အပိုင်း ၄၂
Viewers 10k

🍬Chapter 42

------------


နာရီလက်တံက သုညကို ရောက်သွားတဲ့အခါ၊ ရွှီလော့ယန်က ရိုးရိုးရှင်းရှင်း ဆုနှစ်ခုကိုသာတောင်းလိုက်၏။ ပထမဆုံးဆုတောင်းကတော့ ချီချန်အန်းတစ်ယောက် ကျန်းကျန်းမာမာနဲ့ နေမကောင်းဖြစ်ရတဲ့ ဝေဒနာကနေ ခံစားရတာ သက်သာစေဖို့ဖြစ်ပြီး ဒုတိယဆုတောင်းကတော့ သူ့အနေနဲ့ နှစ်သစ်မှာ ရုပ်ရှင်ကားကောင်းတွေ လက်ခံရပြီး သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေ တိုးတက်လာဖို့ပင်ဖြစ်သည်။


သူက အရမ်းလောဘကြီးမိသွားပြီး ဆုတောင်းပြည့်လာမယ့်အခွင့်အရေးတွေ နည်းသွားမှာစိုးတာကြောင့် သူ့ရဲ့ဆုတောင်းတွေဖြစ်တဲ့ 'ဆုလက်ခံရဖို့'နဲ့ 'နေ့တိုင်းအသားစားရဖို့' ဆိုတဲ့ ဆန္ဒနှစ်ခုကိုတော့ သူလက်လျှော့လိုက်သည်။


သူ့မျက်လုံးတွေမှိတ်ပြီး လက်အုပ်ချီဆုတောင်းနေသည်ကို ချီချန်အန်းမြင်တဲ့အခါ သူက အပြုံးလေးတစ်ခုဖြင့် မေးလာသည်။ 


"လော့ယန်၊ မင်းဘာဆုတွေတောင်းနေတာလဲ"


ဆုတောင်းက ပါးစပ်ဖွင့်ပြောလိုက်ရင် မပြည့်တော့ဘူးလို့ ရွှီလော့ယန်က ပြောတော့မည့်ဆဲဆဲ၊ ချီချန်အန်းက ကြီးမြတ်တဲ့နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ရိုးရိုးသာမာန်လူသားမဟုတ်ဘူးဆိုတာ သူကသတိရသွားသည်။ အဓိပ္ပာယ်မှာ သူက သူ့ကိုပြောပြလိုက်ရင်တောင်၊ ကောင်းကင်ရဲ့မြေကြီးရဲ့ နည်းဥပဒေသတွေနဲ့ ဆန့်ကျင်နေမည်မဟုတ်ပေ။ 


သို့နှင့် သူက အသံကိုနှိမ့်ကာ တိုးတိုးလေးပြောပြလိုက်သည်။ 


"ကျွန်တော်ရဲ့ပထမဆုံးဆုတောင်းက မင်းအနေနဲ့ နှစ်သစ်မှာ ပိုကျန်းမာလာပြီး နေ‌မကောင်းထပ်မဖြစ်ဖို့ ဒုတိယဆုတောင်းက နှစ်သစ်မှာ ကျွန်တော်ရဲ့သရုပ်ဆောင်အရည်အချင်းတွေ ပိုတိုးတက်လာပြီး ရိုက်ကူးဖို့ဇာတ်လမ်းကောင်းကောင်းလက်ခံရဖို့"


ပြောပြပြီးနောက် သူက ချီချန်အန်းကို စိတ်အားထက်သန်စွာကြည့်ကာ "အဲ့ဒီဆုတောင်းတွေ ပြည့်လာမယ်လို့ မင်းထင်လားဟင်" ဟုမေးလိုက်သည်။ 


ချီချန်အန်းက ရွှီလော့ယန်၏မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။ ရွှီလော့ယန်က သူ့ကျန်းမာရေးကို ပထမနေရာမှာထားပြီး ဆုတောင်းပေးမည်ဟု မမျှော်လင့်ထားမိပေ။


သူ့နှလုံးသား၏ခြောက်သွေ့နေသော မြေပြင်မှ စိမ့်စမ်းရေများ စီးဆင်းလာရသည်။ တစ်လက်မချင်း ကျယ်ပြန့်လာသည်မှာ မကြာမီ ပန်းတွေပွင့်လန်းလာတော့မည့်အလားပင်။


