အပိုင်း ၁၄
Viewers 10k

Chapter 14




လွန်ခဲ့သည့်ရက်များအတွင်း သူက သက်သက်လွတ်သာစားနေခဲ့ရသည်။ ချီချန်အန်း သယ်ယူလာပေးမည့် ဒေသထွက်ကုန်များနှင့် သူ့ရဲ့အစာသိုလှောင်အိတ်လေးများကို ဖြည့်တင်းရန်အတွက် ညနေခင်းအချိန်များ၌ ဝက်သားနှင့် အသားကင်များစားချင်သည့် သူ့ စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရသည်။ 


"ခင်ဗျား လုပ်စရာရှိတာကို အရင်လုပ်လေ ကျွန်တော် ဒါတွေထုတ်ပြီး သွားထားလိုက်မယ် နွေရာသီက အစားအသောက်တွေ ပုတ်သိုးလွယ်တယ်" 


အစက ချီချန်အန်းမှာ ရွှီလော့ယန်နှင့် စကားတွေအများကြီးထပ်ပြောချင်နေသေးသည်။ သို့သော် ထိုသူ၏မျက်လုံးထဲမှ မျှော်လင့်ချက်များအား မြင်လိုက်ရသည့်အခါ သူ့မှာ အလိုလိုရှုံးနိမ့်သွားရသည်။ 


"ကောင်းပြီ မင်း တစ်ခုခုလိုရင် ကိုယ့်ကိုခေါ်လိုက်နော်" 


ရွှီလော့ယန်က သူသိကြောင်း ပြန်ဖြေလိုက်ပြီးနောက် သူ့ရဲ့ပစ္စည်းများအား ပျော်ရွှင်စွာထုတ်ယူနေတော့သည်။


ခရီးဆောင်အိတ်ထဲမှအဝတ်များအား ဗီရိုထဲတွင်ထည့်ပြီးသည့်အခါ သူ့အိတ်ထဲမှ သေးငယ်သည့်ငါးပုံစံသစ်သားပန်းပုလေးအား ချီချန်အန်း ထုတ်ယူလိုက်သည်။ ထိုအရာလေးက အိတ်ဆောင်အရွယ်လေးဖြစ်ကာ၊ လေယာဉ်ပေါ်၌ သူထွင်းထုလာခဲ့ခြင်းပင်။ မနက်ဖြန် ဆရာကျွမ်းဆီသို့ယူသွားကာ ပြောင်ခက်နေအောင် ပေါ်လစ်တိုက်၍ ရွှီလော့ယန်အား ပေးမည်ဖြစ်သည်။


သူက ရေချိုးဝတ်စုံကိုယူပြီး ရေသွားချိုးရန်ပြင်စဉ် သူ့ဖုန်းက မြည်လာသည်။


"လျန်ချိုး.." 


ချီချန်အန်းက ဖုန်းကိုင်လိုက်ပြီး သူ့အစ်ကိုဆီမှ သူပြန်သွားတာကို လျန်ချိုးသိသွား၍ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။


"ဒီလောက်နောက်ကျနေမှ အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ် သခင်လေးချီ" 


လျန်ချိုးမှာ ချီချန်အန်းအနားမယူရသေးဟု ကြားထားပြီးဖြစ်သဖြင့် အမြန်ဆက်ပြောလိုက်သည်။ 


"မနေ့က မစ္စတာရွှီက ဒါရိုက်တာကျန်းရဲ့ရုပ်ရှင်ကနေအထုတ်ခံရပြီး ရှစ်ယွမ်ဟောက်ဆိုတဲ့ သရုပ်ဆောင်တစ်ယောက်နဲ့ အစားထိုးခံလိုက်ရပြီလို့ ကောလဟာလသတင်းတစ်ခု တက်လာပါတယ် ကျွန်တော်စစ်ဆေးကြည့်လိုက်တော့ အဲ့ဒီသတင်းက ရှစ်ယွမ်ဟောက်ရဲ့‌မန်နေဂျာ ဝူပိဆီကနေလာတာပါ" 


"ဆက်ပြော" 


ချီချန်အန်း၏အသံမှနေတဆင့် ဒေါသကိုခံစားမိသဖြင့် လျန်ချိုးမှာ ရင်တုန်သွားရသည်။ အသေအချာပင်၊ ဖုန်းခေါ်ဆိုလိုက်သည်မှာ လွန်စွာမှမှန်ကန်သည့်ဆုံးဖြတ်ချက်ပင်။ 


"ဝူပိလက်အောက်မှာ အနုပညာရှင်သုံးယောက်ရှိတယ် တစ်ယောက်က ယွင်ရှု နောက်တစ်ယောက်က ရှစ်ယွမ်ဟောက် ပြီးတော့ အဆက်အသွယ်ကောင်းတွေရှိတဲ့ အဆိုတော်တစ်ယောက်လည်းရှိသေးတယ် သူက ရုပ်ရှင်ရဲ့ အဓိကရင်းနှီးမြုပ်နှံသူနှစ်ယောက်ကို နေ့လည်ပိုင်းတုန်းက နာမည်ကြီးကလပ်မှာ စားသောက်ပွဲတစ်ခုကိုဖိတ်ထားတာမို့ ပါးစပ်နဲ့ကတိ‌ပေးထားတာကို သူတို့ရထားတာဖြစ်မယ် အဲ့ဒါကြောင့်မို့လို့ ညနေပိုင်းမှာ သူတို့က လူထုအမြင်အတွက် စလုပ်တာဖြစ်မယ်" 


