အပိုင်း ၃၅
Viewers 10k

🍬Chapter 35


------------


ဒါရိုက်တာကျန်းက ရယ်ကာ " ကောင်းပြီ ကောင်းပြီ ငါ့မှာ တကယ်ပဲ မိစ္တာအာဏာစက်ကွင်းရှိတယ်ဆိုတာ ငါဝန်ခံတယ်" 


လွန်ခဲ့သည့်နှစ်လအတောအတွင်း၊ ရွှေထင်းရှုးဆုပေးပွဲအခမ်းအနားသို့သွားရောက်သည့် သုံးရက်မှလွဲ၊ ရွှီလော့ယန်နှင့် ချီချန်အန်းတို့က ဆယ်ရက်သာ ခွင့်ယူခဲ့ရသည်။ ကျန်သည့်အချိန်များတွင် သူတို့က နေ့ရော၊ညပါ ရိုက်ကူးရေးလုပ်နေခဲ့ရသည်။ သူက ရုပ်ရှင်နှင့်ပတ်သက်၍ တောင်းဆိုမှုက များပြားလှပြီး တစ်ခုခုမမှန်သည်နှင့် ပြန်လည်ရိုက်ကူးခိုင်းလေ့ရှိသည်။ သူတို့နှစ်ယောက်စလုံးက သူနှင့်အတူ ရိုက်ကူးရေးအား တစ်ချက်လေးပင် အထွန့်မတက်ဘဲ ပြီးစီးအောင်ရိုက်ကူးပေးခဲ့ကြ၏။


"ကိုယ့်ကိုယ်ကိုသိတာ ကောင်းတာပေါ့" 


ဗိုက်ပြည့်သွားသည့် ရွှီလော့ယန်က ချီချန်အန်းအပေါ် ပျင်းရိစွာမှီလိုက်ပြီး "ဒါပေမယ့် ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲဟင် ဒါရိုက်တာကကျွန်တော့ကို စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ"


"အခွင့်အရေးတစ်ခုရှိတယ်" ဒါရိုက်တာကျန်းက ကွေ့ဝိုက်မနေတော့ပေ။ 


"ဒါရိုက်တာချူးဝေ့က 'အနည်းငယ်အေးစက်၏'ဆိုတဲ့ သမိုင်းရုပ်ရှင်တစ်ခုကို ရိုက်နေတာ မင်းတို့သိကြတယ်မို့လား"


ရွှီလော့ယန်က အရင်ဆုံးချီချန်အန်းထံလှမ်းကြည့်ပြီးမှ ခေါင်းငြိမ့်လိုက်သည်။ 


"ဟုတ်"


ချူးဝေ့မှာ နံပါတ်တစ်ဒါရိုက်တာဖြစ်ပြီး နိုင်ငံတွင်းသာမက၊ နိုင်ငံပြင်ပ၌ပါ ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုခံရသည်။ သုက ချီချန်အန်းအား ရှာတွေ့ခဲ့သည့်လူလည်းဖြစ်သည်။ ပြောကြသည်မှာ ထိုအချိန်က စီးပွားရေးပညာအားလေ့လာနေသည့် ချီချန်အန်းအား ချူးဝေ့က မတော်တဆ တွေ့ရှိကာ လူရွေးပွဲသို့ ‌ဖိတ်ခေါ်၍ရလိုက်သည်။ ထို့နောက် သူက ချီချန်အန်းအားရွေးရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။ 


ထို့အပြင် ချီချန်အန်းကလည်း သူ့အား စိတ်မပျက်စေခဲ့ပေ။ 'နှင်းမုန်တိုင်း' နှင့် 'နောက်ဆုံးသောအမဲလိုက်သူ' ရုပ်ရှင်နှစ်ကား၌ သူတို့နှစ်ယောက်က အတူတူလက်တွဲလုပ်ဆောင်ခဲ့ကြပြီး ရုပ်ရှင်နှစ်ကားလုံးက ရုပ်ရှင်ပွဲတော်များမှ အနိုင်ဆုများအား သိမ်းကြုံးယူဆောင်သွားနိုင်ခဲ့၏။ 


