်မရှိပါဘူး အဲ့သလိုလား၊ ကျွန်မကလည်း တဲ့တိုးသမားပဲလေ၊ ဘာလဲ ကြင်ယာတော်က မကျေနပ်ဘူးလား၊ နောက်ပြီး ကြင်ယာတော်ရဲ့စကားထဲက အတွင်းတစ်မျိုးအပြင်တစ်မျိုးဆိုတာ ဘယ်သူ့ကိုပြောတာလဲ”
လင်ဝေ့ရှီးက ကောင်းရန်ရဲ့စကားကိုတောင် မစောင့်ဘူး၊ ရှူးရှူးရှဲရှဲဖြစ်လာရပြီ။ ဒီအချိန်မှာ ခြံဝင်းတစ်ခုလုံး ပုံမှန်မဟုတ်လောက်အောင် ငြိမ်သက်သွားတယ်။ လင်ဝေ့ရှီးက ခဏရပ်သွားပြီး ရုတ်တရက် စိတ်ထဲဒိတ်ခနဲဖြစ်သွားတယ်။
ကောင်းရန်.. ဒီမရိုးနိုင်တဲ့မိန်းမကတော့ အကွက်တွေထုတ်ပြလာပြန်ပြီပဲ…။ လင်ဝေ့ရှီးငယ်ငယ်ကတည်းက ဒီလိုမျိုးတွေ အများကြီးခံရဖူးတယ်။ တစ်ဖက်လူက ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောပြီး လင်ဝေ့ရှီးရဲ့ဒေါသကိုလာဆွပြီးမှ အူသလိုအသလို သူမဟုတ်သလို သနားကမားမျက်နှာပေးကလေး ပြန်ဖြစ်သွားတာလေ။ လူကြီးတွေ အစ်ကိုတွေမောင်တွေကလည်း ဒီလိုအချိန်မှကွက်တိ အနားကဖြတ်သွားတာပဲ…
လင်ဝေ့ရှီးက အသက်ရှုကျပ်သလိုဖြစ်လာပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။ ဒီအခါ မနီးမဝေးမှာမတ်တပ်ရပ်နေတဲ့ကုချန်ယောက်ကိုမြင်တယ်။ ပိုဆိုးတာက ကုချန်ယောက်ရှေ့မှာ ကုဟွေးရန့်ကြီးပါ ရောက်နေတာပဲ။
ဒီအချိန်မှာ ကောင်းရန်က မတ်တပ်ထရပ်လို့ပြီးပါပြီ။ သူက ကုဟွေးရန့်နဲ့ကုချန်ယောက်ကို ကြွကြွရွရွလေး ဂါရဝပြုတယ်။ ကောင်းရန်ရဲ့ပုံစံက သိမ်မွေ့နူးညံ့နေပေမယ့် လင်ဝေ့ရှီးမှာတော့ ဒေါသချောင်းချောင်းထွက်နေတဲ့ပုံစံဖြစ်နေတယ်။ ဆင်ခြင်တုံတရားမရှိ တစ်ဖက်လူရဲ့စိတ်ကောင်းစေတနာတွေကိုတောင် အထင်အမြင်လွဲနေတဲ့ ပုံစံမျိုးလေ…
လင်ဝေ့ရှီးက ဖာသိဖာသာထရပ်ပြီး ခပ်တောင့်တောင့်ဦးညွှတ်လိုက်လေတယ်။ သူ့နှလုံးသားထဲ ပေါက်ကွဲချင်လောက်အောင် ဒေါသထွက်နေတာပါ။ ကုချန်ယောက်ကတော့ မျက်မှောင်ကြီးကျုံ့ပြီး လင်ဝေ့ရှီးကို ဧည့်သည်မို့သည်းခံပေးနေရတယ်ဆိုတဲ့ မျက်နှာမျိုးဆင်မြန်းထားတယ်။
