🍵Chapter 98
- သူမသွားနေစဉ် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်ကို သိလိုက်ရသည် (၂)
ဝမ်ရူကွေ့သည် ရဲစခန်းမှ ထွက်ခွာသွားပြီးနောက် စစ်တပ်ဝင်းထဲသို့ ပြန်လာခဲ့သည်။အဘိုးဝမ်မှ မြေးဖြစ်သူ ဖရိုဖရဲဖြစ်နေသည်ကို မြင်လိုက်ရပြီး ဦးစွာအဝတ်အစားသွားလဲရန်ပင် မပြောနိုင်တော့ချေ။
" ဒီလောက်ပင်ပန်းနေလည်း အိမ်ပြန်မလာဘဲ အခြေစိုက်စခန်းမှာပဲ နားရောပေါ့ "
ထိုအချိန်တွင် ဝမ်ရူကွေ့က သူ၏ ခရီးဆောင်အိတ်ကို ချလိုက်ပြီး ဩရှသော လေသံဖြင့် ပြောလာလေ၏။
" အဘိုး ... အဘိုးရဲ့အသိရဲဘော်တွေထဲမှာ ပညာရေးဌာနအတွင်းရေးမှူးရဲ့ သားတစ်ယောက် ရှိတယ်မလား ... "
ဝမ်ရူကွေ့၏ အက်ရှရှလေသံကိုကြားရသောအခါ အဘိုးဝမ်ခမျာ ပို၍ပင် စိတ်နှလုံးနာကျင်သွားလေသည်။
" ဘာလို့မေးတာလဲ ... မင်းအသံကရော ဘာဖြစ်သွားတာလဲ ... "
ထိုအခြင်းအရာကိုမြင်သော ဦးလေးဇုန်းသည်လည်း မီးဖိုချောင်ထဲကို အမြန်ပြေးသွားပြီး ပဲတီစိမ်းဟင်းချိုမချက်မီ ဆေးဖက်ဝင်လက်ဖက်ရည်ပြုလုပ်ရန် ပြင်ဆင်တော့လေသည်။
" ပညာရေးဌာန ညွှန်မှူး ကျန်းဟွာရုံက လာဘ်ယူပြီး အာဏာကို အလွဲသုံးစားလုပ်နေတယ်လို့ ကျွန်တော် သံသယရှိတယ် ... "
အဘိုးဝမ်မှာ ပို၍ပင် အံသြသွားတော့၏။
" မင်းမြို့က ထွက်သွားတာက တစ်ယောက်ယောက်ကို သွားခေါ်ပေးဖို့လို့ထင်နေတာ ... ပညာရေးဌာနကိစ္စက ဘယ်ကနေ ရုတ်တရက်ကြီး ပါလာတာလဲ ... "
ထိုအခါ ဝမ်ရူကွေ့က ဦးလေးဇုန်းပေးသော လက်ဖက်ရည်ကိုသောက်လိုက်ပြီး ပြန်လည်ဖြေကြားသည်။
" ကျွန်တော့်သူငယ်ချင်းရဲ့ မောင်လေး ညွှန်မှူးရဲ့မြေးနဲ့ စကားများလို့ ကျောင်းထုတ်ခံလိုက်ရတယ် ... "
အဘိုးဝမ်မှာ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာကို အနံ့ခံမိသွားသည်။
" ဘယ်က သူငယ်ချင်းလဲ ... ငါတို့နဲ့ သိလား ... "
" ဟင့်အင်း .... မ - မသိပါဘူး ... "
ဝမ်ရူကွေ့က နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်၍ ပြန်ဖြေလိုက်၏။
" မင်း လိမ်နေတာ ... ငယ်ငယ်ကတည်းက လိမ်ပြောရင် မင်းမျက်ခွံတွေက အမြဲဂနာမငြိမ်ဖြစ်နေတာကွ ...အဲဒီသူငယ်ချင်းက မြက်နုလေးမလား "
ဝမ်ရူကွေ့ "……"
" ငါသိပြီးသားကွ ... "
