အပိုင်း ၃၈
Viewers 10k

🍬Chapter 38

------------



ချီချန်အန်းက ထိုစကားလုံးများကိုကြည့်ကာ ဖြည်းဖြည်းချင်း ရယ်မောလိုက်မိသည်။


ချီချန်အန်း : အင်း...နှင်းတွေကျနေတယ်//@ရွှီလော့ယန် : လော့ယန်မှာ နှင်းကျနေတယ် ချန်အန်း မင်းကရော @ချီချန်အန်း


သူ့နှလုံးသားထဲ နှင်းများသည်းထန်စွာ ကျဆင်းနေပေသည်။


သို့နှင့် လျန်ချိုးရောက်လာသည့်အခါ သူက လွန်ခဲ့သည့်ရက်များနှင့်ယှဉ်လျှင် ချီချန်အန်းက သိသိသာသာ စိတ်အခြေအနေကောင်းနေတာကို သတိထားမိလိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူက ကုတင်နံဘေးတွင်ရပ်ကာ အရေးကြီးကိစ္စရပ်များကို အစဉ်တိုင်း အစီရင်ခံတော့သည်။


"သခင်လေးချန်ယင်းက ဒီနေ့နေ့လည်က ဖုန်းခေါ်လာပြီး နောက်သုံးရက်အကြာမှာ ဘီမြို့မှာပြုလုပ်မယ့် ဘုတ်ဒါရိုက်တာတွေရဲ့အစည်းအဝေးကို ကြီးကြပ်နိုင်မလားလို့ မေးလာပါတယ် အချက်အလက်တွေအကုန် အဆင်သင့်ပါပဲ သွားမယ်ဆိုရင် ကျွန်တော်ပါလိုက်ပြီး အဖော်ပြုပေးပါမယ်"


ကုတင်ပေါ်ကျောမီထိုင်ကာ မျက်ဝန်းများမှိတ်လျက်အနားယူနေရင်း ချီချန်အန်းက ညင်ညင်သာသာခေါင်းငြိတ်ပြလိုက်သည်။


"ငါသူ့ကို ကူပြီးစောင့်ကြည့်ပေးထားမယ်လို့ အကိုကြီးကိုပြောလိုက်။"


"ဟုတ်ကဲ့" လျန်ချိုးက ထပ်ပြီးပြောလာသည်။


"ဒုတိယက ရုပ်ရှင်အကြောင်းပါ သခင်လေးဆီမှာ ရုပ်ရှင်အသစ်တစ်ခုခု ထပ်ရိုက်ဖို့အတွက် အစီအစဉ်ရှိလား စတူဒီယိုကဇာတ်ညွှန်းတွေ ပို့ထားပေးပါတယ်"


"အခုချိန်တော့ မရိုက်သေးဘူး 'အကျွင်းမဲ့အားထုတ်ခြင်း' ကိုထုတ်လွှင့်ပြီးတဲ့အထိ စောင့်ကြရအောင်"


"ကောင်းပါပြီ" 


လျန်ချိုးက ခေါင်းငြိမ့်ကာ ဆက်၍ပြောရန်ပြင်စဉ် ချီချန်အန်းကပြောတာကို ကြားလိုက်ရသည်။ 


"ချူးဝေ့ကိုဖုန်းခေါ်ပြီး လော့ယန်ရဲ့ကြက်ခြေထောက်ကို မဖွက်ထားနဲ့လို့ သူ့ကို ပြောလိုက် အကယ်၍သူ ပိုက်ဆံပြတ်နေတယ်ဆိုရင်လည်း ရန်ပုံငွေကွာခြားချက်ကိုဖြည့်ဖို့ ငါ့ဘက်က ရန်ပုံငွေထည့်ပေးမယ်လို့ပြောလိုက်"


လျန်ချိုးက ချက်ချင်း သဘောတူလိုက်ပြီး စကားလမ်းကြောင်းက ဘယ်လိုဖြစ်လို့ရုတ်တရက်ကြီး ဒီဘက်ကိုရောက်သွားလဲမသိပေမယ့် သူကမြန်မြန်ဆန်ဆန်ပင် ပြောလိုက်သည်။ 


"ကောင်းပါပြီ သခင်လေးချီ ကျွန်တော် ချူးဝေ့ကို ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်"


