အပိုင်း ၂၂
Viewers 10k

Chapter 22


------------


ချီချန်အန်းက ရေဘားကိုဖွင့်ပြီး သူ့မျက်နှာပေါ် ရေလက်တစ်ဆုပ်စာလောက် ပတ်ဖြန်းပစ်လိုက်သည်။ ရေစက်လေးတွေက သူ့မေးရိုးကောက်ကြောင်းတစ်လျှောက် စုစည်းကာ တစ်တောက်တောက်နှင့် ရွှဲစိုကျနေသည်။ မျက်လုံးများအားမှိတ်ပြီး သူ့နှလုံးသားထဲမှ မနာလိုစိတ်နှင့် လောဘကို ဖြည်းဖြည်းချင်း ဖိနှိပ်လိုက်ရာ နောက်ဆုံးတွင် မည်သည့် အရိပ်အခြေမျှ ကျန်မရှိတော့ချေ။


သူ့ကို မခြောက်လန့်မိစေနဲ့......


အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ချီချန်အန်းက ရေချိုးခန်းတံခါးကိုဖွင့်လိုက်ချိန်တွင် ရွှီလော့ယန်က သူ့အဝတ်တွေကို ထည့်ရန် ကူညီပေးနေတာကို တွေ့လိုက်ရသည်။


 "ချန်းအန်း ဗိုက်ဆာနေပြီလား"


ရွှီလော့ယန်က ဗီရိုတံခါးကိုပိတ်ပြီး ချီချန်အန်းကိုမေးရန် လှည့်ကြည့်လိုက်သည်။ 


တစ်ဖက်သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေတာကို တွေ့ရသဖြင့် စိတ်မပူဘဲ မနေနိုင်ဖြစ်သွားရ၏။


 "မင်း နေမကောင်းဘူးလား"


ချီချန်အန်းကခေါင်းယမ်းပြလိုက်သည်။


"မဟုတ်ပါဘူး....ကိုယ်ဗိုက်မဆာသေးဘူး"


 "ကျွန်တော်အရင်ခနလောက်ရေ၀င်ချိုးလိုက်ဦးမယ် ခဏနေ နာရီ၀က်လောက်မှ အပြင်ထွက်ပြီး တခုခုစားဖို့ရှာရင်ရော ဘယ်လိုလဲ"


 "ကောင်းပြီ ကိုယ် မင်းကိုစောင့်နေမယ်"


နံရံပေါ်က သစ်သားတံခါးကို အလွယ်တကူပိတ်လိုက်ပြီး ရွှီလော့ယန်ထွက်သွားသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ ချီချန်အန်းက တစ်နေရာတည်းတွင် ရပ်နေမိပြီး ရွှီလော့ယန် နှင့် လုတိတို့၏ နောက်ပြောင်သံတို့အားလည်း မကြားရတော့ပေ။ သူအသက်ရှုကြပ်သလိုခံစားလာရသဖြင့် ကုတင်ပေါ်တွင် လေးလံစွာ လှဲလျောင်းရင်း မျက်နှာကျက်ကိုသာ စိုက်ကြည့်နေမိသည်။


လော့ယန် နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေအားလုံးထက် သူပိုရင်းနှီးချင်တယ်.....သူ့ကိုပိုပြီး ကောင်းပေးချင်တယ်.....အားလုံးထက်ပိုပြီး.....။


သူ့မျက်လုံးတွေကို သူ့လက်ဖမိုးအား မြှောက်ကာဖုံးကွယ်လိုက်ချိန်တွင် ချီချန်အန်းရဲ့ သူ့နှလုံးသားထဲမှ အလိုလောဘကြီး မတင်းတိမ်နိုင်ဖြစ်နေသည့် သားရဲကြီးကို အနည်းငယ် ငြိမ်သက်သွားစေ၏။


ကြည့်ရတာ...ငါ အရမ်းနေမကောင်းဖြစ်နေပုံရတယ်.....။


ရွှီလော့ယန် ရေချိုးခန်းမှ ထွက်လာချိန်တွင် ချီချန်အန်းကသူ့အားစောင့်ရန် အခန်းထဲသို့ရောက်နေသည်အားတွေ့လိုက်ရပြီး လုတိနှင့် စကားစမြည်ပြောနေပေသည်။ 


ဆံပင်ကိုမှုတ်နေရင်း စကားလုံးအနည်းငယ်ကို နားထောင်နေမိပြီး တစ်ချိန်တည်းတွင်တွေးလိုက်မိသည်က--- လူတွေက ဘယ်အချိန်တုန်းက ဒီလောက်ရင်နှီးဖို့လွယ်ကူသွားကြတာလဲ.....