ဝမ်ရူကွေ့၏ တုံ့ပြန်မှုကို အကဲဖြတ်၍ အဘိုးဝမ်က အခြေအနေကို ကောင်းကောင်းနားလည်သွားသည်။
သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး " ဒါဆို မင်းအိမ်ပြန်လာတာ ငါ့ဆီလာလည်ဖို့ မဟုတ်ဘူးပေါ့ ... မြက်နုလေးအတွက် ကိစ္စတွေဖြေရှင်းပေးဖို့ ရောက်လာတာပေါ့ ဟုတ်သလား ... " ဟု ထေ့ငေါ့လိုက်သည်။
ဝမ်ရူကွေ့ "……"
အဘိုးဝမ်မှာ အလွန်စိတ်ခုသွားပြီး သူ၏မုတ်ဆိတ်မွေးက လေထဲတွင် ပျံဝဲသွားလေ၏။
" ကျေးဇူးမသိတတ်တဲ့အကောင် ... "
ဝမ်ရူကွေ့မှာ အိမ်ပြန်လာမိခြင်းက မှားလေပြီဟု ရုတ်တရက် ခံစားသွားရသည်။သို့သော်လည်း ကျန်းဟွာရုံ၏ ကိစ္စရပ်များကို ထုတ်ဖော်ရန်အတွက် အဘိုးဝမ်၏ အဆက်အသွယ်များကို လိုအပ်ပေသည်။
သုတေသီတစ်ဦးအနေဖြင့် သူစွမ်းဆောင်နိုင်သည်မျိုး များများစားစား မရှိချေ။
" ထားပါတော့ ... မင်းသိထားတာတွေလည်း ရှိတယ်ဆိုတော့ ဒီတစ်ခါတော့ ကျော်သွားပေးလိုက်မယ် ... ဘယ်လိုဖြစ်တာလဲ ပြောပြဦး ... "
အဘိုးဝမ်သည် ထိုအကြောင်းကို တစ်နည်းမဟုတ်တစ်နည်း သိသွားလိမ့်မည်ဖြစ်သောကြောင့် ဝမ်ရူကွေ့က ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြခဲ့လေ၏။
စကားအဆုံးတွင် အဘိုးဝမ်သည် အလွန် ဒေါကန်သွားပြီး မျက်နှာများပင် နီမြန်းလာသည်။သူက စားပွဲခုံအား လက်ဖြင့် ဘန်းခနဲ ဆောင့်ရိုက်လိုက်လေ၏။
" နိုင်ငံသားအတွက် အလုပ်မလုပ်တဲ့ အစိုးရ အရာရှိတစ်ယောက်က အိမ်ပြန်ပြီး ကန်စွန်းဥပဲ စိုက်နေသင့်တယ် ... အဲဒီ ကျန်းဟွာရုံက တစ်ခုခုပဲ ... ပညာရေးဌာနကလူတွေ ကန်းနေကြတာလား ... ဘာလို့ ဒီအတိုင်းလွှတ်ထားကြတာလဲ ... "
" သူ့အစ်ကိုနဲ့ မရီးက စစ်သူရဲကောင်းတွေလေ ...တိုင်းပြည်အတွက် အများကြီး အကျိုးပြုခဲ့ကြတယ်တဲ့ ... "
ဝမ်ရူကွေ့က ရှင်းပြလိုက်သည်။
ထို့ကြောင့်ပင် မည်သူကမှ ကျန်းဟွာရုံအား ပေါ့ပေါ့တန်တန် အရေးမယူရဲကြခြင်းဖြစ်သည်။ကျန်းဟွာရုံသည် စစ်သူရဲကောင်းများ၏ မိသားစုဝင်ဖြစ်ခြင်းကိုအသုံးချခဲ့ပြီး အာဏာရယူကာ ခရိုင်တစ်ခု၏ တော်လှန်ရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံရေး ဒီရေအလှည့်အပြောင်းဖြစ်လာသောအခါတွင် သူသည် အရှိန်အဟုန်မြှင့်၍ အာဏာကို အသုံးချကာ ပညာရေးဌာနသို့ ဝင်ရောက်ခဲ့ပြန်လေ၏။