မတင်မကျဖြစ်နေတဲ့ကုချန်ယောက်နဲ့ယှဉ်ရင်တော့ ကုဟွေးရန့်ရဲ့မျက်နှာက ပိုပြီးတည်ငြိမ်တယ်။ သူဘာတွေတွေးနေလဲ ဘယ်သူမှမသိနိုင်ဘူး။ သူက လူတွေကိုဦးဆောင်ပြီး အနားကိုတိုးလာတယ်။ ဘေးနားကအစေခံတွေက လမ်းဖယ်ပေးပါတယ်။ လင်ဝေ့ရှီးနဲ့ကောင်းရန်တို့ ခေါင်းတွေကိုငုံ့ရင်း ခပ်တိုးတိုးအသံပြုလိုက်ကြတယ် “ဝမ်ရယ်”
ကုဟွေးရန့်က ကျားစေ့ခုံကိုတစ်ချက်ကြည့်တယ်။ ပြီးတော့ ပျော်တာလည်းမဟုတ်ဘူး၊ ဒေါသထွက်တာလည်းမဟုတ်ဘူး၊ သာမန်လေသံအတိုင်းပဲ စကားစတယ် “ကျားထိုးနေကြတာလား”
ကောင်းရန်က ဝင်ပြောဖို့စောင့်နေတာပါ “ဟုတ်ကဲ့ ချွေးမက အိမ်မှာ မောင်နှမတတွေနဲ့ကစားနေကျပါ၊ အခုလည်း လင်မိန်းကလေးကို နည်းအသစ်ပြောပြနေတာပါ၊ ဝမ်ရယ်နဲ့ဆက်ခံသူရောက်လာတာ မသိလိုက်ဘူး၊ ဝမ်ရယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
လင်ဝေ့ရှီးကတော့ အတွင်းကြိတ်ကျိန်ဆဲမိတာပဲ။ ဒီလိုမြင်ကွင်းတွေ ဘယ်လောက်များများမြင်ဖူးခဲ့လဲ သူမသိတော့ဘူး။ ကောင်းရန်က ကျားခုံအကြောင်းပြောပြီး ပြဿနာကိုဖုံးလိုက်လိမ့်မယ်၊ ရလဒ်ကတော့ အကြောင်းမရှိရန်ဖြစ်တဲ့၊ အကောင်းအဆိုးနားမလည်တဲ့ လင်ဝေ့ရှီးရဲ့အပြစ်ကပဲ ပိုပြီးခိုင်မာလာလိမ့်မှာ။
ကုဟွေးရန့်ရဲ့ပုံစံက ကောင်းရန်ရဲ့စကားတွေကို ယုံကြည်နေသလိုမျိုးမျက်နှာပေးနဲ့။ သူက ပြုံးပြီးထပ်မေးပြန်တယ် “သြော်… ကစားနည်းအသစ်ကို ငါကိုယ်တော်တောင်မသိဘူး၊ ဘယ်လိုကစားရတာလဲ”
ကောင်းရန်က ငါးတန်းစစ်တုရင်အကြောင်းကို နောက်တစ်ကြိမ်ထပ်ရှင်းပြနေတယ်။ ကုဟွေးရန့်က ပြုံးပြီးနားထောင်နေတာပေါ့။ သူ့ကြည့်ရတာ စိတ်ဝင်စားဟန်တူတယ် “ငါးခုတစ်တန်းတည်းရအောင် အရင်ဆုံးလုပ်နိုင်တဲ့လူကနိုင်တယ်ပေါ့၊ ဒီနည်းလမ်းကအသစ်ပဲ”
“အဖေ့ကို ရယ်မိစေပြီ” ကောင်းရန်က နှုတ်ခမ်းတွေကိုအုပ်ပြီး တခိခိရယ်ပါတယ်။ ထောင်မားမားကတော့ မနေနိုင် ချက်ချင်းကို ဝင်ပြောတယ် “ဝမ်ရယ် ဒီကစားနည်းကလေ.. ကျွန်မတို့သခင်မလေးကိုယ်တိုင် အသစ်တီထွင်ထားတာပါ”