"ချူးဝေ့က အရမ်းဇီဇာကြောင်တယ် သူ့ရဲ့ ဒီရုပ်ရှင်မှာ ကျဆုံးသွားတဲ့ဘုရင်တစ်ပါးပါတယ် အဲ့ဒါက အဓိကဇာတ်ကောင်တော့မဟုတ်ပေမယ့်၊ သူက တဆက်တည်း မင်းသားသုံးယောက်ပြောင်းခဲ့ပြီးတော့ အကုန်လုံးကို စိတ်မကျေနပ်ဘူးဆိုပြီး နှင်ထုပ်ခဲ့တာ ဒါနဲ့ ငါလည်းမင်းကို ထောက်ခံပေးခဲ့တယ်" 


ရွှီလော့ယန်က ကြောင်အသွားရသည်။ သူက သု့နှာခေါင်းထိပ်သို့ သူ့ဘာသူသူလက်ညှိုးထိုးကာ မေးလိုက်မိသည်။ 


"ထောက်ခံလိုက်တယ်...ကျွန်တော့်ကိုလား။"


"အင်း... မင်းကို" ဒါရိုက်တာကျန်းက သူ့အမူအရာကိုကြည့်ကာ ရယ်လိုက်သည်။ 


"ဒါပေမယ့် ထောက်ခံပေးရုံလေးပဲ အဲ့ဒီ‌ဇာတ်ကောင်ကို ရမရက မင်းအပေါ်ပဲမူတည်တယ် ပြီးတော့ ရိုက်ကူးခကလည်း တစ်ပြားမှမပေးသလောက်ဘဲ မင်း ကျန့်သုန်းနဲ့ တိုင်ပင်ကြည့်ပေါ့"


"အဲ့ဒါက ချူးဝေ့လေ ဖြတ်လျှောက်နေရာရဖို့ ပိုက်ဆံပေးရမယ်ဆိုရင်တောင် အဆင်ပြေတယ်" ရွှီလော့ယန်က ဒါရိုက်တာကျန်းကို ရိုးသားသည့်မျက်နှာအမူအရာဖြင့်ကြည့်လိုက်ကာ တုံ့ပြန်လိုက်သည်။ 


"အရင်က ကျွန်တော်ပြောခဲ့ဆိုတာတွေကို ပြန်ရုတ်သိမ်းတယ် ဒါရိုက်တာကျန်းရဲ့အနောက်မှာက နတ်သားအတောင်ပံလေး ရှိနေတာပဲ"


ဒါရိုက်ကျန်းက ပြောစရာရှ်ိတာကိုပြောပြီးနောက် ပြန်သွား၍ မိနစ်နှစ်ဆယ်မျှ မှေးစက်ရန်အသင့်ပြင်နေပြီဖြစ်သည်။


ရွှီလော့ယန်က အဝတ်လဲခန်းအား နှစ်ပတ်မျှလျှောက်ပတ်ပြီးသော်လည်း စိတ်မတည်ငြိမ်နိုင်သေးပေ။ 


ချီချန်အန်း၏ကျောပြင်ပေါ် သူ့ကိုယ်ကိုပစ်မှီချလိုက်ပြီး "ချန်းအန်းကော ချန်အန်းကော ကျွန်တော်အရမ်း စိတ်လှုပ်ရှားတာပဲ"


"အင်း ကိုယ်လည်း စိတ်လှုပ်ရှားတယ်"


ချီချန်အန်းက ရွှီလော့ယန်အား သူ၏ကျောပြင်ကိုမှီခွင့်ပေးထားပြီး စဉ်းစားကာပြောလာသည်။ 


"ချူးဝေ့ကပုံမှန်ဆို စကားသိပ်မပြောသလို၊ ဘာကိုမှလည်း သိပ်ဂရုမစိုက်ဘူး ဒါပေမယ့် သုက အဖွဲ့ထဲမှာရှိတဲ့ သရုပ်ဆောင်တွေအကုန်လုံးရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဂရုတစိုက်သေချာကြီးကြပ်ပေးလိမ့်မယ် မင်းသာသူ့လက်အောက်ကို ရောက်သွားခဲ့ရင်၊ မင်းတော်တော်များများကို သင်ယူနိုင်လိမ့်မယ်"