ကျန်းဟွာရုံမှာ အကင်းပါးပြီး သူ့အား ဆန့်ကျင်သည့် အထောက်အထားများ စုနိုင်ရန် မလွယ်ကူပေ။
" စစ်သူရဲကောင်းများ" ဟူသော စကားကိုကြားလိုက်ရသောအခါတွင် အဘိုးဝမ်မှာ ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။
" သူလိုလူက 'စစ်သူရဲကောင်းတွေရဲ့ မိသားစုဝင်' ဆိုတဲ့ အသုံးအနှုန်းကို စော်ကားလိုက်တာပဲ ... "
" ထူးဆန်းတာတစ်ခု ရှိပါသေးတယ် ... စစ်သူရဲကောင်းကျန်းမှာ သမီးတစ်ယောက်နဲ့ သားတစ်ယောက်ရှိတယ် ...သူတို့ လင်မယားနှစ်ယောက်လုံးကျဆုံးပြီး နှစ်နှစ်ကြာတော့ သူတို့သားက သေသွားပြီး သမီးကတော့ ကျေးလက်ကို အပို့ခံလိုက်ရတယ် ... တွေးကြည့်လိုက်ရင် ကျန်းဟွာရုံ ရဲ့ သမီးအရင်းနှစ်ယောက်စလုံးက အစိုးရဌာနတွေမှာ ရာထူးကြီးပိုင်းတွေပဲ ... သူတို့ကိုကျ ကျေးလက်ကို မပို့ဘူး ... "
လွန်စွာပင် ထူးဆန်းလှသည်။
စူးရှသော အလင်းတန်းတစ်ခုက အဘိုးဝမ်၏ မျက်လုံးများထဲ၌ ဖြတ်ပြေးသွားလေ၏။
" အေး တစ်ခုခုတော့ တစ်ခုခုပဲ ... "
တစ်စုံတစ်ရာ လွဲချော်သွားသည်မျိုး ရှိမလာလျှင် ကောင်းလိမ့်မည်။မဟုတ်လျှင် စစ်သူရဲကောင်းများအတွက် အလွန်စိတ်ပျက်စရာဖြစ်လာနိုင်ပေ၏။
" ငါကြည့်ရှင်းလိုက်မယ် ...တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်မယ် ... မင်းကတော့ အေးဆေးပြန်နားပြီးတော့ နေမကောင်းတာကို အရင် သက်သာအောင်လုပ်ဦး ... "
" ဟုတ်ကဲ့ပါ "
ထိုအခါ ဝမ်ရူကွေ့က ခေါင်းညိတ်လျက် ပြန်ဖြေသည်။
သို့သော်လည်း ဝမ်ရူကွေ့ မှာ စစ်တပ်အိမ်ရာမှ ထွက်ခွာလာပြီးနောက် အခြေစိုက်စခန်းသို့ ပြန်မသွားခဲ့ဘဲ ထို့အစား ရဲစခန်းဆီသို့သာ ဦးတည်သွားခဲ့ပြန်သည်။
သူသည် ဖူကျန့်ယိထံမှ ထောက်ခံစာတစ်စောင်တောင်းပြီး စစ်သူရဲကောင်းနှစ်ဦး၏ ကျန်ရစ်ခဲ့သော သမီးဖြစ်သူ ကျန်းတန့်ဟုန်ကို ရှာဖွေရန် တုန်းဖုန်းအစည်းအရုံးသို့ ဦးတည်သွားခဲ့တော့လေ၏။
ဖူကျန့်ယိမှာ ဝမ်ရူကွေ့အားတစ်ယောက်တည်း မသွားစေချင်သောကြောင့် ခွင့်ယူကာ လမ်းခရီးတွင် အတူလိုက်ပါလာခဲ့သည်။
ထုံရွှယ်လူမှာမူ ဝမ်ရူကွေ့က သူမအတွက် စွမ်းဆောင်နေသည်များကို မသိရှိခဲ့ဘဲ နောက်တစ်နေ့တွင် အစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်ပြန်ဆင်းခဲ့လေသည်။