ကုဟွေးရန့်ရဲ့မျက်ဝန်းထဲကအပြုံးတွေ ပိုပြီးနက်ရှိုင်းသွားတော့တယ် “ရှားမှရှားပဲ၊ မင်းတို့နှစ်ယောက် ကစားနေကြတာမလား၊ ဘာစောင့်နေကြတာလဲ ဆက်လုပ်ကြလေ”
ကောင်းရန်က ခေါင်းကိုအသာစောင်းပြီး လင်ဝေ့ရှီးကိုစူးစမ်းသလိုကြည့်တယ်။ လင်ဝေ့ရှီးက ဒေါသတွေကိုဗိုက်ထဲမြိုသိပ်ထားရတာ၊ မျက်ဝန်းတွေမီးဝင်းဝင်းတောက်နေပြီး အသံတောင် ချုပ်တည်းထားရတဲ့အသံမျိုး “လုပ်ဆိုလည်း လုပ်တာပေါ့၊ ရှုံးရင်တော့ အပြစ်လာမတင်နဲ့”
ဒါကိုကြားတော့ ကောင်းရန်တစ်ယောက် မျက်မှောင်ကျုံ့သွားပြီး ကုဟွေးရန့်နဲ့ကုချန်ယောက်ကို တောင်းပန်တဲ့အကြည့်လေးပေးလိုက်တယ်။ ပြီးတော့မှ လင်ဝေ့ရှီးကို အရင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
လင်ဝေ့ရှီးလည်း အေးစက်စက်မျက်နှာနဲ့ ဝင်ထိုင်လိုက်ပါရော။ ဒါကို ကုဟွေးရန့်မြင်တဲ့အချိန်မှာ သူ့မျက်ဝန်းထဲ မသိမသာပြုံးရိပ်ထင်သွားတယ်။
ကောင်းရန်က တောက်ပတဲ့အနက်ရောင်ကျားစေ့တစ်စေ့ကိုကိုင်ထားရင်း မျက်နှာချင်းဆိုင်ထိုင်တယ်။ သူက ဆိုတယ် “လင်မိန်းကလေးက ပထမဦးဆုံးကစားတာဆိုတော့ ကျွန်မက အခွင့်ပိုရသလိုဖြစ်နေပြီ၊ လင်မိန်းကလေးကို သုံးစေ့အကျောပေးပါ့မယ်”
“ရတယ် ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် တကယ်ကြီးပေးချင်တယ်ဆိုရင်တော့ လေးစေ့ပေးပါလား” လင်ဝေ့ရှီးက စိတ်အလိုမကျဘူး။ အသံတောင် ငရုတ်သီးစားမိသလိုလေသံနဲ့။ သူက ကောင်းရန်ရဲ့မျက်နှာကိုတည့်တည့်ကြည့်ပြီး မျက်ခုံးတွေချီကာ ပြောတော့တာပဲ “ဘာလဲ မပေးချင်ဘူးလား၊ ဒါဆိုလဲ လျှောက်မပြောနဲ့လေ၊ ပြောတဲ့လူက မပင်ပန်းပေမယ့် ကြားရတဲ့လူက ပင်ပန်းတယ်”
“လင်မိန်းကလေး” ကုချန်ယောက်က နောက်ထပ်နားထောင်နိုင်စွမ်းမရှိတော့ဘူး။ ဆက်လက်ရပ်ကြည့်မနေနိုင်တော့လို့ သတိပေးစကားတစ်ခွန်းထွက်လာတယ်။ ဒါပေမယ့် သူ့ရဲ့ဒီစကားလုံးက ပြဿနာအကြီးကြီးတစ်ခုကို လှုပ်နိုးလိုက်သလိုဖြစ်သွားလေရဲ့။ လင်ဝေ့ရှီးက သမင်လည်ပြန်လှည့်ကြည့်တယ်။ မျက်ဝန်းတွေထဲ မီးတောက်တွေအပြည့်ပါ “ဘာလို့ ရှင်က လာအော်နေရတာလဲ၊ ရှင့်ကိုပြောနေလို့လား”