နှင်းများက ငါးရက်ဆက်တိုက် ကျဆင်းနေပြီး ပွဲကြည့်စင်များနှင့် အဆောက်အဦးများအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ လူများအား လမ်းတစ်လျှောက်လျှောက်သွားစဉ် အချိန်နောက်ပြန်ခရီးသွားနေရသကဲ့သို့ ခံစားချက်ကို ပေးစွမ်းလေသည်။ လက်ထောက်ဒါရိုက်တာက နှင်းများကြားရိုက်ကူးရမည့် အခန်းများအားလုံးကို စာရင်းထုတ်ကာ ချူးဝေ့မည်သည့်အခန်းရိုက်မည်ကို စောင့်နေသဖြင့် ရိုက်ကူးရေးတစ်ဖွဲ့လုံးအလုပ်များရှုပ်နေကြသည်။ 


တခြားမည်သည့်အရောင်မှ မရောယှက်ပါဘဲ အဖြူရောင်မြေခွေးအမွှေးဝတ်ရုံသီးသန့်ကိုသာ ရစ်ပတ်လွှမ်းခြုံထားသည့် ရွှီလော့ယန်မှာ မော်နီတာ၏အနောက်တွင် ရပ်နေပြီး ရိုက်ကူးပြီးစီးသွားသည့်အခန်းများအား ချူးဝေ့နှင့် ဆွေးနွေးနေခဲ့၏။


"မင်းက ကျစ်ချူးပဲ အခုလေးတင်ရိုက်လိုက်တဲ့အခန်းကို မင်းဘယ်လိုမျိုး သရုပ်ဆောင်သင့်တယ်လို့ ထင်လဲ" ချူးဝေ့က အေးစက်စွာ မေးလာသည်။ 


သူသည်လည်း ဝိတ်အလွန်ကျသွားကာသူ့အားရစ်ပတ်ထားသည့် အမည်းရောင်ကုတ်အင်္ကျီရှည်သည်ပင် အနည်းငယ်ချောင်နေလေသည်။ သို့သော်လည်း ရွှီလော့ယန်က ထိုသူ၏စကားပြောဆိုပုံနှင့် ကျင့်သားရနေပြီဖြစ်၍ အေးအေးဆေးဆေးပင် ဖရုံစေ့လက်တဆုပ်စာကို ထိုသူ့အား ကမ်းပေးလိုက်၏။


ချူးဝေ့က နှစ်စက္ကန့်လောက် စဉ်းစားလိုက်ပြီး လက်လှမ်းကာ ဖရုံစေ့များကို လက်ခံလိုက်ပြီး ရွှီလော့ယန်နှင့်အတူ တခွပ်ခွပ်နှင့် ဖရုံစေ့များ စားနေတော့သည်။


"ဒီအခန်းမှာ တော်ဝင်ကြင်ယာတော် ချန်း, မဟုတ်သေးဘူး အင်ပါယာကြင်ယာတော် ချန်းက သူ့မိသားစုအတွက် အကျိုးအမြတ်ကို လိုချင်‌နေတယ် သူမက ဧကရာဇ်ရဲ့ သူမအပေါ်ရူးရူးမူးမူးစွဲလမ်းနေမှုကို သိထားတာတောင် သူမက ရဲရဲတင်းတင်းနဲ့ သူ့ဆီသွားပြီး ဆွဲဆောင်လိုက်သေးတယ်" 


ရွှီလော့ယန်က မြေခွေးအမွှေးဖြူဖြူများအောက် လည်ပင်းလေးကြုံ့သွားကာ ခဏလောက်တွေးလိုက်ပြီး "ကျစ်ချူးရဲ့ တုံ့ပြန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေအရ၊ ကျွန်တော့်မှာ ဒါရိုက်တာနဲ့မတူတဲ့ အမြင်ရှိတယ် ကျစ်ချူးအတွက်၊ ကလေးဘဝတုန်းက တော်ဝင်ကြင်ယာတော်ချန်းရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့အတွက်၊ လိင်ဆက်ဆံတာနဲ့ပက်သက်ပြီး အလိုလို ကြောက်စိတ်ဝင်သွားခဲ့ပြီးသား...ထပ်ပြီးတော့ သူက ကြင်ယာတော်နဲ့ဧကရာဇ်တို့လိင်ဆက်ဆံတဲ့ကစားခန်းတွေကို နားထောင်ဖို့အတင်း‌ဆွဲခေါ်ခံရတဲ့အတွက် ကျစ်ချူးက အဲ့ဒီကိစ္စတွေကို ကြောက်တယ် ပြီးတော့ သူ့ရဲ့ အဲ့ဒီမိန်းမအပေါ် သဘောထားက ရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ ကိုးကွယ်မှုတစ်ခုနဲ့ပိုတူတယ်"


မော်နီတာပေါ်မှ ပြန်လည်ပြသနေမှုကိုကြည့်ကာ ဒါရိုက်တာချူးက အမှန်ပင် ကွဲလွဲနေမှုကို ခံစားရသည်။ 


"ဥပမာ.."