သို့သော် ချီချန်အန်း၏ တိတ်ဆိတ်နေသည့် ဆယ်စက္ကန့်မျှကို ကောင်းကင်နှင့်မြေကြီးရဲ့ နည်းဥပဒေသများကို အာရုံခံနေသည်ဟု ရွှီလော့ယန်က ပုံဖော်လိုက်ပြီး ဆက်၍မတိုက်တွန်းတော့ဘဲ သူ့အား မျှော်လင့်ချက်အပြည့်ဖြင့်သာ ကြည့်နေလိုက်သည်။


အချိန်တော်တော်ကြာပြီမှ ချီချန်အန်းက ခေါင်းငြိမ့်ကာ ညင်သာစွာဖြင့် "မင်းရဲ့ဆုတောင်းတွေ သေချာပေါက်ပြည့်လာမှာပါ" 


"ကောင်းလိုက်တာ" 


ရွှီလော့ယန်က နေရာမှာပင် ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ 


ထို့နောက် ချီချန်အန်း၏‌အနောက်ဘက်သို့သွားကာ သူ့ပခုံးပေါ်သို့လက်တင်ပြီး အားအနည်းငယ်ထည့်ကာ "နှစ်ဟောင်းက ကုန်ဆုံးသွားပြီ ကျွန်တော်ရဲ့ဆုတောင်းတွေကလည်း အာမခံချက်ရသွားပြီဆိုတော့ကာ...မစ္စတာချီ အခုက အိပ်ရာဝင်ရမယ့်အချိန်ပဲ"


ချီချန်အန်းက ပြုံးလျက်ဖြင့် သူ့အားတွန်းနေတာကို ခွင့်ပြုထားကာ လိုလိုလားလားနှင့် အရှေ့သို့လျှောက်သွားလိုက်သည်။ 


"ကောင်းပြီ မနက်ကျတွေ့မယ်" ဟုပြောပြီးနောက် ရွှီလော့ယန်အား ကြည့်ကာ "နျောင်နျောင်၊ ကောင်းသောညပါ"ဟု နှုတ်ဆက်စကားဆိုလိုက်၏။ 


"ကောင်းသောညပါ၊ မစ္စတာချီ".


အားလပ်ရက်များက အမြဲလိုလိုပင် တိုတောင်းပြီး လျှက်တပြက်အတွင်းပြီးဆုံးသွားလေ့ရှိသည်။ နစ်သစ်၏ပထမဆုံးရက်တွင် ရွှီလော့ယန်နှင့် ချီချန်အန်းတို့ နေ့လည်စာအတူတူစားပြီးနောက်၊ သူက လေယာဉ်ပေါ်အချိန်မီတက်ကာ၊ ကောင်းယွီ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်သို့ ညကိုးနာရီအချိန်၌ ရောက်ရှိသွားသည်။ သူ့ခရီးဆောင်အိတ်ကို ချလိုက်စဉ်မှာပဲ မနက်ဖြန်အတွက် ရိုက်ကူးရေးအစီအစဉ်များကို ဆွေးနွေးရန် ချူးဝေ့ထံသို့ ဆင့်ခေါ်ခံလိုက်ရသည်။


တံခါးခေါက်သံကိုကြားသည့်အခါ ချူးဝေ့က ရွှီလော့ယန်ကို မော့ကြည့်လိုက်သည်။ 


"မင်းရဲ့ နှစ်သစ်ကူးအကြိုနေ့က ပျော်ဖို့မှကောင်းခဲ့ရလား"


ရွှီလော့ယန်က သီချင်းတစ်ပုဒ်လောက် ညည်းချင်သည်အထိ စိတ်ခံစားချက်ကောင်းနေသော်လည်း သူက ထုတ်ဖော်ပြသခြင်းကို ရပ်တန့်လိုက်သည်။ 


"ဟုတ်ကဲ့ ကျွန်တော် တော်တော်လေးကို စိတ်ခံစားချက်ကောင်းနေတာ" 


သူက ချူးဝေ့ထံ စာအိတ်နီတစ်အိတ် ကမ်းပေးလိုက်ကာ "ဒါရိုက်တာ၊ ဒါက ခြောက်ရာခြောက်ဆယ့်ခြောက်ယွမ်တည်းပါ ကျွန်တော်တို့အဖွဲ့သားတွေ ရိုက်ကူးရေး ချောချောမွေ့မွေ့နဲ့လုပ်နိုင်ဖို့ ဆုတောင်းပါတယ်"