စကားပြောနေချိန်မှာ လင်ဝေ့ရှီးရဲ့မျက်ဝန်းတွေက စူးရဲတောက်ပနေတယ်။ အားမာန်တွေအပြည့်နဲ့မျက်နှာလေးတစ်ခု၊ နူးညံ့တဲ့ခေါင်ရမ်းပန်းပွင့်လေးတစ်ပွင့် အသက်ဝင်လာသလိုပဲ။ သက်ရှိလူသားနဲ့တောင် မတူဘူး။ လှတဲ့လူကတော့ ဘယ်လိုနေနေ လှကိုလှတာပါပဲ။ အရွဲ့တိုက်စကားတွေ အတင်းကာရောပြောနေရင်တောင် တစ်ဖက်လူက ဒေါသမထွက်နိုင်ဘူး။ နောက်ပြီး လင်ဝေ့ရှီးမှာ အားပျော့တဲ့ကိုယ်ခန္ဓာလေးရှိသေးတယ်။ ဒီလိုမျိုးနူးညံ့လှပတဲ့မိန်းကလေးက ဒေါသတကြီးစိုက်ကြည့်နေပြီး ရန်လိုသယောင်ပြုနေရင်တောင် တစ်ဖက်လူရဲ့မျက်လုံးထဲမှာ ကြောင်ပေါက်လေးမာန်ဖီသလို မြင်နေရမှာဖြစ်ပါတယ်။
ကုချန်ယောက်က အသက်ရှုရပ်ပြီး ပြောစရာစကားမရှိဖြစ်သွားတယ်။ ကုဟွေးရန့်ကတော့ မျက်နှာထက်ကအပြုံးတွေကို မထိန်းချုပ်ထားဘူး၊ ခေါင်းငဲ့ကြည့်ပြီး ခပ်ပြုံးပြုံးပြောတယ် “ကျားကစားတာက အထက်တန်းလွှာလူတွေရဲ့အပြုအမူတစ်ခု၊ အလေ့အကျင့်ကောင်းတွေကို အာရုံစိုက်ရမယ်”
လင်ဝေ့ရှီးက ဒေါသတွေကို အတင်းသည်းခံချုပ်တည်းနေရတာပါ။ ဆန့်ကျင်ဘက်မှာ သိမ်သိမ်မွေ့မွေ့ထိုင်နေတဲ့ကောင်းရန်ကတော့ အလိုလိုနေရင်း ဘေးထွက်နေတဲ့လူဖြစ်သွားတယ်။ သူ့ကို ဘယ်သူမှစကားလာမပြောကြလို့ အလိုမကျဖြစ်ရတယ်။ ဒါက သူလိုချင်တဲ့ရလဒ်မဟုတ်ဘူး။ သူက လူတွေရဲ့အာရုံကိုသူ့ဘက်ပြန်ဆွဲဆောင်ဖို့ ခပ်မြန်မြန်လေး ပြောလိုက်တယ် “လင်မိန်းကလေး ကျွန်မအရင်ရွှေ့ပါရစေ၊ ကျွန်မကို အနိုင်ပေးရမယ်နော်”
ကောင်းရန်မှာ ယုံကြည်ချက်အပြည့်ရှိတယ်။ စစ်တုရင်က သူ့အားနည်းချက်ပေမယ့် ငါးတန်းစစ်တုရင်တို့ ကျားထိုးတာတို့ဆိုရင် ဒီလိုရှေးခေတ်လူတွေ သူ့ကိုယှဉ်ပြိုင်နိုင်ရိုးလား။ ယန့်ဝမ်နဲ့သူ့ယောင်္ကျားရှေ့မှာ အစွမ်းထုတ်ပြဖို့ သူရည်ရွယ်ထားပြီးသား။ ဘယ်သူက နှလုံးရည်နဲ့ပြီးပြည့်စုံတဲ့မမလေးလဲ… ဘယ်သူကမျက်နှာလေးလှပြီး ဦးနှောက်မရှိတဲ့ကောက်ရိုးအိတ်လဲ… လူတွေအကုန်လုံးကို ကွဲကွဲပြားပြားမြင်ရစေ့မယ်။