"ရွှီကော ရွှင်းယန် ကို ပထမဆုံး ရုပ်ရှင်ရိုက်ဖို့ လာတုန်းက အသက် 20 ပဲ ရှိသေးတယ်လေ.....ဆောင်းတွင်းဆို ဒီက အရမ်းအေးတာ....ဒါရိုက်တာကဇာတ်ကားကို အမှီလုပ်နိုင်ဖို့ပဲဆိုင်းပြင်နေတာ...အပြင်ဘက်က အပူချိန်က 0ဆဲစီးယက်စ် အောက်ထိတောင်ရောက်နေပြီဆိုတာကြ မသိဘူးလေ"


လုတိက သက်ပြင်းချလိုက်ပြီး"ရွှီကောရဲ့ ဇာတ်ကောင်က ချီလန်ချန်း၊ အလင်းနဲ့ အ‌မှောင် ဆယ့်လေးပြည်ထောင်ရဲ့ ဓားတစ်လက်ကိုင်ဆွဲတဲ့ ဒုတိယဇာတ်လိုက်ပေါ့....သူက ကိုယ်ဖော့တဲ့ နေရာမှာ အရမ်းတော်တာ ဒါပေမယ့် ဒီလို ပြေပြစ်တဲ့ နတ်သားလိုအငွေ့အသက်ကို ဖန်တီးဖို့အတွက် ဝတ်စုံတွေက အရမ်းပါးလွှာလွန်းတယ်လေ...အဲ့ဒီအချိန်တုန်းက ဖြစ်ချင်တော့ ရွှီကောကလည်း လူငယ်ကြိုက်ဇာတ်လမ်းတွေမှာပဲ သရုပ်ဆောင်ခဲ့ဖူးတာလေ...အဲ့ဒီတော့ သူကကြိုးစားပြီးသရုပ်ဆောင်ပေမယ့် အရည်အချင်းမပြည့်မီဘူးဆိုပြီး ဒါရိုက်တာက အပြစ်တွေစွပ်တင်ပြီး သူ့ကို ထပ်ထပ်သရုပ်ဆောင်ခိုင်းလို့ ခဏခဏပြန်ပြန်ရိုက်ခဲ့ရတယ်....


ကျွန်တော်မှတ်မိပါသေးတယ် အဲဒီနေ့က ရွှီကောက လေထဲမှာ ဆယ်နာရီကျော်လောက်ကြာအောင် ပျံနေခဲ့ရတာ သူဆင်းလာတော့ အေးခဲတောင့်တင်းနေပြီလေ လက်ဖျားခြေဖျားတွေဆို အာရုံခံစားမှုကိုမရှိတော့ဘူး....သူ့ကိုအ၀တ်ထူထူနဲ့ထုပ်ပြီး ရေနွေးအိတ်ပေးလိုက်မှ နည်းနည်းပါးပါးအဆင်ပြေသွားတာ ကျွန်တော်ကလည်းသူနွေးအောင်ဆိုပြီး စွပ်ပြုတ်ပူပူလေးပါပြင်ပေးရတာပေါ့....နောက်ကျတော့ သူသောက်နေတုန်း ကိစ္စလေးရှိလို့ အပြင် ခဏထွက်သွားလိုက်တာ သိပ်မကြာဘူးပြန်လာတော့ စွပ်ပြုတ်သောက်ရင်း သူ တိတ်တိတ်လေးငိုနေတာကို တွေ့လိုက်ရတယ်လေ...ဟင်း...သူကဘယ်သူကိုမှ သူငို့တာမတွေ့စေချင်တဲ့ပုံဘဲ...“


လုတိ ဟာ ယခုအချိန်ထိ ထိုအကြောင်းအား တွေးလိုက်တိုင်း ဝမ်းနည်းနေရတုန်းပင်။ သူက ဆက်မပြောခင် ခေတ္တရပ်လိုက်ပြီးမှ ဆက်ပြောလာ၏။


"အဲဒီတုန်းက ကျွန်တော်စဉ်းစားလိုက်သေးတယ် ရွှီကောသာ ပေါ်ပြူလာဖြစ်လာရင် အဲ့ဒီမိုက်မဲတဲ့ ဒါရိုက်တာကို ငါတို့လှည့်တောင်မကြည့်ဘူးကွဆိုပြီး..."