တန်ဖိုးမများသော်လည်း မည်သည့်အတွက်ပေးသည်ဟူသည့် အဓိပ္ပာယ်က ပို၍အရေးပါသောကြောင့် ချူးဝေ့က မငြင်းဆန်ပေ။ သူက စာအိတ်ကိုလှမ်းယူကာ တစ်နေရာသို့တင်ထားပြီး၊ ရွှီလော့ယန်အား ဇာတ်ညွှန်းတစ်ခု လှမ်းပေးလိုက်၏။ 


"ငါ အချက်အလက်တွေ နည်းနည်းလောက်ပြောင်းထားတယ် ပြန်ယူသွားပြီး ကြည့်ကြည့်လိုက် အကယ်၍မင်းက ဒါတော့မဟုတ်သေးဘူးလို့ထင်ရင်၊ မနက်ဖြန်ကျ ထပ်ပြောင်းဖို့ ငါတို့ဆွေးနွေးလို့ရတယ်"


ရွှီလော့ယန်က ခေါင်းညိတ်ကာ "ကောင်းပါပြီ ကျွန်တော်ပြန်သွားတဲ့အခါ၊ ဖတ်ကြည့်လိုက်ပါမယ်"


ချူးဝေ့က ရိုက်ကူးရေးလုပ်ရာတွင် အချိန်ဆွဲတတ်ကာ၊ ထူးဆန်းသည့်အကြံဉာဏ်များထွက်လာတတ်သော်လည်း ဇာတ်ကောင်များနှင့်ပတ်သက်လာသည့်အခါတွင် သူက အရင်ဆုံး သရုပ်ဆောင်များနှင့် ဆွေးနွေးတတ်လေ့ရှိသည်။


"ကောင်းပြီလေ အရင်ဆုံး မင်းကိုယ်မင်း ဂရုစိုက်ဖို့က အရေးကြီးတယ်" 


ချူးဝေ့က တွက်ချက်လိုက်ကာ "မင်းရဲ့ဇာတ်ဝင်ခန်းတွေက ဒီတစ်ပတ်အတွင်း ပြီးသွားမှာ နောက်ပိုင်းမှာ အပြိုင်ဇာတ်ဝင်ခန်းတွေ ပိုပြီး ပါလာလိမ့်မယ် မနက်ဖြန်ကျရင် သရုပ်ဆောင်တစ်ယောက်က ရိုက်ကွင်းမှာ လာပြီး မင်းရဲ့ တစ်ဝမ်းကွဲညီအကို ကျစ်ရှန် အဖြစ် သရုပ်ဆောင်လိမ့်မယ် သူလာတဲ့အခါကျ သူနဲ့ အခန်းနည်းနည်းလောက် အရင် လေ့ကျင့်လိုက် ကြည့်ရတာအဆင်ပြေရင် ငါတို့သူနဲ့ဆက်ရိုက်မယ် အဆင်မပြေရင်တော့ သူ့ကို လူစားလဲရမှာပဲ"


ရွှီလော့ယန်က ထိုစကားလုံးများ၌ပါသည့် တာဝန်က အတော်လေး လေးလံသလိုခံစားလိုက်ရ၏။ 


သို့နှင့်သူက ခေါင်းသာ ငြိမ့်ပြလိုက်ပြီး "ကျွန်တော် သေချာပေါက်၊ ကောင်းကောင်းသရုပ်ဆောင်မှာပါ ဒါရိုက်တာလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါဦး"


သို့သော် နောက်တစ်နေ့နံနက်တွင်တော့ ရွှီလော့ယန်က ရိုက်ကူးရေးအဖွဲ့ထဲရှိ သရုပ်ဆောင်အသစ်မှာ ရင်းနှီးနေသည့်မျက်နှာဖြစ်ကြောင်း တွေ့ရှိသွားရသည်။


"ရှားနန် မတွေ့တာကြာပြီ" 