ကောင်းရန်က ကစားနေရင်း တစ်ဖက်မှာလည်း အတွေးထဲနစ်နေတယ်။ သူ့ရဲ့ကျားရွှေ့ဟန်လေးက ဘယ်လိုအနေအထားမှာကျက်သရေရှိလိမ့်မလဲ၊ မျက်ခုံးတန်းတွေကို ဘယ်လိုတွန့်ချိုးထားမယ်ဆိုရင် အာရုံစူးစိုက်နေတဲ့မိန်းမတစ်ယောက်ရဲ့အလှအပကို ပေါ်လွင်လိမ့်မလဲ၊ ဘယ်လိုရှုထောင့်ကကြည့်ရင် သူ့ကိုလှလှပပမြင်ကြရမလဲ…. ဒါတွေကို ကစားရင်းတစ်ဖက် အသေးစိတ်အာရုံစိုက်ရရှာတယ်။ ဒါပေမယ့် ဒီခဏမှာရုတ်တရက် လင်ဝေ့ရှီးက လက်ထဲကကျားစေ့တွေကို ခွက်ထဲပြန်ထည့်လိုက်တာကို မြင်လိုက်ရတယ်။
ကောင်းရန်က နည်းနည်းလေးတော့ မကျေမနပ်ဖြစ်သွားတယ်။ လင်ဝေ့ရှီး ဘာလုပ်တာပါလိမ့်ပေါ့။ “ဘာဖြစ်လို့လဲ”
ကုချန်ယောက်က မျက်မှောင်ကျုံ့ထားပြီး ဘာမှမပြောဘူး။ အဲဒိအစား ခပ်ပါးပါးပြုံးထားတဲ့ကုဟိုင်ရန်ကသာ ကျားခုံကိုဝေ့ဝဲကြည့်ပြီး ပြောလေတယ် “သူနိုင်သွားပြီ”
ဘာ သူနိုင်တယ်…မဟုတ်ကဟုတ်က… ကောင်းရန် လန့်ဖြန့်သွားလေရဲ့။ သူတို့က ငါးတန်းစစ်တုရင်ကစားနေတာလေ… ရှေးခေတ်လူတစ်ယောက်က နိုင်နိုင်လို့လား…
ကောင်းရန်က ကျားခုံကိုခပ်မြန်မြန်ကြည့်ပြီး တွေ့ရှိသွားတယ်။ ယန့်ဝမ်ပြောသလိုပဲ လင်ဝေ့ရှီးက ကျားစေ့ငါးစေ့ အရင်ဆုံးတန်းသွားပြီ။ အတွေးထဲနစ်နေတဲ့ကောင်းရန်ကသာ သတိမထားလိုက်မိတာပါ။
ဝမ်ယွဲ့နဲ့ဝမ်ရှင်းတို့က အနောက်ဖက်နေကြည့်နေကြတယ်။ နှစ်ယောက်သားက ဘာမှနားမလည်ပေးမယ့် ယန့်ဝမ်က သူတို့သခင်မလေးနိုင်ပြီလို့ပြောတာကြောင့် လွဲစရာမရှိမှန်း သိသွားကြတယ်။ ဝမ်ရှင်းကဆို ပျော်ပျော်ပါးပါး လက်ခုပ်လက်ဝါးထတီးတယ် “သခင်မလေးက အခုမှ ပထမဦးဆုံး စကစားတာတောင် ကစားနည်းတီထွင်ထားတဲ့ကြင်ယာတော်ကို နိုင်သွားတယ်၊ သခင်မလေး အရမ်းတော်တာပဲ”