 ရွှီလော့ယန်က ဆံပင်လေမှုတ်စက်ကို ပိတ်လိုက်ပြီး ထိုစာကြောင်းကို ကြားလိုက်ချိန်တွင် ရယ်မောလိုက်မိသည်။ 


"ဒါရိုက်တာရှင်းရဲ့ရှန်းရှရုပ်ရှင်တွေက အရည်အသွေးမြင့်တဲ့ လက်ရာတွေလေ တခြားသူတွေ အတူတွဲလုပ်ချင်ရင်တောင် အခွင့်အလမ်းက သိပ်မရှိဘူး” 


 ရွှီလော့ယန်က ဆက်၍ဆိုသည်။ 


"အဲဒီအချိန်တုန်းက ကျန်းကောက ခြေထောက်ကျိုးသွားတော့ သူက ဇာတ်သိမ်းပိုင်းအမြန်ရိုက်ကူးနိုင်အောင် ကူညီပေးခဲ့တာလေ..." 


သူကပြောနေရင်းဖြင့် ချီးချန်အန်းကိုကြည့်လိုက်သည်။


"သူ့ရဲ့အဓိပ္ပာယ်မရှိတာတွေ နားထောင်မနေနဲ့....အဲလောက်အထိလည်း သနားစရာမကောင်းပါဘူးဗျာ...."


လုတိက မြန်မြန်လေး ဖြတ်ပြောလိုက်သည်။


"အဲ့ဒါထက် ပိုဆိုးတာရှိသေးတယ်လေ မင်း‌ ကြိုးဆွဲပေါ်ကနေ တစ်ခါပြုတ်ကျတုန်းကဆို ကျန်းကောနဲ့ ကျွန်တော်တို့ အသက်ရှူရပ်မလိုတောင်ဖြစ်တော့မို့“


လက်ငါးချောင်းလုံးက တုန်ယင်သွားပြီးနောက် လက်သီးကို တိတ်တဆိတ် တင်းတင်းဆုပ်လိုက်ပြီး ချီချန်အန်းက မျက်မှောင်ကြုတ်ကာမေးလိုက်သည်။


 "ကြိုးဆွဲပေါ်က ပြုတ်ကျတာ ဟုတ်လား"


ရွှီလော့ယန်က လုတိကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ချီချန်အန်းရဲ့အမေးကို အမြန်ဖြေလိုက်၏။


"အဲဒီတုန်းက ရိုက်ကူးနေတုန်း မတော်တဆမှုတစ်ခု ဖြစ်ခဲ့ရံာပါ ဒါပေမယ့် အမြင့်က သိပ်မမြင့်ဘူး ပြုတ်ကျတာကလည်း ဘာမှ သိပ်မပြင်းထန်ပါဘူး"


လုတိက လိုအပ်နေသည့် အဓိကအချက်များထည့်ရန် အလျင်အမြန်လုပ်ဆောင်လိုက်သည်။


"အဲဒီတုန်းက တချို့လူတွေက ရွှီကောက သင်ယူတာမြန်လို့ မနာလိုဖြစ်ပြီး ညစ်ပတ်တဲ့လှည့်ကွက်တွေကို လုပ်ခဲ့ကြတာ...ဒါရိုက်တာပေါင်က ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်တာလိုချင်တယ်ဆိုလို့ ကျွန်တော်တို့ငြိမ်ခံခဲ့ရတယ်လေ “


ချီချန်အန်းရဲ့ မျက်၀န်းတွေ အေးစက်လာတာကို မြင်လိုက်ရသည်နှင့် ရွှီလော့ယန်က လုတိကို ပိတ်ကန်လိုက်ကာ- "ကောင်းပြီ...တော်တော့ ချန်အန်း နဲ့ ငါ ညစာသွားစားလိုက်ဦးမယ် မင်းဘာသာမင်းသာ သေချာဂရုစိုက်"


ဓါတ်လှေကားထဲတွင်၊ ချီချန်အန်းက ရွှီလော့ယန်ရဲ့ မျက်နှာကိုအကြည့်ရှောင်ကာမေးလာသည်။


"ပြုတ်ကျသွားတာက နာသေးလား နောက်ဆက်တွဲပြသနာတွေရှိသေးလား"