သူက ဆံပင်တုနှင့် ဦးသျှောင်တို့ကို ဝတ်ဆင်ထားခြင်းကြောင့် လှုပ်ရှား၍မရနိုင်သည့်အတွက် ရွှီလော့ယန်က လက်ကိုသာ မြှောက်၍ဝှေ့ယမ်းကာ နှုတ်ဆက်ပြီး ရှားနန်အား မှန်ထဲကတဆင့် စကားပြောနေလေသည်။ 


"မနေ့က ဒါရိုက်တာချူးက ရိုက်ကူးရေးအဖွဲ့ထဲ လူသစ်တစ်ယောက်လာမယ်လို့ ပြောထားပေမယ့် မင်းဖြစ်နေမယ်လို့ မထင်ထားဘူး ဒီအကြောင်းလည်း ငါဘာသတင်းမှ မကြားမိလိုက်ဘူးလေ" 


"တကယ်ပဲ မတွေ့တာကြာပြီ" 


တူညီသည့်အသိုင်းအဝိုင်းတွင် ရှိနေသော်ငြား၊ သူနှင့် ရွှီလော့ယန်တို့က အလုပ်နေရာချင်း မတူညီသည့်အတွက် တစ်နှစ်နှင့်သုံးလအတွင်း တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်ကြပေ။ 


ရှားနန်က မတ်တပ်ရပ်ဆဲဖြစ်ကာ မှန်ထဲမှတစ်ဆင့် ရွှီလော့ယန်ကို ကြည့်နေပြီး "သေချာတဲ့ရလဒ်မထွက်မချင်း ငါ‌မပြောရဲဘူးလေ ငါ့မန်နေဂျာက မနေ့ကနေ့လည်လောက်ကမှ ဇာတ်ကောင်ကိုဆုံးဖြတ်လိုက်ပြီလို့ ပြောပြလာတာ ဒါနဲ့ငါလည်း အမြန် အဝတ်အစားတွေထုတ်ပြီး စိတ်လှုပ်ရှားနေပြီး ညဘက်လည်း အိပ်မပျော်တာနဲ့အတူတူ စောစောထွက်မယ့်လေယာဉ်နဲ့ လာခဲ့လိုက်တာ"


သူမပြောခဲ့သည်က ချူးဝေ့၏ရုပ်ရှင်သို့ ရွှီလော့ယန်သရုပ်ဆောင်ရန် အရွေးခံလိုက်ရပြီး မဆုံးဖြတ်ရသေးသည့်ဇာတ်ကောင်တစ်နေရာကျန်နေသေးတယ်ဟု သူကြားလိုက်ရသည့်အတွက် သူ့မန်နေဂျာအား တစ်ဖက်လူများနှင့် ဆက်သွယ်ရန် တွန်းအားပေးကာ အခက်အခဲပေါင်းများစွာဖြတ်ကျော်ပြီးကာမှ သူကဇာတ်ကောင်ကို အခိုင်အမာရခဲ့ကြောင်းကိုပင်။


သူက သူ့ကိုမမြင်တွေ့ရသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည့်အတွက် ရွှီလော့ယန်၏မျက်လုံးထဲတွင် သူကသူစိမ်းတစ်ယောက် ဖြစ်လာမည်အား စိုးရိမ်နေခဲ့သည်။


သူပြောတဲ့စကားကိုကြားသည့်အခါ စတိုင်လစ်ထန်ဖန်းက ရှားနန်အား တစ်ချက်ကြည့်လိုက်မိသည်။


ရွှီလော့ယန်က သိပ်ပြီး မစဉ်းစားမိချေ။ သူက သူငယ်ချင်းဟောင်းတစ်ယောက်ကို တွေ့ရတာက ကောင်းသည်ဟုသာ တွေးနေမိသည်။ 


သူကတစ်ချက် တွေးတောလိုက်ကာ "ငါ့အခြေအနေကလည်း အတူတူပါပဲ ငါ လေယာဉ်ပေါ်က‌ဆင်းဆင်းချင်း ဒီကိုတန်းလာခဲ့တာ ဒါရိုက်တာချူးဆီ ကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့အချိန်တောင်မရလိုက်ဘူး အဝတ်အစားတွေလဲပြီးတော့ ရိုက်ကူးရေးစလုပ်ရတာပဲ မင်း တစ်လုပ်လောက် စားသွားလေ ဒါရိုက်တာက ခဏနေရောက်လာတော့မှာ ပြီးတာနဲ့ငါတို့ တန်းပြီးရိုက်ကူးရေးစတော့မှာ"