"အဲ့ဒီအချိန်တုန်းက ကလေးအရွယ်ပဲရှိသေးတဲ့ ကျစ်ချူးရဲ့ဘဝကို လုံးဝထိန်းချုပ်နိုင်စွမ်းရှိတဲ့ တော်ဝင်ကြင်ယာတော်ချန်းက အင်အားရှိတဲ့လူကြီးတစ်ယောက် ပြီးတော့ အဲ့ဒီထိန်းချုပ်ခံရမှုကို နာခံယုံကြည်တယ် တစ်ချိန်တည်းမှာပဲ သူမက ကြီးပြင်းလာတဲ့ကျစ်ချူးရဲ့ လိင်ပိုင်းဆိုင်ရာတောင့်တမှုတွေကို ဖြည့်ဆည်းပေးတဲ့ ပရောပရည်လုပ်တတ်တဲ့ မိန်းမတစ်ယောက်လည်း ဖြစ်နေသေးတယ်"


တွေးတွေးဆဆဖြင့် ဒါရိုက်တာချူးခေါင်းညိမ့်တာကို မြင်သောအခါ၊ ရွှီလော့ယန်က ဆက်ပြောလိုက်သည်။


"ထပ်ပြီးတော့၊ တော်ဝင်ကြင်ယာတော်ချန်းက သူ့ကို မိခင်တစ်ယောက်ဆိုတဲ့ နာမ်စားအောက်မှာ ပျိုးထောင်လာခဲ့တာ အဲ့ဒီအတွက် ကျစ်ချုးက မသိစိတ်ကနေ သူ့အမေအပေါ်ထားတဲ့ မျှော်လင့်ချက်တွေအကုန် တော်ဝင်ကြင်ယာတော်ချန်းအပေါ်ပြောင်းလဲထားမိခဲ့တယ် အဲ့ဒီတော့ ၊ ဒီအခန်းမှာ...တော်ဝင်ကြင်ယာတော်ချန်းက ကျစ်ချူးကိုဆွဲဆောင်တဲ့အခါ ကျစ်ချူးက ဘယ်လိုတပ်မက်စိတ်မှမခံစားရဘဲ ကြောက်ရွံ့နေပြီး ထွက်ပြေးဖို့တောင် ကြိုးစားဦးမယ်"


ရွှီလော့ယန်ကိုကြည့်ကာ ချူးဝေ့က မည်သည့်ငြင်းဆိုစကားမှ ‌မပြောလာပေ။ 


"ကောင်းပြီလေ မင်းက ကျစ်ချူးပဲ မင်းပြောသလိုဘဲ ရိုက်ကြတာပေါ့" 


ပြောပြောဆိုဆိုဖြင့် သူက အနားယူနေသည့်အဖွဲ့သားများအား "ရိုက်ကူးရေးစဖို့ပြင်တော့ မီးထိုးအဖွဲ့သားတွေ မင်းတို့မှာ ပြင်ဆင်ဖို့ တစ်ဆယ့်ငါးမိနစ်အချိန်ရှိတယ်"


သူ့မှာ ဘာမှလုပ်စရာမရှိတော့ဘူးဟု ထင်ရသည့်အတွက် ရွှီလော့ယန်က ချူးဝေ့၏နံဘေးရှိခုံတွင် ခဏလောက်သွားထိုင်ရန်ပြုစဉ်၊ ဒါရိုက်တာချူးက ရုတ်တရက်သူ့ဘက်သို့လှည့်လာပြီး သူ့အားမေးခွန်းမေးလာသည်။ 


"‌နေ့လည်က ကြက်ခြေထောက်က စားလို့ကောင်းလား"


"ကောင်းပါတယ်" 


လွန်ခဲ့သည့်နှစ်ရက်က ရုပ်ရှင်အဖွဲ့သားများက ကြက်ခြေထောက်များကို ပြန်လည်ဝေခြမ်းခဲ့ကြသည်။ သူက သူ့ဖို့အတွက်ဝေစုမပါလောက်ဟု တွေးကာ စိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူလည်းဝေစုရမည်ဟု မထင်ထားခဲ့ပေ။ 


ချူးဝေ့က ခေါင်းဆတ်ကာ "အင်း ကြက်ခြေထောက်တွေက နည်းနည်းတော့ ဈေးကြီးတယ်လေ"


"??"