ကောင်းရန်ရဲ့မျက်နှာ ချက်ချင်းဆိုသလို နီရဲတက်လာတယ်။ ကောင်းရန်က အသက်(၈)နှစ် ငါးတန်းစစ်တုရင် စတင်“တီထွင်”ခဲ့ကတည်းက ခပ်ညံ့ညံ့စည်းကမ်းတွေကိုအမှီပြုပြီး ဘယ်တော့မှမရှုံးနိမ့်ခဲ့ဖူးဘူး။ ဒီတစ်ကြိမ်ပဲ အမှုမဲ့အမှတ်မဲ့ဖြစ်ပြီး အရှက်ကွဲသွားတယ်။ သင်ခန်းစာရသွားတဲ့ကောင်းရန်က မလိုအပ်တဲ့အတွေးတွေကို ခပ်မြန်မြန်မောင်းထုတ်ပြီး ဒုတိယပွဲကို အင်တိုက်အားတိုက်ကြိုးစားလေတယ်။
ဒါပေမယ့်လည်း ဘယ်လောက်မှမကြာပါဘူး၊ ဒီတစ်ကြိမ်မှာလည်း ကောင်းရန်က ခပ်ကြာကြာတောင့်မခံနိုင်ဘဲ လင်ဝေ့ရှီးဆီအလွယ်တကူအရှုံးပေးလိုက်ရလေတယ်။
ကောင်းရန်တစ်ယောက် တကယ့်ကို ပါးစပ်အဟောင်းသားဖြစ်နေရပြီ။ သူက ဘေးနားကပရိသတ်တွေကို မချိပြုံးလေးပြုံးပြရင်း နဖူးပေါ်ကဆံမျှင်တွေကို သပ်တင်လိုက်တယ်။ ပြီးမှ ဆိုတယ် “လင်မိန်းကလေးက တကယ့်ကို ဉာဏ်ပညာနဲ့ပြည့်စုံပြီး သင်လွယ်တတ်လွယ်ရှိတာကိုး၊ ကျွန်မ သတိမမူမိဘဲဖြစ်သွားတယ် ခွင့်လွှတ်ပေးပါ၊ ရယ်စရာတွေဖြစ်ကုန်ပြီ”
ကောင်းရန်ရဲ့ဒီစကားက သူတမင်သက်သက်လျော့ပေးလို့ လင်ဝေ့ရှီးနိုင်တာလို့ မသိမသာအရိပ်အမြွက်ပြောပြနေတာ။ လင်ဝေ့ရှီးက ဒါကိုကြားပြီး စက်ဆုပ်စွာဟွန့်ခနဲလုပ်တယ်။ လင်ဝေ့ရှီးက ဘယ်သူမှ သူ့ကိုမကြည့်ဘူးထင်လို့ လုပ်ချင်လုပ်လိုက်တာ။ ဒါပေမယ့် ကုဟွေးရန့်ကြည့်နေတာကို ဘယ်သိလိုက်ပါ့မလဲ။
ကုဟွေးရန့်က ခေါင်းကိုစောင်းပြီး ခပ်အုပ်အုပ်ချောင်းဟန့်တယ်။ နှုတ်ခမ်းတွေကြားထဲမှာ အပြုံးပါးတစ်ခုကို သိုဝှက်ထားတယ်။ ကုချန်ယောက်ကလည်း လင်ဝေ့ရှီးရဲ့လှုပ်ရှားပုံသေးသေးလေးကို တွေ့ဖြစ်အောင်တွေ့လိုက်သေးတယ်။ နောက်ပြီး ယန့်ဝမ်ရဲ့အပြုံးကိုလည်း တွေ့လိုက်တယ်။ ကုချန်ယောက်က အံ့အားသင့်ရလို့ ပြောစရာတွေပျောက်ဆုံးသွားခဲ့တယ်။
ဒီခဏမှာ အကြောင်းရင်းတစ်ချို့ကြောင့်ပဲ သိမ်မွေ့ညင်သာတဲ့ခံစားချက်တစ်ခု ကုချန်ယောက်ရဲ့နှလုံးသားထဲ ရုတ်တရက်စီးဝင်လာခဲ့တယ်။