ရွှီလော့ယန်က ခေါင်းကို တဆတ်ဆတ်ညိမ့်လိုက်သည်။ သရုပ်ဆောင်တစ်ယောက်က ဒါရိုက်တာကောင်းတစ်ယောက်နှင့် တွေ့ဖို့ဆိုတာ အင်မတန်ကံကောင်းမှဖြစ်နိုင်မည့်အရာပင်။


"ဒီရုပ်ရှင်ရိုက်ပြီး ကျွန်တော်ရဲ့သရုပ်ဆောင်စွမ်းရည်ကတော်တော်လေးတိုးလာတယ်လို့ ခံစားရတယ် ဒါပေမယ့် အခု ပိတ်ဆို့နေတဲ့အချိန်ရောက်သွားပြီလို့ထင်တယ် ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ခံစားနေရတယ် များသောအားဖြင့် မင်းကပဲ ကျွန်တော်ကိုဇာတ်လမ်းထဲဆွဲခေါ်ပေးသွားတာ ကျွန်တော်တို့နှစ်ယောက်ကြား ကွာဟချက်အကြီးကြီးရှိနေသေးတယ် ဒါပေမယ့် အဲ့ဒီကွာဟချက်ကို ချုံ့ပစ်ဖို့ကျတော့လည်း ခက်နေသေးတယ်"


"မင်းက အခုလည်း တော်တော်လေးတော်နေပါပြီ ဥပမာ - ကိုယ်ဆို ကိုယ့်ရဲ့အကန့်အသတ်နဲ့ ချို့ယွင်းချက်တွေက ဘာတွေလဲဆိုတာ အခုထိနားမလည်နိုင်သေးဘူး အဲ့ဒီတော့ ကိုယ်ဆက်ပြီးမတိုးတက်နိုင်ဘူးဖြစ်နေတာ"


ရွှီလော့ယန်က ဒီ'ထူးချွန်ပါရမီရှင်ရဲ့စိတ်ဓာတ်ကျမှု'ကို သေချာနားမလည်သော်လည်း သူက စိတ်လှုပ်ရှားစွာဖြင့် အားပေးလိုက်ဆဲပင်။ 


"ဒါဆို မစ္စတာချီ အတူတူအလုပ်ကြိုးစားကြရအောင်"


"အမ်း...အတူတူအလုပ်ကြိုးစားကြတာပေါ့"


ရက်ပေါင်းများစွာ ရွာသွန်းနေသောမိုးက နောက်ဆုံးတော့ တိတ်သွားခဲ့ပြီး နေရောင်ခြည်နွေးနွေးလေးက တစွန်းတစထွက်ပေါ်လာသည်။ 


ဒါရိုက်တာကျန်းက သူ့ရဲ့အသံချဲ့စက်ကို မြှောက်လိုက်ကာ "ဒါက နောက်ဆုံးအခန်းပဲ ချန်အန်းနဲ့လော့ယန် တစ်ချက်တည်းနဲ့ အပြီးသတ်လိုက်ကြရအောင် ငါတို့စည်းထားတဲ့ကြိုးထုံးကို ချောချောမွေ့မွေ့ပြန်ဖြည်ကြရအောင်"


ရွှီလော့ယန်နှင့် ချီချန်အန်း၏ပါးစပ်ထဲတွင် ရေခဲတုံးများရှိနေသည်။ ဆောင်းရာသီတွင် စကားပြောသည့်အခါ ပါးစပ်ထဲမှ အငွေ့ထွက်လာမည်ဖြစ်သည်။ သို့သော် ရုပ်ရှင်ထဲတွင်မူ နွေရာသီပြီးခါနီးအချိန်ဖြစ်နေလေသည်။ တစ်ယောက်ကမှားသွားတာနဲ့ နှစ်ယောက်စလုံးအစကပြန်ရိုက်ရလိမ့်မည်။ သူ့အသံကိုမြှင့်ကာ ရွှီလော့ယန်က ဒါရိုက်တာကျန်းကို ပြန်လည်အော်ပြောလိုက်သည်။ 


"ဒါရိုက်တာကျန်း စကားစုတွေကို ဘယ်လိုသုံးရမလဲ သိလို့လား" 