သူ့နံဘေးရှိ ခုံတန်းလျားအသေးလေးပေါ်တွင်ထိုင်ရင်း ရွှီလော့ယန်က သူ့စိတ်ထဲမှ သံသယများကို ဖယ်ထုတ်လိုက်ပြီး သူ့ဖုန်းကိုထုတ်ကာ ချီချန်အန်းထံ မက်ဆေ့ပို့လေသည်။


လွန်ခဲ့သည့် မိနစ်နှစ်ဆယ်ခန့်က ချီချန်အန်းက ရှားစောင်းပင်လေး၏ဓာတ်ပုံအား သူ့ထံပို့ပေးထားသည်။ ပုံကို မြင်ကွင်းချဲ့ကြည့်ကာ သူက အံ့အားသင့်နေသည့်လေသံဖြင့် စာရိုက်လိုက်သည်။


"အဲ့ဒါက တကယ်ကြီး မသေသေးဘူးဘဲ"


ချီချန်အန်းရဲ့ နတ်ဆိုးစွမ်းအားများ၏ထောက်ပံ့ပေးမှုဖြင့် အရာအားလုံးက မတူညီတော့ပေ။


ယခင်ကသူသည် ချင်းလီမြို့မှ ရှားစောင်းပင်ကိုဝယ်ခဲ့ပြီး၊ ရာသီဥတုအေးလာသည့်အခါ သူက ကျန်းသုန့်ကို ဘီမြို့သို့ ကူ၍သယ်သွားပေးရန် မပြောမီ ရွှမ်ယန်ရုပ်ရှင်မြို့တော်အထိ သယ်သွားခဲ့ရသည်။ ကြည့်ရှုပေးသည့်လူမရှိဘဲ ရှားစောင်းပင် မှာယခုထိ ရှင်သန်နေသေးသည်က အံ့ဩဖွယ်ပင်။


မိနစ်အနည်းငယ်လောက် စာပို့နေပြီးနောက် ဒါရိုက်တာချူးက သူ့ကိုခေါ်လေသည်။ ရွှီလော့ယန်က ကမန်းကတန်းစာပို့လိုက်သည်။ 


"ငါ ရိုက်ကူးရေးစတော့မယ် ပြီးသွားတဲ့အခါမှ ပြောကြတာပေါ့"


တစ်ချိန်တည်း၌ပင် ချီချန်အန်းက လက်ထဲမှဖုန်းကိုကိုင်ကာ penthouse ထဲရှိ ရွှီလော့ယန်၏အိပ်ခန်းအတွင်းမှ အိပ်ယာနံဘေးတွင် ရပ်နေခဲ့သည်။ လက်ကိုဆန့်တန်းကာ၊ အဖြူရောင်ဗြောင်ခေါင်းအုံးကို ကောက်ယူကာ သူ့ဦးခေါင်းကိုအပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။


ရွှီလော့ယန်နှင့်မတွေ့ရသည့်အတွက် တဖြည်းဖြည်းနှင့် စိတ်ဖောက်ပြန်လာခဲ့သည့် သူ့နှလုံးသားထဲမှ ကြမ်းတမ်းသည့်သားရဲက ချော့မြူခံလိုက်ရချေပြီ။


ရိုက်ကူးရေးကွင်းထဲတွင် အချိန်များက အကုန်မြန်လွန်းလှသည်။ ပြက္ခဒိန်ကိုကြည့်ကာ ဟိုတယ်မှ ကုတင်ကျယ်ထက် ရွှီလော့ယန် သက်ပြင်းရှည်ကြီးချကာ ပြိုလဲသွားရသည်။ 


"ရက်နှစ်ဆယ်လောက် ရိုက်ကူးလာခဲ့တယ်ဆိုတာကို ငါမယုံနိုင်ဘူး ဒီဧကရာဇ်နေရာမှာ သရုပ်ဆောင်ပြီးတော့ ငါနည်းနည်းလေး ဉာဏ်ပိုကောင်းလာတယ်ထင်တယ်"