သူ ရုတ်တရက် စွမ်းအားမဲ့သွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆို ဤကိစ္စတွေက သူနှင့် ရွှီလော့ယန် မဆုံခင်တုန်းက ဖြစ်ပျက်ခဲ့တာတွေပင်။ နှစ်တွေအတော်လွန်ခဲ့ပြီ။


 "မင်းအဲ့ဒါကိုစဉ်းစားနေတုန်းလား" 


ရွှီလော့ယန်သည် တစ်ဖက်လူက သူ့ကို အမှန်တကယ် ဂရုစိုက်ကြောင်း သိလိုက်ရသည်နှင့် အလှဆင်ထားသော နုနုယွယွဗားရှင်းကို နားထောင်ရန် လုတိဆီသို့ သွားစရာမလိုဘဲ သူကိုယ်တိုင်ပင် ထိုင်ပြောချင်သွားသည်။ 


သူ့လေသံက ဖြေလျော့သွားသည်။ 


"ဒါက နောက်ဆက်တွဲရယ်လို့တော့ ဘာမှမရှိပါဘူး.... ပြုတ်ကျတဲ့အချိန်တုန်းက ကျွန်တော်ခေါင်းကို သတိရှိရှိ ကာကွယ်ခဲ့တယ်လေ..... ကြီးကြီးမားမား ပြဿနာ မရှိဘူး ကျွန်တော်လက်ချောင်းလေးတွေ ကျိုးသွားရုံလောက်ပါပဲ ဒါဘဲရယ်...."


ရွှီလော့ယန်က သူ့ရဲ့ ဘယ်လက်ကို မြှောက်ပြီး ချီချန်အန်းကို ပြလိုက်သည်။


“အဲဲဒီလုပ်ကြံတဲ့လူက ကျွန်တော်ကို ဇာတ်ကားကနေ နုတ်ထွက်စေချင်တာလေ သေချာပေါက် ကျွန်တော်က သူလုပ်ချင်တာကို လုပ်ခွင့်မပေးနိုင်ဘူးလေ ကံကောင်းလို့ ကျွန်တော်လက်ချောင်းလေးတွေပဲ ကျိုးသွားတာ ကျွန်တော်ဇာတ်ကောင်ရဲ့ အင်္ကျီ၀တ်ရုံလက်တွေက ရှည်လွန်းတော့ ဇာတ်ကားရိုက်ရင် ဖုံးထားနိုင်တယ်လေ သေချာမကြည့်ရင်မမြင်ရဘူးလေ...နောက်ပိုင်းကျ ကျွန်တော်လည်းအလုပ်များနေတာနဲ့ အရိုးသန်မာရေးပိုင်းလေ့ကျင့်ခန်းတွေမှာ သေချာလိုက်မလုပ်မိခဲ့ဘူး....အရိုးတွေက ပြန်ကောင်းသွားပေမယ့် အရမ်းတော့သဘာ၀မကျတော့ဘူး...ဒါပေမယ့် သေချာမကြည့်ရင် ဘယ်သူမှသတိမထားမိကြပါဘူး...ကိစ္စမရှိဘူးရယ်"


ချီချန်အန်း၏မျက်လုံးများက သူ့ဘယ်ဘက်လက်၏လက်ချောင်းလေးများပေါ်တွင် ကျဆင်းသွားပြီး အမှန်ပင်အရိုးတချို့က အနည်းငယ်ပုံစံမကျစွာ ငေါ်ထွက်နေတာကိုတွေ့လိုက်ရသည်။ ယင်းက သူ့နှလုံးသားကို ချွန်ထက်နေသောဓားဖြင့် ထိုးဆွလိုက်သလို ခံစားလိုက်ရသည်။ 


သူက လက်အား ဂရုတစိုက်ဖြင့်ကိုင်လိုက်ကာ...