သူက ပြောပြီးနောက် အလျင်အမြန်ပင် ရေခဲတုန်းကို ထွေးထုတ်လိုက်သည်။ 


သူ့လျှာထိပ်ဖျားက အေးခဲနေပြီလေ။


"ငါက ရိုက်ကွင်းတာဝန်ခံပဲ မှားမှားမှန်မှန်ဘာဖြစ်တုန်း...လာကြလာကြ...လာကြ...ရိုက်ကူးရေးစမယ်...ရိုက်ကူးရေးစမယ်"


ပတ်ဝန်းကျင်က ရုတ်ချည်းပင် တိတ်ဆိတ်သွားရသည်။


ချီချန်အန်း သရုပ်ဆောာင်သည့် ဇာတ်ကောင် ရွှီကျန့်က မတ်မတ်ရပ်နေပြီး ချင်းချောင်ကိုကြည့်နေသည်။ သူ့မျက်နှာက အလွန်ပင်တည်နေ၏။ သူ့နံဘေးရှိ သစ်ပင်ပင်စည်တွင် တွန့်လိမိနေသည့် စာကြောင်းနှစ်ကြောင်းကို ထွင်းထုထားလေသည်။


"ချင်းချောင်က ကြီးလာရင် ရဲသားကြီးဖြစ်ချင်ပါတယ်"


"ရွှီကျန့်က ကြီးလာရင် ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ပါတယ်"


သူက ထိုစာကြောင်းနှစ်ကြောင်းကို လက်များဖြင့် ဖြည်းဖြည်းချင်းပွတ်သပ်ရင်း အပြုံးယဲ့ယဲ့လေးတစ်ခု ထွက်ပေါ်လာသည်။


"ငါတို့အသက်ကိုးနှစ်တုန်းက အတူတူစာထွင်းခဲ့ကြတာလေ"


ချင်းချောင်က လက်ထဲတွင် သေနတ်တစ်လက်ကို ကိုင်ထားလျက် တိုတိုတုတ်တုတ်သာပြန်ဖြေသည်။ 


"ဟုတ်တယ်"


ရွှီကျန့်က ခဏလောက်စကားဆက်မပြောဘဲ၊ သူ့မျက်ဝန်းများက ချင်းချောင်ထံ လှမ်းကြည့်လာခဲ့သည်။ ထိုအကြည့်တို့က အင်မတန်မှ စင်ကြယ်နေလေ၏။ 


"ငါ ကော်ညီအကိုသုံးယောက်ကို ဘာလို့သတ်လိုက်လဲဆိုတာ မင်းအမြဲသိချင်နေခဲ့တာမို့လား ပြီးတော့ ဘာလို့ငါက ဒီလောက်ထိရက်စက်တဲ့နည်းလမ်းကို သုံးရလဲဆိုပြီးတော့လေ"


"အင်း" ချင်းချောင်၏မျက်ဝန်းများက စူးရှသွားသည်။ 


နှစ်စက္ကန့်မျှတန့်သွားပြီး သူက ဆက်ပြောလာခဲ့သည်။ 


"ငါသိတဲ့ရွှီကျန့်က လူသတ်မှာမဟုတ်ဘူး"


"ဟက် မင်းသိတဲ့ ရွှီကျန့်" 


သူ့နှုတ်ခမ်းထောင့်မှ အပြုံး‌ကပျောက်ကွယ်သွားပြီး လှောင်ရိပ်သန်းနေသော ဝမ်းနည်းမှုအပိုင်းအစတို့ ထွက်ပေါ်လာသည်။ 


"မင်းသိတဲ့ ရွှီကျန့်က သေသွားပြီ" 


သူက ထပ်မံရယ်မောလိုက်ကာ "သူ ဘယ်လိုသေသွားလဲဆိုတာ မင်းသိလား"


ရုတ်တရက် ချင်းချောင်တုန်လှုပ်သွားရသည်။ ဤကြာမြင့်စွာ ရှာဖွေနေခဲ့သည့်အမှန်တရားကို သူခံနိုင်ရည်ရှိမည်မဟုတ်ဟု ခံစားလိုက်ရသည်။