ဒရာမာထဲ အနည်းငယ်နစ်ဝင်နေ၍လားတော့မသိ။ ယခုတလော သူ့အနေနှင့် စိတ်အခြေအနေသိပ်မကောင်းဟု ခံစားနေရသည်။ သူ့ဇာတ်ကောင်စရိုက်က သူ့အားလာ၍ ရိုက်ခတ်နေသလို။ 


'မတူသောလမ်း' ဇာတ်လမ်းကို ရိုက်ကူးစဉ်က ချီချန်အန်းအား သူမြင်ခဲ့ရသည့် အခြေအနေအတိုင်းပင်။ 


ရိုက်ကူးရေး၏ဒုတိယတစ်ဝက်တွင် ချီချန်အန်းက သိသိသာသာကိုပင် စကားပြောနည်းသွားခဲ့ပြီး မကြာခဏ တိတ်တဆိတ်နှင့် ငေးငိုင်နေတတ်သည်။ သူ့အမူအရာနှင့် အပြုအမူတို့က ဇာတ်လမ်းထဲမှ သူ့ဇာတ်ကောင်အတိုင်း တထေရာတည်းဖြစ်နေခဲ့သည်။


ကျန်းသုန့်က သူ့ လက်ပ်တော့အား ကြည့်နေကာ၊ သူ့ သတင်းပြန်ကြားရေးလက်ထောက်ရွှယ်ယင်းအား hot search အားမည်ကဲ့သို့ထိန်းချူပ်ရမည်ကို အဝေးမှလှမ်း၍ သင်ကြားပေးနေသည်။ ရွှီလော့ယန်၏မှတ်ချက်ကိုကြားသည့်အခါ သူက နှစ်သိမ့်ပေးလာသည်။ 


"ရိုက်ကူးရေးက ကောင်းကောင်းမွန်မွန်ဆက်သွားနေတာပဲ အားလုံးရိုက်လို့ပြီးသွားတဲ့အခါကျရင်၊ မင်းမျက်လုံးတွေကိုမှိတ်ပြီး အသားကင်တစ်ဝိုင်းလောက်စားလိုက်ရင် မင်းကျော်လွှားသွားနိုင်မှာပါ" 


ရွှီလော့ယန်အား ပြန်လည်ချေပခွင့်မပေးဘဲ သူကထပ်ပြီးမေးလာသည်။ 


"မင်း ဒီ လင်းဝေ့န နဲ့ဘယ်လို ပတ်သက်သွားတာတုန်း"


ရွှီလော့ယန်က လူးလှိမ့်ကာ ထထိုင်လိုက်ပြီး သူ့မကျေမနပ်ချက်များကို ထုတ်ဖော်လေ၏။ 


"ကျွန်တော်လည်းမသိဘူးလေ သူက တတိယဇာတ်လိုက်မင်းသမီး၊ ရန်သူဘက်က မင်းသမီးအဖြစ်သရုပ်ဆောင်ရတာ သူနဲ့တောင် ကျွန်တော် တစ်ခန်းမှမရိုက်ရသေးဘူး ပြီးတော့ ကောလည်း အဲ့ဒီမှာပဲ ရှိနေတာမို့လား ပြီးတော့ မင်္ဂလာနံနက်ခင်းပါနဲ့၊ ကောင်းသောညပါ အပါအဝင်မှ ကျွန်တော်သူ့ကို စကားငါးလုံးပဲ ပြောခဲ့ဖူးတာ"


ပြောနေရင်းဖြင့် ရွှီလော့ယန်၏မျက်နှာက ရှုံ့မဲ့လာသည်။


"အဲ့ဒါကို သူမကတစ်ယောက်ယောက်ကိုခိုင်းပြီး တိတ်တိတ်လေး ခိုးရိုက်ထားလိမ့်မယ်လို့ ကျွန်တော်လည်းမထင်ခဲ့မိဘူး ပြီးတော့ အဲ့ဒါကို ကျွန်တော်က သူမနဲ့အတူတူနေ့လည်စာစားပြီး ပြောပြောဆိုဆိုနဲ့ရယ်မောနေတယ်ဆိုတဲ့ခေါင်းစဉ်တပ်လိုက်တယ်လေ"