ရွှီလော့ယန်က သူ့အားကြင်နာစွာနှင့် သတင်းပေးလာသည်။ ဒါရိုက်တာက အင်မတန်မှပင် အချိန်တိုတ်ိုအတွင်းခရီးရောက်စေချင်သည့်သူဖြစ်သည့်အတွက်၊ တစ်ယောက်ယောက်က ရိုက်ကူးရေးလုပ်နေစဉ် ဗိုက်မဆာချင်ပါက၊ သူတို့က ကြို၍စားထားရန်သာ တတ်နိုင်လေသည်။


ရှားနန်က သဘောပေါက်သွားကာ ရွှီလော့ယန်အား အကြိမ်အနည်းငယ်မျှကြည့်လိုက်ပြီးနောက် သူက အဝတ်အစားလဲခန်းထဲမှ ထွက်သွားလေသည်။


သူထွက်သွားပြီးမကြာမီပင် ကျန်းသုန့်က ‌ဖုန်းခေါ်လာသည်။


နေ့စဉ်လုပ်ငန်းဆောင်တာနှင့် အလုပ်ကိစ္စများပြောဆိုပြီးသွားသည့်အခါ၊ ရိုက်ကူးရေးအဖွဲ့ထဲ အသစ်ဝင်လာသည့်လူက ရှားနန်ဖြစ်ကြောင်း ရွှီလော့ယန်ပြောလာတာကို ကြားလိုက်ရသည်နှင့်ချက်ချင်း ကျန်းသုန့်၏စိတ်ထဲတွင် အချက်ပေးသံ တစ်ဒေါင်ဒေါင်မြည်သွားရသည်။ 


သူက ဘာမှမဖြစ်သလိုဟန်လုပ်ကာ မေးလိုက်၏။


"မင်း သူနဲ့တွေ့ပြီးပြီလား" 


"သေချာပေါက် တွေ့ပြီးပြီပေါ့ ရှားနန်က ခရီးဆောင်အိတ်ကိုတောင်မချဘဲ ကျွန်တော့်ကို တွေ့ဖို့ရောက်ချလာခဲ့တာလို့ပြောတယ် ကျွန်တော်လည်း သူက ရိုက်ကူးရေးအဖွဲ့ထဲရောက်လာတဲ့ လူသစ်လေးဖြစ်ပြီးတော့ ဒါရိုက်တာရဲ့ စိတ်နေစိတ်ထားကို မသိတာကြောင့် နည်းနည်းစိတ်မသက်မသာဖြစ်နေတယ်ထင်တယ် အရင်ကလည်း ကျွန်တော်တို့ ရသစုံရှိုးပွဲတစ်ခုမှာ အတူတူအလုပ်လုပ်ခဲ့ကြတာဆိုတော့ အသိအကျွမ်းတွေဖြစ်နေပြီလို့ပြောလို့ရတယ်လေ အဲ့ဒါကြောင့် သူကျွန်တော့်ဆီကိုပြေးလာပြီး အကြံဉာဏ်တောင်းတာနေမှာ အဲ့ဒါကို နားလည်နိုင်ပါတယ်လေ အဲ့ဒါကြောင့်လည်း ကျွန်တော်သူ့ကို နည်းနည်းလောက် အကြံပေးလိုက်သေးတယ်"


"..."


ထိုစကားကို ကြားသည့်အခါ ကျန်းသုန့်ဘယ်လို‌ပြန်ပြောရမယ်မှန်းပင် မသိတော့ပေ။


ထိုရှားနန်က ရွှီလော့ယန်အား နှစ်နှစ်မျှ ဇွဲမလျှော့ဘဲ လိုက်ခဲ့၏။ ယင်းက ချီးမွမ်းထိုက်သော ဇွဲပင်။ အခုကကျ ဘယ်လို အခြေအနေတုန်း။ သူက တစ်ကျော့ပြန်ပြီး ရွှီလော့ယန်ကို ထပ်လိုက်ဖို့ လုပ်နေတာလား။


ကျန်းသုန့်က သေချာပေါက်ပင် နားမလည်နိုင်တော့ပေ။ အကယ်၍များ ဤဇွဲလုံ့လအား သရုပ်ဆောင်သည့်အထဲထည့်လိုက်မည်ဆိုပါက ယခုအချိန်တွင် ရုပ်ရှင်ကြယ်ပွင့်ဆုတစ်ခုကိုပင် ရှားနန်ဆွတ်ခူး‌နိုင်မည်ဖြစ်သည်။ 