ရွှီကျန့်က ဆက်ပြောလာသည်။ 


"ငါတို့အထက်တန်းကျောင်းပြီးသွားတော့၊ မင်းက ရဲသင်တန်းကျောင်းကိုသွားခဲ့ပြီး ငါက ပန်းချီကို သင်ခဲ့တယ် ပထမနှစ်နွေရာသီတုန်းက၊ ငါအိမ်ပြန်လာခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက ငါ့အမေနဲ့ အမကို ကော်မိသားစုက လူရမ်းကားသုံးယောက် နှောင့်ယှက်နေမှန်း ငါမသိခဲ့ဘူး"


အခြားလူတစ်ယောက်ရဲ့ဇာတ်လမ်းကိုပြောပြနေသကဲ့သို့ သူ့အသံက ညင်သာနေလေ၏။


"ငါ ပုံကြမ်းဆွဲဖို့ တစ်ခေါက် အပြင်ထွက်သွားပြီး အိမ်ကို စောစောပြန်ရောက်လာတဲ့အခါမှာ ၊ အဲ့ဒီလူသုံးယောက်က ငါ့အမေနဲ့အမကို အနိုင်ကျင့်နေတာကို မြင်လိုက်ရတယ် ငါအရမ်းဒေါသထွက်သွားပြီး သူတို့ဆီ ပြေးဝင်သွားလိုက်တယ်"


ထိုအကြောင်းကိုကြားပြီးသည့်အခါ၊ ချင်းချောင်က နောက်ဘာဆက်ဖြစ်လာမည်ဆိုတာကို ခန့်မှန်းနိုင်လေသည်။ သို့သော်လည်း ရွှီကျန့်ဆက်ပြောလာသည့်အမှန်တရားမှာ သူစိတ်ကူးထားတာထက် ပို၍‌ကြောက်လန့်ဖွယ်ကောင်းကာ လက်ခံနိုင်ရန် ခဲယဉ်းလေသည်။


"ငါက သူတို့ကို မကယ်ရုံနိုင်သာမက၊ ကုတင်တိုင်မှာ ကြိုးနဲ့တုပ်ခံထားရပြီး အဲ့ဒီကော်မိသားစုက လူသုံးယောက်က ငါ့မိသားစုကို ဘယ်လိုမျိုးအနိုင်ကျင့်၊နှိပ်စက်၊အရှက်ခွဲပြီး သတ်ပစ်တာကိုပါ ကြည့်နေခဲ့ရတယ် နောက်ဆုံးတော့ သူတို့က ဓားနဲ့ သူတို့ရဲ့အသားကို တစ်လွှာချင်းတစ်လွှာချင်းလှီးခဲ့သေးတယ်"


"အဲ့ဒါပြီးတော့.....မင်းဘာလို့ ရဲကိုမခေါ်တာလဲ"


"ရဲခေါ်ရမယ်....ဟုတ်လား ကော်မိသားစုက အရမ်းမောက်မာတာ သူတို့မှာ ငွေကြေးအင်အားရှိတယ်လေ ငါသာ ရဲခေါ်လိုက်ရင်၊ သူတို့ကို သေတဲ့အထိပစ်သတ်နိုင်ပါဦးမလား" 


ရွှီကျန့်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သို့သော် ရယ်နေလျက်နှင့် မျက်ရည်များက စီးကျနေလေသည်။


"ပြီးတော့ ငါသာ ရဲကိုအကြောင်းကြားခဲ့ရင်၊ ငါ့အမေနဲ့အမကို ဘယ်လိုမျိုး ညစ်ညစ်ညမ်းညမ်းခေါင်းစဉ်တပ်ကြဦးမလဲဆိုတာ‌ကိုရော သိလား သူတို့က မသန့်ရှင်းဘူး၊ လူရမ်းကားတွေ‌ကိုတောင် ဆွဲဆောင်တယ်လို့ အပြောခံရမှာ ဒီလိုခံရတာက သူတို့အပြစ်ပဲ၊ အဲ့ဒါကြောင့်ပဲ သူတို့ကို သတ်ပစ်လိုက်တာ သူတို့နဲ့ထိုက်တန်တယ် ဒီ့ထက်ဆိုးရွားတာရှိသေးတယ် မင်းကြားချင်သေးလား"