ကောင်းရန်က သူ့သိက္ခာတွေကို အတင်းကာရောစုစည်းပြီးနောက်မှာ ကိုယ်နေဟန်ထားကို တည့်မတ်အောင်ပြင်လိုက်ပြီး လင်ဝေ့ရှီးကိုပြောတယ် “ငါးပွဲကစား သုံးပွဲနိုင်ပါ လင်မိန်းကလေး၊ ကျေးဇူးပြုပြီး စလိုက်ပါ”
တတိယပွဲမှာတော့ အစတကည်းက မီးကုန်ယမ်းကုန်ဖြစ်နေတယ်။ ကောင်းရန်က အနိုင်ရရေး သည်းကြီးမဲကြီးဖြစ်နေပြီး လင်ဝေ့ရှီးကလည်း ပုံစံအဟာင်းကိုပြောင်းပြီး အလွန်တရာရန်လိုတိုက်ခိုက်လာတယ်၊ တိုက်စစ်ပဲရှိပြီး ခံစစ်မရှိဘူး။ အစပိုင်းမှာ ကောင်းရန်က လင်ဝေ့ရှီးရဲ့ဒေါသတကြီးရွှေ့ကွက်တွေကို အခွင့်ကောင်းယူပြီး နိုင်မလိုလိုဖြစ်သွားသေးတယ်။ ဒါပေမယ့် “တိုက်စစ်ကသာအကောင်းဆုံးခံစစ်” ဆိုတဲ့စကားကို မကြာမီမှာရှာဖွေတွေ့ရှိသွားပါတယ်။ သူက လင်ဝေ့ရှီးရဲ့ကျားစေ့တွေကို မထိန်းချုပ်နိုင်ဖြစ်လာတယ်၊ အခင်းအကျင်းက ဖရိုဖရဲဖြစ်လာပြီး နေရာအနှံ့လျှောက်ပြေးနေရတယ်။ လင်ဝေ့ရှီးက ချွင်းချက်မရှိ အနိုင်ရရှိသွားတယ်။
လင်ဝေ့ရှီးက အဖြူရောင်ကျားစေ့ကို ကျားခုံပေါ်တင်တယ်၊ အောင်နိုင်သူမျက်ဝန်းတွေနဲ့ ကောင်းရန်ကို ပြုံးပြတယ် “ငါးပွဲ သုံးပွဲနိုင်တယ် အားနာလိုက်တာ”
ကောင်းရန်က လင်ဝေ့ရှီးရဲ့စကားကိုနားမလည်ခင်ထိ ကြောင်တောင်တောင်ဖြစ်သွားသေးတယ်။ သူပြောတဲ့ “အားနာလိုက်တာ” ဆိုတာက ပွဲအစပိုင်းမှာ ကောင်းရန်ပြောခဲ့တဲ့ “ကျွန်မကို အနိုင်ပေးရမယ်နော်” ဆိုတဲ့စကားရဲ့အဖြေပဲ။
ကုန်းကောက်စရာမရှိအောင် အရှက်ခွဲခံရတယ်လို့ ကောင်းရန်ခံစားနေရတယ်။ ဒေါသလည်း ထွက်ရတယ်။ သူ့လိုဝိဉာဉ်ကူးပြောင်းလာတဲ့မိန်းမက ရှေးခေတ်မိန်းမတစ်ယောက်ကို ခေတ်သစ်ဂိမ်းပြိုင်ကစားရင်း ရှုံးနိမ့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ နောက်ပြီး သူနိုင်မယ်အထင်နဲ့ အစပိုင်းမှာ လေကြီးခဲ့သေးတယ်။ အခုတော့….. နှစ်ဘဝစာ နှစ်ပေါင်းများစွာအသက်ရှင်လာခဲ့ပြီးမှာ ပထမဦးဆုံးအကြိမ် မြေကြီးထဲတွင်းတူးပုန်းနေချင်တယ်ပြောရင် အပိုစကားမဟုတ်ပါဘူး။