သူကဘာဖြစ်လို့ ရွှီလော့ယန်လို့ခေါ်တဲ့ သစ်ငုတ်တိုအနားမှာပဲ တစ်ဝဲလည်လည်ဖြစ်နေရတာလဲ။


ယခုလေးတင် ရွှီလော့ယန်ပြောသွားသည့်စကားများကို ပြန်ကြားယောင်မိသည့်အခါ၊ ကျန်းသုန့်မှာ နောက်ထပ်နှစ်တစ်ရာကြာသည်အထိ ရွှီလော့ယန်က တစ်ကိုယ်တော်ဘဝနှင့်ရှိနေဦးမည်ဟု တွေးလိုက်မိသည်။


ရွှီလော့ယန်ခန့်မှန်းထားသည့်အတိုင်း ချူးဝေ့က သူ့စတိုင်လစ်ကိုလွှတ်ကာ ရှားနန်အား ရောက်ရောက်ချင်း အဝတ်အစားလဲ၍မိတ်ကပ်လိမ်းစေသည်။


ရှားနန်၏အလုပ်လမ်းကြောင်းမှာ သိပ်မကျယ်ပြန့်ပေ။ သူ့ပုံပန်းသွင်ပြင်နှင့် စိတ်နေစိတ်ထားမှာ ရှေးဟောင်းအဝတ်အစားနှင့် ဂုဏ်သရေရှိလူကြီးလူကောင်းတစ်ဦးဘက်သို့ ပို၍လိုက်ဖက်လေသည်။ သူက အခြားမတူသည့် ဇာတ်ကောင်အမျိုးမျိုးကို ကြိုးစားသရုပ်ဆောင်ဖူးသော်လည်း ထိုဇာတ်ကောင်များအားလုံးက အသိအမှတ်ပြုမခံရပေ။ သို့နှင့်သူက ရုန်းကန်နေရာမှ ရပ်တန့်လိုက်လေသည်။ 


ဘယ်လိုပဲဖြစ်ဖြစ် သူကပိုက်ဆံရနေတာပဲလေ။ 


ထပ်ပြီးတော့ ထိုကဲ့သို့သော ဇာတ်ကောင်များက ပို၍လူကြိုက်များလေသည်။


ယခုအကြိမ်တွင် သူက နူးညံ့သိမ်မွေ့ကာ လက်ဖွာတတ်သည့် ကျစ်ရှန်၏ဇာတ်ကောင်တွင် သရုပ်ဆောင်ခြင်းပင်။ သို့သော် ထိုဇာတ်ကောင်က ဆုံးဖြတ်ချက်မပြတ်မသားနှင့်တစ်ခါတစ်ရံ သူရဲဘောကြောင်တတ်ကာ ပြဿနာများကြုံရပါက နောက်ဆုတ်သွားလေ့ရှိသည်။


ချူးဝေ့က ခေတ်ဟောင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် ရှားနန်ကို ကြည့်ကာ၊ ထိုအဝတ်အစားက သူ့အား ရွှီလော့ယန်ကဲ့သို့ အံ့ဩဘနန်းဖြစ်ရလောက်သည့် ခံစားချက်ကို မပေးစွမ်းသော်လည်း တော်တော်လေးအဆင်ပြေသည့်အထဲတွင်ရှိနေသည့်အတွက် သူက လက်ဟန်ပြကာ ရွှီလော့ယန်အား ပြောလိုက်သည်။ 


"ကျစ်ချူး။ အဲ့ဒီဘက်ကိုသွားပြီးတော့ ဘယ်လိုနေလဲစမ်းကြည့်ရအောင် နည်းနည်းလောက် သရုပ်ဆောင်ပေးပါလား"


ရှီလော့ယန်က ခေါင်းညိတ်ကာ သူ့ထံလျှောက်သွားလိုက်ပြီး ကင်မရာကိုကျောပေးကာ တိုးတိုးလေး ပြောလိုက်သည်။


 "မင်း စာသားတွေသေချာမှတ်မိတဲ့ အခန်းကို ပြော"


_____



Translated By IQ-Team.