"နာသေးလား"


"မနာတော့ပါဘူး" 


ရွှီလော့ယန်က သူ့လက်ချောင်းလေးတွေကို ကွေးပြီး ချီချန်အန်းရဲ့ လက်ဖမိုးကို အသာကုတ်လိုက်၏။


"ဘာပဲဖြစ်ဖြစ် အမြင့်ကိုဖားပြီး အနိမ့်ကိုချနင်းတတ်ရုံတင်မကဘူး ညစ်ပတ်တဲ့လှည့်ကွက်တွေကိုပါ ထမင်းစားရေသောက်သလို ရက်ရက်စက်စက် ကစားနေတဲ့ ဒီစက်ဝိုင်းဒီလောကထဲမှာတော့ ဒီလိုအဖြစ်မျိုးဆိုတာ ပုံမှန်ပါဘဲ"


ထို့နောက် သူက ချီချန်အန်းထံ အသာတိုးကာချဉ်းကပ်ပြီး လိမ္မာပါးနပ်တဲ့အသံဖြင့် ဆိုလိုက်သည်။


"ဒါပေမယ့် အဲဒီ ဒါရိုက်တာက ကျွန်တော်ကို ဇာတ်ကားရိုက်ဖို့ ထပ်ကမ်းလှမ်းသေးတယ် ဘယ်ရမလဲ ကျွန်တော်လည်း တိုက်ရိုက်ငြင်းပယ်ပစ်လိုက်တယ်လေ အဲ့ဒီတည်းက သူနဲ့ ထပ်မတွေ့ဖြစ်တော့ဘူး"


ချီချန်အန်းက သူ့ကိုနူးညံ့ညင်သာသောအကြည့်ဖြင့် ကြည့်ရင်းရယ်မောလာသည်။ 


"အင်း မင်းသူနဲ့ မကစားချင်ဘူးဆိုရင် ကိုယ်လည်းသူနဲ့မကစားတော့ဘူး"


"မဟုတ်သေးဘူး၊ သူက ကိုယ်ခံပညာရုပ်ရှင်တွေ ဖန်တီးတဲ့နေရာမှာ အကောင်းဆုံးဖြစ်နေတုန်းပဲ မင်းမှာသာ ဇာတ်ညွှန်းကောင်းရှိမယ်ဆိုရင် မင်းတို့ပူးပေါင်းသင့်တယ်....."


"မလုပ်ဘူး"


ချီချန်အန်းခေါင်းယမ်းလိုက်သည်။


"သူက မင်း အပေါ်ကို မကောင်းဘူး ကိုယ် သူနဲ့ ဘယ်တော့မှပူးပေါင်းတော့မှာ မဟုတ်ဘူး" 


သူ့လေသံက ပေါ့ပါးနေပေမယ့် သူ့မျက်လုံးတွေက ခက်ထန်လွန်းနေ၏။


ရွှီလော့ယန်က ပြုံးရုံသာပြုံးလိုက်ပြီး မည်သည်မျှပြန်မပြောတော့ပေ။


စည်းမျဥ်းစည်းကမ်းတွေမပါဘဲ အကာအကွယ်ပေးခံရတဲ့ ခံစားချက်အပေါ် သူတကယ့်ကို စွဲလမ်းနေခဲ့ပြီပင်။


ဟော်တယ်ကထွက်လာတော့ နှစ်နာရီထိုးနေပြီဖြစ်သည်။ ရွှီလော့ယန်က ချီချန်အန်း နှင့်အတူ ဘယ်ညာလျှောက်ပတ်ကြည့်ကာ နောက်ဆုံးတွင် စွပ်ပြုတ် စားသောက်ဆိုင်သို့သာသွားကာ နေရာယူရန်ကြံရွယ်လိုက်သည်။ သူတို့ ခြေချပြီး မကြာဘူး၊ သူ့ကို ပရိတ်သတ် ခုနစ်ယောက် ရှစ်ယောက်က သတိထားမိသွားကြသည်။


ရွှီလော့ယန် ရဲ့ အချစ်တော် ပရိသတ်တွေက ယဥ်ကျေးသည့်နေရာမှာ နာမည်ကြီးသည်။ သူတို့ရပ်တန့်လိုက်သည်နှင့် သူတို့တို့က အသိစိတ်ရှိရှိ လက်မှတ်ထိုးခိုင်းကြပြီးနောက် စကားအနည်းပြောဆိုဖြစ်ကြသည်။


တစ်ချိန်တည်းတွင် သူတို့က ရက်အနည်းငယ်တည်းခိုမည့်နေရာ၊ သူတို့နေထိုင်သည့် နေရာလုံခြုံမှုရှိမရှိတို့ကို မေးမြန်းကြ၏။