အထူးသဖြင့်တော့ ကုဟွေးရန့်နဲ့ကုချန်ယောက်တို့နှစ်ယောက်လုံး ကြည့်နေတုန်းမှာဖြစ်ပါတယ်။ ကောင်းရန်က မတ်တပ်မရပ်နိုင်ဘဲ နေရာမှာ အိုးတိုးအန်းတန်းထိုင်နေတယ်။ ဒါကိုမြင်ပြီးမှာ သူ့အစေခံကပဲ အလိုက်တသိလှုပ်ရှားရတော့တယ် “နွေဦးက ချမ်းစိမ့်စိမ့်ဖြစ်နေတုန်းပဲ၊ ပြီးတော့ ဒီနေ့လေပြင်းတယ်၊ ကြင်ယာတော် အအေးများပတ်သွားသလား”
ကောင်းရန်က ဒါကိုကြားပြီး သူ့နဖူးသူ သူ့လက်နဲ့စမ်းကြည့်တယ် “ဟုတ်လိမ့်မယ်၊ ဒီမနက်အိပ်ရာထတော့ နည်းနည်းမူးနောက်နောက်ဖြစ်နေတာ၊ ဦးနှောက်တွေလည်း မကောင်းတော့ပါဘူး”
ဒါကိုမြင်တော့ ကုချန်ယောက်က ကောင်းရန်ရဲ့လက်မောင်းကို လာတွဲပြီး တွေးစစပြောလေတယ် “မအီမသာဖြစ်နေတယ်ဆိုရင် အမြန်ပြန်လိုက်လေ၊ ဥယျာဉ်ထဲမှာ လေတိုက်တယ်၊ နေမကောင်းဖြစ်မှာ သတိထားဦး”
ကောင်းရန်က ကုချန်ယောက်ကို ကျေနပ်ပီတိအပြုံးလေးပေးလိုက်တယ်။ နောက်တော့ ကုချန်ယောက်ရဲ့ဖေးမမှုနဲ့ လှုပ်လီလှုပ်လဲ့ထွက်သွားကြလေတယ်။ နူးညံ့သိမ်မွေ့ပြီး ရေလိုပျော့ပျောင်းတဲ့ကိုယ်ဟန်လေးနဲ့ပါ။
ခပ်ဖြည်းဖြည်းထရပ်၊ ဖေးမတွဲကူပေးရတဲ့အထိ ချက်ချင်းလက်ငင်းအားပြတ်သွားတဲ့ကောင်းရန်ကို လင်ဝေ့ရှီး စိုက်ကြည့်နေပါတယ်။ ကုဟွေးရန့်ကတော့ နေရာမှရပ်နေတုန်းပဲ၊ လင်ဝေ့ရှီးရဲ့မျက်နှာအမူအရာတွေကိုကြည့်နေပြီး ရယ်စရာတွေ့သလို ပြုံးစစမေးလာတယ် “မင်းရော ဘာဖြစ်သေးလဲ”
“ဘာမှမဖြစ်ပါဘူး” လင်ဝေ့ရှီးက တစ်လုံးချင်း ပီပီသသ လေးလံစွာပြန်ဖြေတယ် “လေကပြင်းတော့ ခေါင်းကိုက်ချင်သလိုဖြစ်လို့ပါ”
ဒီစကားကိုလှမ်းလှမ်းကနေကြားလိုက်တဲ့အချိန်မှာ ကုချန်ယောက် အဝေးကြီးမရောက်သေးဘူး။ ခဏကြာတော့ အနောက်ဖက်ကနေ သူ့အဖေရဲ့ကြည်လင်တဲ့ရယ်သံတစ်ခုကိုပါ ထပ်ကြားပြန်တယ်။ အသံကသိပ်ကိုတိုးညင်းပေမယ့် ရွှင်မြူးနေမှန်း သိပ်ကိုသိသာတယ် “ခေါင်းကိုက်တယ်ဆိုရင် မြန်မြန်ပြန်ပြီး အနားယူတော့လေ...ဟား…ဟား…”
……….