သူမ ဆိုင်သို့ပြန်ရောက်လာချိန်တွင် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့သည်ကို ထုံရွှယ်လူ သိလိုက်ရသည်။
စားဖိုမှူးမုန့်မှာ ယခင်ရက်များ၌ လက် ထိခိုက်ထားခဲ့လေ၏။
ထုံရွှယ်လူ အစိုးရပိုင်စားသောက်ဆိုင်သို့ ရောက်ရှိသွားသောအခါတွင် အသက် ၁၈-၁၉ဝန်းကျင် စားပွဲထိုးကောင်မလေးတစ်ဦး ရှိနှင့်နေပြီဖြစ်သည်။
သူမ၏ မျက်နှာမှာ သုန်မှုန်နေပြီး ဆံပင်နှစ်ဖက်ကို ကျစ်ဆံမြီးခွဲစည်းထားလေ၏။အရပ်ရှည်သည့်ထဲတွင် မပါသော်လည်း ထန်ရှောင်ယန်၏ ၅၀:၅၀ ခန္ဓာကိုယ်နှင့်ယှဉ်လျှင်တော့ အပုံကြီး သာလွန်သေးသည်။
ထုံရွှယ်လူက ထိုတစ်ယောက်ထံသို့ လှမ်းသွားပြီး " ရဲဘော် မုန့်ချင်းချင်းလားဟင် ... " ဟု ပြုံးရယ်လျက် မေးမြန်းလိုက်သည်။
သူမသည် ထုံရွှယ်လူ့နေရာတွင် ခတ္တအစားဝင်ပေးထားသော စားဖိုမှူးမုန့်၏တူမဖြစ်သူပင်။
မုန့်ချင်းချင်းသည်လည်း ထုံရွှယ်လူ့ကို ခပ်လှမ်းလှမ်းကတည်းက သတိထားမိသည်။
လူစည်ကားသောလမ်းပေါ်တွင် ထုံရွှယ်လူ သည် ပြောင်းဖူးပေါင်မုန့် ပေါင်းထားရာမှ ထွက်ပေါ်လာသော ရေနွေးငွေ့တန်းသကဲ့သို့ နူးညံ့ ဖြူဖွေးနေပြီး မျက်စိ ပဒဿဖြစ်စရာကောင်းလှသည်။ထိုတစ်ယောကသည် ထုံရွှယ်လူဖြစ်နေလိမ့်မည်ဟု မုန့်ချင်းချင်း ထင်မထားခဲ့ပေ။
" ရဲဘော်ထုံလား .... "
မုန့်ချင်းချင်းက အနည်းငယ် ရှက်ရွံ့နေသော ဟန်ပန်ဖြင့် မေးမြန်းလိုက်သည်။
မုန့်ချင်းချင်း၏ ပါးပြင်များ နီရဲလာသည်ကိုမြင်လိုက်ရသောအခါ ထုံရွှယ်လူတစ်ယောက် အံ့သြသွားမိသည်။
မည်သို့ပင်ဆိုပါစေ သူမက ခေါင်းညိတ်ပြလိုက်ကာ " ဟုတ်ပါတယ် ကျွန်မက ထုံရွှယ်လူပါ ... ရွှယ်လူလို့လည်း ခေါ်နိုင်ပါတယ် ... " ဟု ပြန်ဖြေလိုက်လေ၏။
ထိုအခါ မုန့်ချင်းချင်းက အံ့ဩနေဟန်ဖြင့် ထုံရွှယ်လူ့ကိုကြည့်ရင်း မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်ဖြစ်လာသည်။
" ရဲဘော်ထုံက အရမ်းလှတာပဲ ... တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ထိ လှတဲ့သူမျိုး မမြင်ဖူးဘူး ... "
ထို့ကြောင့်ပင် စိတ်ခံစားချက်ပြင်းထန်နေသည့် အကြည့်မျိုးဖြင့် စူးစိုက်ကြည့်နေခဲ့ခြင်းဖြစ်သလော။