သူကလက်မှတ်များအား ထိုးပေးနေရင်းမှ


"မင်း နေ့တိုင်း ပျော်မယ်လို့ ငါမျှော်လင့်တယ်"


ပြီးတာနှင့် သူ့အရှေ့မှာ ရပ်နေတဲ့ ကလေးမလေးရဲ့ ရှက်ရွံ့စွာ ပြောလာသော အသံအားကြားလိုက်ရသည်။


"မစ္စတာချီကို လက်မှတ်ထိုးခိုင်းဖို့ရောပြသနာများရှိလားဟင် ညီမတို့အားလုံးက ရှေးဟောင်းမြို့တော်မှာ ရပ်နေကြတာလေ “


[ ကုချန် mean ရှေးဟောင်းမြို့တော် Cp Name ]


ရွှီလော့ယန်က နားလည်စွာဖြင့် အသာရယ်မော၍ပြောလိုက်သည်။


"ငါသူ့အဖို့ ဆုံးဖြတ်ချက်ချတာမျိုး မလုပ်ပေးနိုင်ပေမယ့် ငါ မင်းအတွက်တော့ မေးပေးနိုင်ပါတယ်" 


သူကထိုသို့ပြောပြီးသည်နှင့် သူ့အား စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေသော ချီချန်အန်းထံ ချောင်းဆိုးဟန်ဆောင်ကာလှည့်ကြည့်၍ မေးလိုက်၏။


"မစ္စတာချီ မင်း လာပြီးလက်မှတ်ထိုးပေးလို့ရမလား"


ချီချန်အန်းက ရွှီလော့ယန် ခေါ်သံကြားသည်အထိ ဆိုင်၀ကမီနူးကိုပဲ အာရုံမရှိအသိစိတ်လွတ်စွာ ကြည့်နေမိသည်။ ယနေ့တွင် သူက အပေါ်ဝတ် အနက်ရောင်၊ အတွင်းတွင်အင်္ကျီအဖြူနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ၀တ်ဆင်ထားပြီး အရပ်ရှည်ပြီး ကြည့်ကောင်းသောခြေတံရှည်များ ရှိသော်လည်း စိတ်နေစိတ်ထားကမူ အေးစက်နေကာ အခြားသူနှင့် သိပ်စကားမပြောချင်ပေ။


"ဘယ်မှာလက်မှတ်ထိုးရမလဲ"


ချီချန်အန်းက ရွှီလော့ယန်ထံမှ ဘောပင်ကိုယူကာ နူးညံ့သိမ်မွေ့စွာဖြင့် သူ့အသံကို နိမ့်ချ၍မေးလိုက်သည်။


[ ကမ္ဘာ့No.1 ကြာပန်းဖြူလေး ချီချန်အန်း🙂 ]


ရွှီလော့ယန်က သူ့လက်မှတ်ကို လက်ညိုးထိုးပြကာ


"ကျွန်တော်ဘေးမှာ နည်းနည်းပိုနီးအောင်ရေးဖို့ မမေ့နဲ့"


"ကောင်းပြီ။"


ချီချန်အန်း၏ သူ့နှုတ်ခမ်းထောင့်မှာ အပေါ်သို့အနည်းငယ်ကွေးညွှတ်သွားပြီး ရွှီလော့ယန်ကို မေးလိုက်၏။


"ကုချန် cpရဲ့ ပရိတ်သတ်များလား"


ဖျူးမီးအလင်းရောင်ကဲ့သို့ ချီချန်အန်း၏ပါးစပ်မှ "ကုချန်cp" ဟူသော စကားလုံးက ထွက်ပေါ်လာချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ ပရိသတ်များမှာ တိုးညှင်းသောအသံဖြင့် အော်ဟစ်ခြင်းမပြုဘဲမနေနိုင်ကြတော့ပေ။


ရွှီလော့ယန်က အပြုံးလေးဖြင့် မျက်လွှာချလိုက်ပြီး လေးနက်ချင်ဟန်ဆောင်လိုက်သည်။


 "မစ္စတာချီ မင်းက အကုန် ကောင်းကောင်းသိတာဘဲ"


 "အင်း ဘာလို့ဆို မင်းက ကိုယ့်ကို ကောင်းကောင်းသင်ပေးထားတယ်လေ"


ချီချန်အန်းက သူ့ဘောပင်ကို ယူလိုက်ပြီး ရွှီလော့ယန်၏လက်မှတ်ဘေးမှာ သူ့နာမည်ကို အသေအချာလေး ရေးထိုးပေးလိုက်သည်။


ထိုအချိန်တွင် ဆံပင်ရှည်ရှည်၊ မျက်လုံးကြီးကြီးဖြင့် မိန်းကလေးတစ်ယောက်က ရွှီလော့ယန် ကို ရုတ်တရက် မေးလာသည်။


"ကော......ကောက ပက်ပါပစ်ကို တကယ်ကြိုက်တာလား..."