သူက ချင်းချောင်ရဲ့အဖြေကိုမစောင့်ဘဲ ဖြည်းဖြည်းချင်းပြောလိုက်သည်။


"ငါ့အမေနဲ့အစ်မသူတို့ မငြိမ်းမချမ်းနဲ့သေသွားရတာမျိုးကို ငါမလိုချင်ဘူး သူတို့သေသွားခဲ့ရင်တောင်၊ သူတို့က အပြစ်မရှိစေရဘူး"


ချင်းချောင်က တိတ်ဆိတ်နေခဲ့သည်။


"အဲ့ဒါနဲ့ ငါအနုပညာကောလိပ်ကထွက်၊ ပြန်လာပြီး လက်သမားတစ်ယောက်ဖြစ်လာတယ် ငါ နှစ်နှစ်အချိန်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်အစီအစဉ်ဆွဲပြီး၊ နောက်ဆုံးတော့မှ ကော်မိသားစုကလူသုံးယောက်ကို တရားခံမသိစေရဘဲသတ်ပစ်လိုက်နိင်တာ"


သေနတ်ကိုင်ထားသည့်ချင်းချောင်၏လက်ကိုကြည့်ကာ ရွှီကျန့်က တစ်လုံးချင်းစီပြောလာသည်။ 


"ငါက မင်းသိတဲ့ ရွှီကျန့်မဟုတ်တော့ဘူး"


ပြောရင်းဖြင့်၊ သူက လက်ကိုမြှောက်ကာ၊ ချင်းချောင်၏လက်ဖမိုးကို သူ့လက်ဖဝါးနှင့်အုပ်ကိုင်ထားလိုက်သည်။


"အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းကိုပေးဆပ်ရမယ်ဆိုတာ ငါသိတယ်" 


သူက သူ့ လက်ချောင်းကိုရွှေ့ကာ သေနတ်မောင်းပေါ်တင်ထားသည့် ချင်းချောင်၏လက်ချောင်းကို ဖိလိုက်ပြီး "အဲ့ဒီတော့ မင်းရဲ့လက်ထဲမှာပဲ ငါသေပါရစေ"


"အဆုံးသတ်သွားတာ ဂုဏ်ပြုပါတယ်။"


"ဂုဏ်ပြုပါတယ်။"


နောက်ဆုံးအခန်းကို ရိုက်ပြီးသည့်အခါ၊ ချီချန်အန်းနှင့် ရွှီလော့ယန်တို့၏ အခန်းများမှာ ပြီးစီးသွားလေပြီ။ ရွှီလော့ယန်က သူ့လက်ထဲမှသေနတ်ကိုချကာ၊ ချီချန်အန်းကိုကြည့်ရင်း ပြုံးကာပြောလိုက်သည်။ 


"ရုပ်ရှင်ရိုက်ကူးပြီးစီးသွားတာကို ဂုဏ်ပြုပါတယ်"


ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ကူးပြီးတိုင်း ချီချန်အန်းအတွက် ဇာတ်ကောင်မှပြန်လည်စိတ်ထွက်လာရန် အချိန်အနည်းငယ်ယူရလေသည်။ ယခုအကြိမ်သည်လည်း ကွဲပြားမှုမရှိပေ။ ချီချန်အန်း ပြန်မဖြေနိုင်ခင်အထိ အချိန်အတန်ကြာသွားသည်။


"ဂုဏ်ပြုပါတယ်"


လုတိလှမ်းပေးလာသည့်အဝတ်များကို ယူလိုက်ကာ၊ ရွှီလော့ယန်က တစ်ဖက်သို့လှည့်ကာ ချီချန်အန်းကိုယ်ပေါ်သို့ တစ်စုံကို ၀တ်ပေးပြီးနောက်မှ ကျန်သည့်တစ်စုံအား သူ့ကိုယ်သူ၀တ်လိုက်သည်။ 