ထုံရွှယ်လူ မည်သည်ကိုမှ ပြန်မပြောရသေးမီမှာပင် အနောက်မှ မြည်တွန်တောက်တီးသံတစ်သံ ထွက်ပေါ်လာသည်။
" ဟဲ့ ကပ်ဖားလျက်ဖားမ ... "
ထုံရွှယ်လူသည် မျက်လုံးများကို မှိတ်ချထားလိုက်တော့၏။မည်သူမှန်းသိရန် လှည့်ကြည့်နေစရာပင် မလိုချေ။
မုန့်ချင်းချင်းမှာ ပို၍ပင် နီရဲသွားပြီး " အစ်မ ရှောင်ယန် ... " ဟု ရှက်ကိုးရှက်ကန်းဖြင့်ဆိုလာခဲ့သည်။
ထိုအခါ ထန်ရှောင်ယန်က ခနဲ့သလို ရယ်မောပြပြီး စတင်ပြောဆိုတော့လေ၏။
" သူလည်း အလုပ်ပြန်စနေပြီ ... မြှောက်ပင့် မနေနဲ့တော့ ... ကိုယ့်အလုပ်ကိုယ်လုပ် ... "
မုန့်ချင်းချင်းသည် အလွန်ရှက်တတ်သော မိန်းကလေးဖြစ်သည်မှာ သိသာထင်ရှားသည်။ရုတ်တရက်ပင် သူမ၏ လည်ပင်းတစ်ခုလုံး နီရဲသွားပြီး နောက်ကျောပြင်မှာလည်း တုန်တက်သွားသည်။လက်ရှိအချိန်တွင် သူမသည် ဘောလုံးလေးတစ်လုံးသဖွယ် ခွေနေချင်ပုံရလေ၏။
ထုံရွှယ်လူက တစ်ဖက်သို့ လှည့်ပြီး ထန်ရှောင်ယန့်ကို စေ့စေ့ကြည့်လိုက်သည်။ယင်းနောက်တွင် သူမက ရုတ်တရက် နှာခေါင်းကို ဖုံးကာ ရွံရှာသောအကြည့်ဖြင့် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်တော့သည်။
"ဒီနေ့ သွားမတိုက်ဘူးလား ... "
ထိုအခါ ထန်ရှောင်ယန်က အနည်းငယ် အံ့အားသင့်သွားပြီး သူမ၏ လေးထောင့်မျက်နှာမှာလည်း နီရဲလာ၏။
" သွားမတိုက်တာက နင်လေ ... ငါက နေ့တိုင်း သွားတိုက်တယ် ... "
သို့သော်လည်း ထုံရွှယ်လူက အနောက်သို့ ခြေတစ်လှမ်းထပ်ဆုတ်လိုက်ပြီး " မဖြစ်နိုင်တာ ... သွားတိုက်လာရင် စကားပြောလိုက်တိုင်း ပါးစပ်ကြီးက ဘာလို့နံစော်နေတာလဲ ... " ဟု ဝေဖန်လိုက်လေ၏။
“……”
ထန်ရှောင်ယန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာများနီရဲလာပြီး ထုံရွှယ်လူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။
ထုံရွှယ်လူသည် ထန်ရှောင်ယန့်ကို စကားလုံးအနည်းငယ်ဖြင့်ပင် စိတ်အနှောက်အယှက်ပြုနိုင်သည်ကို မြင်လိုက်ရသောအခါ မုန့်ချင်းချင်း၏ မျက်ဝန်းများ က တောက်ပလာသည်။
သူမ၏ဦးလေးနှင့် ကောင်းဝေ့ဖျင်တို့နှစ်ဦးစလုံး ထုံရွှယ်လူ၏ လုပ်ရည်ကိုင်ရည်ကို သဘောကျကြသည်မှာ အံ့သြစရာမရှိပေ။ သူမသည် အစွမ်းအစရှိသူတစ်ဦးမှန်း သေချာသည်။