စကားမဆုံးခင်၌ပင် ရှက်သလိုခံစားလိုက်ရသည်။


 "••• "


ရွှီလော့ယန်မှာ ပက်ပါပစ်နှင့် အနာဂတ်တွင်တစ်သက်လုံး အတူတူဖြတ်သန်းနိုင်တော့မည်မဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ 


သူက သူမထံ တည့်တည့်ကြည့်ကာဆိုလိုက်သည်။


"မဟုတ်ဘူး ငါမကြိုက်ဘူး" 


ချီချန်အန်းက သူ့နာမည်ကို လက်မှတ်ထိုးခြင်းပြီးသွားချိန်တွင် သူပြောတာကိုကြားလိုက်သဖြင့် သူက သဘာ၀ကျကျဖြင့် ၀င်ဖြေပေးလိုက်သည်။


"သူက ကိုယ့်အပိုင်လေ သူကစားဖို့ ခနလောက်ပေးကိုင်ထားတာ"


 "ဒါ နို့သွား၀ယ်တုန်းကရခဲ့တဲ့ လက်‌ဆောင်"


နှစ်ယောက်သား တစ်ပြိုင်နက် စကားပြောလိုက်ကြပေမယ့် အပြန်အလှန် ပြတ်ပြတ်သားသားနားလည်မှုတွေမရှိကြသေးသဖြင့် အဖြေကတလွဲစီထွက်လာသည်။


သူတို့မျက်နှာမှာ လေနှင့်အတူ ပျောက်ကွယ်သွားပြီဟု ခံစားလိုက်ရသဖြင့် ရွှီလော့ယန်က ချီချန်အန်း၏ လက်မဖိုးကို သူလက်ဖြင့်ထပ်ကိုင်လိုက်သည်။


ပရိသတ်အများအပြားရဲ့ မျက်လုံးများက တောက်ပလာကြပြီး တစ်စုံတစ်ခုကို တိုးတိုးပြောကြနေသဖြင့် ရွှီလော့ယန်ကစကားအချို့ကိုကြားလိုက်ရသည်။


"ကာကွယ်ပေးတယ်" "နူးညံ့ယုယပေးတတ်လိုက်တာ" နှင့် "ကုချန် ပတ်ခ်ပါပစ်" တို့ပင်။


 ရွှီလော့ယန်: "•••" 


မတတ်နိုင်ဘူး ဘာမှမကြားချင်ယောင်ဆောင်လိုက်ရုံပေါ့.....


ဘောပင်အဖုံးကိုပိတ်ပြီးနောက် ချီချန်အန်းက 


"ကိုယ်တို့ ညစာစားတော့မယ် မင်းတို့အိမ်ပြန်လမ်းမှာ ဘေးကင်းပါစေ" 


သူ့လေသံက မကြမ်းတမ်းသော်လည်း မသိစိတ်က လူကိုဆွဲဆောင်နိုင်စွမ်းရှိသည်။ ပရိသတ်အများအပြားက သူတို့ကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်း အထပ်ထပ်အခါခါ ခေါင်းညိတ်ပြပြီး မကြာမီ ထွက်ခွာသွားကြ၏။


လူနှစ်ယောက်က စားပွဲနေရာကို လျှောက်လာရင်း၊ ရွှီလော့ယန်က ချီချန်အန်းကိုမေးလိုက်သည်။


"သူစိမ်းတွေနဲ့ အရမ်းရင်းနှီးရတာ စိတ်မသက်မသာ ခံစားရလား"


 "အကုန်အဆင်ပြေပါတယ်" 


ချီချန်အန်းက သူ့လက်ကို သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး သူ့စကားအပေါ် မှတ်ချက်ပြန်ပေးလိုက်သည်။


"မင်းအနားမှာရှိနေရင် အရာအားလုံးအဆင်ပြေတယ်"


__



Translated By IQ-Team.