ဒါရိုက်တာကျန်းက ခပ်မြန်မြန်ပင်လျှောက်လာပြီး "သွား၊ သွား၊သွား ထုပ်လုပ်ရေးအသင်းက စားပွဲကို ဘိုကင်တင်ထားပြီးပြီ ဒီဘက်က ထုပ်လုပ်ရေးပိုင်းတွေ ပြီးတာနဲ့ အဖွဲ့သားတွေအကုန်လုံးကို ညစာဖိတ်ကျွေးရမယ် မင်းတို့နှစ်ယောက်က ဘေလ်ရှင်းကြပေါ့ တစ်ယောက်မှ ထွက်ပြေးတာကို မလိုချင်ဘူးနော်"


ရွှီလော့ယန်က ခေါင်းငြိမ့်ကာ သူ့ရဲ့အသံချဲ့စက်ကို ခဏငှားလိုက်ပြီး "ချန်အန်းနဲ့ကျွန်တော်နဲ့က အားလုံးကို ဟောက်ထင်းဟိုတယ်မှာညစာလိုက်ကျွေးပါ့မယ် စားချင်တာကို မှာလို့ရပါတယ်"


ပတ်ပတ်လည်ရှိ အဖွဲ့သားများထံမှ အားပေးသံများ ထွက်ပေါ်လာလေ၏။


အဖွဲ့သားများက နောက်တစ်နေ့တွင် ရိုက်ကူးရေးလုပ်ရန်ကျန်ရှိနေသေးသည့်အတွက်၊ အရက်မသောက်ခဲ့ကြပေ။ သို့သော်သူတို့က ဟိုတယ်သို့မပြန်ခင် ညတစ်ဆယ့်တစ်နာရီလောက်အထိ ပွက်လောရိုက်နေခဲ့ကြသည်။ ရွှီလော့ယန်နှင့် ချီချန်အန်းတို့ ဓာတ်လှေကားမှ အတူထွက်လာသည့်အခါ၊ ကော်ရစ်တာတွင် လူမရှိတော့ပေ။ အလွန်တိတ်ဆိတ်နေသည့်အတွက် အပြင်မှလေတိုက်သံကိုပင် ကြားနေရသည်။


သူတို့နှစ်ဦးလုံး မည်သူကမျှ စကားမပြောဖြစ်ကြ။


သူတို့၏ ကိုယ်ပိုင်အခန်းတံခါးရှေ့ကို ရောက်သည့်အခါမှ ရွှီလော့ယန်က ပြောလိုက်သည်။ 


"ကျွန်တော် မနက်ဖြန် ခုနစ်နာရီခွဲ လေယာဉ်စီးမှာ ဒါရိုက်တာချူးဝေ့ဆီ တိုက်ရိုက်သွားပြီး ဇာတ်ကောင်အတွက် လူရွေးပွဲဖြေမလို့" 


သူက ခံစားချက်များရောထွေးနေပြီး ရင်ထဲတွင် ချဉ်စူးနေသည်။ သို့သော် ‌သူက လေသံကို တတ်နိုင်သမျှ အေးအေးဆေးဆေးဖြစ်သည့်ပုံစံဖမ်းထားလေသည်။ 


" မင်းကရော"


"ကိုယ်က ခုနစ်နာရီလေယာဉ်နဲ့ ဘီမြို့ကိုပြန်ပြီး နှစ်ရက်လောက် နေမလို့"


"ဟုတ်လား ဒါဆို ကျွန်တော်တို့ လေဆိပ်ကို အတူတူသွားလို့မရတော့ဘူးဘဲ"


တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုးသွားလေသည်။


ဆယ်စက္ကန့်မျှကြာပြီးသည့်အခါ၊ ရွှီလော့ယန်က ချီချန်အန်း၏ ဘေးတစောင်းမျက်နှာကို ‌ကြည့်ရင်း"ရာသီဥတုခန့်မှန်းချက်တွေကတော့ မနက်ဖြန် နှစ်ဒီဂရီပဲ ရှိလိမ့်မယ်လို့ ပြောထားတယ် မင်းအပြင်ထွက်တဲ့အခါ အဝတ်ထူထူဝတ်ပြီး မာဖလာပတ်ဖို့ကိုလည်း သတိရဦး မဟုတ်ရင် မင်းက လွယ်လွယ်နဲ့ချောင်းဆိုးလိမ့်မယ် မင်းရဲ့အပူခံခွက်ထဲကိုလည်း ရေနွေးထည့်ထားဖို့ကို မမေ့နဲ့ အဲ့ဒါဆို အေးနေတဲ့အခါ မင်းရေနွေးနွေးလေးသောက်လို့ရတယ် မင်းက လေယာဉ်ပေါ်က အစားအသောက်တွေကိုမကြိုက်ဘူးဆိုပေမယ့် ဗိုက်ဆာမြန်တာမို့ ကိုယ့်ဘာသာကိုယ်စားဖို့ထည့်သွား မင်း ကောင်းတယ်လို့ပြောတဲ့ သက်သက်လွတ်ပေါက်စီကို မနက်ဖြန်မနက်ကျ အောက်ထပ် ဘယ်ဘက်အခြမ်းကဒုတ်ိယဆိုင်မှာ နှစ်လုံးလောက်ဝယ်သွားလို့ရတယ် ဒါပေမယ့်လည်း အများကြီးမစားနဲ့ဦး မဟုတ်ရင် မင်းအစာအိမ်ထပ်နာလာလိမ့်မယ်"


ချီချန်အန်းက သေသေချာချာနားထောင်နေကာ ရွှီလော့ယန် စကားရပ်သွားသည့်အခါမှ "ကောင်းပြီ" ဟု ပြန်ဖြေလိုက်သည်။


"ဒါဆို မင်း.... မင်းရဲ့ကျန်းမားရေးကို ဂရုစိုက်ရမယ် မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်" 


ရွှီလော့ယန်က သူ့လက်ကို တံခါးလက်ကိုင်ပေါ်မှာတင်ထားရင်း၊ စိတ်ထဲ နည်းနည်းလေး ဝမ်းနည်းနေမိသဖြင့် သူက မထိန်းနိုင်စွာ ထပ်ပြီး ပြောမိပြန်သည်။ 


"မင်းကိုယ်မင်း ဂရုစိုက်တာ သေချာပါစေနော်"


ချီချန်အန်းက နူးနူးညံ့ညံ့လေး ပြုံးပြလာကာ "အမ်း...ကိုယ်..သတိထားနေပါ့မယ် ကိုယ်တို့ နောက်တစ်ခါထပ်တွေ့တဲ့အခါကျ မင်းစစ်ဆေးကြည့်လို့ရတယ်လေ"


သူ့မျက်နှာပေါ်အပြုံးတစ်ခုက ပြန်လည်ထွက်ပေါ်လာရင်း၊ ရွှီလော့ယန်က တက်တက်ကြွကြွခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။ 


"အင်း...ကျွန်တော် သိပ်မကြာခင်ဘဲ မင်းနဲ့ထပ်တွေ့မှာ" 


ပြောပြီးနောက် ချက်ချင်းပင် သူက တစ်ခုခုကို သတိရသွားကာ၊ တံခါးဖွင့်ပြီး အထဲသို့ အလျင်အမြန်ပြေးဝင်သွားသည်။ သိပ်မကြာခင်၊ သူ့လက်မောင်းများကြားထဲ တစ်စုံတစ်ခုကိုပိုက်ကာ ပြန်ထွက်လာသည်။ 


သူ့ရဲ့ အမွှေးပွပွဝက်အရုပ်ကို ချီချန်အန်းရဲ့လက်မောင်းများကြားထဲထိုးထည့်ပြီးနောက် ရွှီလော့ယန်၏မျင်ခုံးများက အနည်းငယ် တွန့်ကွေးသွားသည်။ 


" ဒါက မင်းအတွက်၊ အိပ်ရာပေါ်တင်ထားလို့ရတယ်"


ချီချန်အန်းက အံ့ဩသွားပြီးနောက် ကူကယ်ရာမဲ့နေဟန်ဖြင့် ရယ်မောလိုက်ကာ "ကောင်းပါပြီ ကိုယ်နဲ့အတူတူအိပ်ဖို့ ဒါကို ပြန်ယူသွားလိုက်မယ်"


_



ရွှီနျောင်နျောင်ရဲ့ ခံစားချက်လေး...။


ဘိုင်...။


ငါမင်းကို လွမ်းနေမှာပါ.....အမွှေးပွပွဝက်ရုပ်လေးရေ။



____


Translated By IQ-Team.