ယင်းပြင် သွက်သွက်လက်လက်ရှိပြီး ရုပ်ရည်လည်းချောမောလေ၏။
ထုံရွှယ်လူ့ကို သူမ အလွန်ပင် သဘောကျသွားပြီဖြစ်သည်။
ထုံရွှယ်လူမှာမူ စကားအနည်းငယ်ပြောလိုက်ရုံဖြင့် အမာခံပရိတ်သတ်တစ်ဦးရလာနိုင်ကြောင်းကို သိရှိပုံမပေါ်ချေ။
ခဏအကြာတွင် မန်နေဂျာလျှိူတုံချန် ရောက်လာပြီး သူမတို့အတွက် တံခါးဖွင့်ပေးခဲ့သည်။
ထို့နောက် စားဖိုမှူးမုန့်နှင့် ကောင်းဝေ့ဖျင် တို့လည်း အသီးသီးရောက်ရှိလာကြသည်။၎င်းတို့နောက်တွင် အသက် ၄၀ - ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးလည်း ပါလာသည်။
စားဖိုမှူးမုန့်မှာ လက်မောင်းထိခိုက်ဒဏ်ရာကြောင့် လည်ပင်းတွင် ညာဘက်လက်ကို တွဲလျားချည်ထားရလေ၏။ထိုအခြင်းအရာကို ဆိုင်ထဲသို့ ဝင်ဝင်ချင်းမှာပင် ထုံရွှယ်လူ သတိပြုမိခဲ့သည်။
စားဖိုမှူးမုန့်သည် လွန်ခဲ့သော ၂ ရက်ခန့်က အလုပ်မှ အိမ်အပြန်လမ်းတွင် စက်ဘီးလဲကာ ညာလက်မောင်းရိုးကျိုးသွားခဲ့သည်။ ဒဏ်ရာသက်သာရန် ၃ လ နှင့် လက်မောင်းအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန် ၆ လခန့် အချိန်ယူရမည်ဟု ဆရာဝန်က ဆိုခဲ့လေ၏။
ပြဿနာမှာ စားဖိုမှူးမုန့်သည် စားဖိုမှူးတစ်ဦးဖြစ်ပြီး ဘယ်သန်မဟုတ်ပေ။ညာလက်ကို အသုံးမပြုနိုင်ပါက အလုပ်လုပ်နိုင်မည်မဟုတ်ပါ။
စားပွဲထိုးအကူကို အစားထိုးရန် လွယ်ကူသော်လည်း စားဖိုမှူးတစ်ဦးဖြစ်ရန် အသိအမှတ်ပြုလက်မှတ် လိုအပ်သေးသည်။
ထို့ကြောင့်ပင် စားဖိုမှူးမုန့်သည် မနေ့ကတည်းက သူ၏ ခယ်မဖြစ်သူအား လူစားထိုးရန် ပြင်ဆင်ခဲ့လေ၏။
စားဖိုမှူးမုန့်၏ ဇနီးသည်မှာ လွန်ခဲ့သောနှစ်အနည်းငယ်က ဖျားနာ၍ ကွယ်လွန်သွားခဲ့ပြီး ၎င်း၏တစ်ဦးတည်းသောသားမှာ လူပျိုလူလွတ်ဖြစ်နေဆဲပင်။
သို့သော်လည်း သားဖြစ်သူမှာ ဝန်ထမ်းဖြစ်ပြီး ချက်နည်းပြုတ်နည်းကိုလည်း မသိနားမလည်သောကြောင့် လာမကူညီနိုင်ရှာပေ။
ရွေးချယ်စရာမရှိသော စားဖိုမှူးမုန့်သည် ခယ်မဖြစ်သူကိုသာ အကူအညီတောင်းခဲ့ရသည်။စားဖိုမှူးမုန့်၏ ခယ်မမှာ မုန့်ချင်းချင်း၏ မိခင်ပင်။
သူမသည် ချက်တတ်ပြုတ်တတ်သော်လည်း ကျေးလက်မှ အခြားအမျိုးသမီးကြီးများကဲ့သို့ပင်ဖြစ်ပြီး လုပ်ဆောင်ပုံက နည်းစနစ်မကျနပေ။
ဤလိုပုံစံဖြင့် အလုပ်မဖြစ်သည်မှာတော့ သေချာသည်။