ကျန်းသုန့်က သူ့အား ထိုလင်းဝေ့နက အင်မတန်မှ အကြံအစည်များကာ ရည်မှန်းချက်ကြီးကြောင်း ပြောပြရန်ပြင်လိုက်သည်။ သို့မှသာ ရွှီလော့ယန်က သူမနှင့် ဆက်ဆံမှုလျော့နည်းသွားမည်ဖြစ်ကာ သူမက သူ့အားကျောက်တုံးတစ်တုံးကဲ့သို့ နင်းတက်သွားရန် မဖြစ်နိုင်တော့ပေ။ ရလဒ်အနေနှင့် သူက ရွှီလော့ယန်ရဲ့ဤသို့ပြောလာတာကို ကြားလိုက်ရသည်။ 


"သူမက ကျွန်တော့်အတွက် တော်တော်လေးအန္တရာယ်ဖြစ်စေတာပဲ အဲ့ဒါကြောင့် သတင်းကိုတွေ့တွေ့ချင်း ချီချန်အန်းဆီမှာ ကျွန်တော်သူမကို သေသေချာချာ‌တောင်မသိပါဘူး ဒါတွေအကုန်လုံးကလြပ်ကြံထားတာဆိုပြီး အမြန်ရှင်းပြလိုက်ရသေးတယ် ကျွန်တော်က ဖြူစင်ပါတယ်နော်"


မျက်မှောင်ကြုတ်ထားတဲ့ ကျန်းသုန့်က အဓိကအချက်ကိုတစ်ခါတည်း ဖမ်းမိသွား၏။


"မင်းက အတင်းအဖျင်းထဲ ဆွဲထည့်ခံရတာလေ အဲ့ဒါကို မင်းက ဘာလို့ ချီချန်အန်းဆီ ပြေးပြီး ရှင်းပြရတာလဲ။"


"ဟမ်"


 ရွှီလော့ယန်ကခြေထောက် တင်ပလ္လင်ခွေထိုင်ကာ ကျန်းသုန့်အား ထူးဆန်းနေသည့်ပုံဖြင့်ကြည့်လာသည်။


"ကျွန်တော်က မရှင်းပြရဘူးလား"


"မင်းက ရှင်းပြသင့်လို့လား"


ရွှီလော့ယန်က သေသေချာချာတွေးတောလိုက်ပြီး အကြောင်းပြချက်ပေးလာသည်။ 


"ကျွန်တော်တို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေလေ ပြီးတော့ ဒီလိုအတင်းအဖျင်းမျိုးနဲ့၊ ကျွန်တော့်ကို သူနားလည်မှုလွဲစေလို့ မဖြစ်ဘူးလေ"


မျက်လုံးများ မှေးကျဉ်းလိုက်ကာ ကျန်းသုန့်က ရွှီလော့ယန်၏အမူအရာကို အသေအချာအကဲခတ်လိုက်သော်လည်း ရွှီလော့ယန်ရဲ့လတ်တလောစိန်အခြေအနေအား သေချာမသိပေ။ 


တကယ်ပဲ သူက ချီချန်အန်းကို သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ဆက်ဆံနေတာလား။


ကျန်းသုန့်၏မျက်လုံးထဲမှ ဆန့်ကျင်သည့်အကြည့်အား မြင်သည့်အခါ ရွှီလော့ယန်က ကမန်းကတန်းပင် စကားလမ်းကြောင်းပြောင်းလိုက်သည်။ 


"ဟုတ်သားပဲ၊ ကျန်းကော ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်စရာလိုသေးလား"


"မလိုဘူး ဒီကိစ္စရဲ့ အတွင်းအပြင်ကို ငါတို့စိတ်ထဲက ရှင်းရှင်းလင်းလင်း သိနေတာပဲ ပြီးတော့ ဒီပုံတွေနဲ့သတင်းကို လင်းဝေ့နတို့ဘက်က တင်တယ်ဆိုတာ ငါတို့သိနေတယ် ဒါပေမယ့် ပရိတ်သတ်တွေနဲ့ စူးစမ်းမယ့်သူတွေက သိမှာမဟုတ်ဘူး အဲ့ဒီတော့ ငါရှေ့ထွက်ပြီး ရွှယ်ယင်းကို ဒီကိစ္စကို ကိုင်ကွယ်ခိုင်းလိုက်မယ် ပြဿနာမရှိလောက်ဘူး"



__


Translated By IQ-Team.