လျန်ချိုးက သတိကြီးကြီးဖြင့် ဆက်ပြောလိုက်သည်။ 


"လွန်ခဲ့တဲ့ နာရီဝက်တုန်းက အဲ့ဒီသတင်းက ထိပ်ဆုံးဆယ်နေရာကို ရောက်သွားပါပြီ" 


တံခါးက ဖွင့်ထားဆဲဖြစ်ပြီး ရွှီလော့ယန်ရဲ့ပျော်ရွှင်စွာ သီချင်းညည်းနေသံကိုပင် ကြားနေရလေသည်။ ချီချန်အန်းက ပြတင်းပေါက်အပြင်သို့လှမ်းကြည့်ကာ အစောပိုင်းတုန်းက ရွှီလော့ယန်သူ့Weiboအကောင့်ပေါ်တွင် "အိပ်လို့မရဘူး" ဟုရေးတင်ထားတာကို ချက်ချင်းအမှတ်ရသွားသည်။ ထို့ပြင် သူ့အား ဖုန်းပြောရင်း သူနှင့်အတူသရုပ်ဆောင်ရတာကို သဘောကျသလားဟုလည်း မေးခဲ့သေးသည်။ သူ့နှလုံးသားအတွင်းမှ ထုံထိုင်းထိုင်းကိုက်ခဲမှုတစ်မျိုးကို ခံစားလိုက်ရ၏။


"ဟက်..." 


ချီချန်အန်းက သူ့ရှပ်အင်္ကျီကော်လာမှာ ကြယ်သီးနှစ်လုံးအားလက်တစ်ဖက်တည်းဖြင့် ဆွဲဖြုတ်လိုက်သည်။ မွန်းကြပ်နေသည့်ခံစားချက်မှာ အနည်းအကျဉ်းမျှသာ သက်သာသွားပြီး သူ့မျက်ဝန်းထောင့်များထံ၌ အေးစက်စက်အရိပ်အငွေ့များနှင့်အတူ သူ့အသံက ခပ်နိမ့်နိမ့်ဖြစ်နေသည်။ 


"အရင်ဆုံး ငါ့အတွက် အဲ့ဒီ အဓိကရှယ်ယာရှင်နှစ်ယောက်နဲ့ဆက်သွယ်ပြီး ထမင်းတစ်နပ်လောက်အတူတူစားဖို့မေးလိုက် ဒုတိယတစ်ခုအနေနဲ့ အကယ်၍ ဒီရုပ်ရှင်ရဲ့ ရင်းနှီးမြှုပ်နှံသူတွေအကုန်လုံး နှုတ်ထွက်သွားရင် ငါပိုက်ဆံ ဘယ်လောက်ရင်းနှီးဖို့လိုလဲဆိုတာကို ကြိုပြီးအစီအစဥ်တစ်ခုဆွဲထား" 


ဖုန်းတစ်ဖက်မှလျန်ချိုးမှာ စက္ကန့်ပိုင်းမျှ တောင့်တင်းသွားရသည်။ 


သခင်လေးချီက အကယ်၍ ရင်းနှီးမြှုပ်နှံသူတွေနှင့် သဘောတူညီမှုယူလို့မရရင် သူ့ကိုယ်ပိုင်ပိုက်ဆံဖြင့်ရုပ်ရှင်ထဲရင်နှီးမြှုပ်နှံဖို့လုပ်နေတာလား။ 


သို့သော်လည်း သူကထပ်ပြီးတော့ မေးခွန်းမထုတ်ရဲပေ။ 


"ဟုတ်ကဲ့ပါ သခင်လေးချီ" 


ဖုန်းချပြီးသည့်နောက်၊ ချီချန်အန်းမှာ နေရာတွင်ပင်ရပ်နေရင်း၊ သူ့လက်ချောင်းများက ငါးပန်းပုလေးအားပွတ်သပ်နေမိသည်။ ထို့နောက် သူ့Weiboကိုဖွင့်ကာ စာလုံးခြောက်လုံးသာတင်လိုက်သည်။ 


"သူဒီမှာမရှိနိုင်ဘူးဆို ငါလည်း နှုတ်ထွက်မယ်" 


တစ်ဖက်မှဧည့်ခန်းထဲတွင်၊ ရွှီလော့ယန်မှာ သူ့ဖုန်းကိုကိုင်ကာ၊ ရေခဲသေတ္တာထဲမှ သပ်သပ်ရပ်ရပ်စီထားသည့် အစားအသောက်များအား ဓာတ်ပုံရိုက်နေစဉ်၊ ချီချန်အန်း၏Weiboမှ ပို့စ်အသစ်တင်လိုက်သည့်အသိပေးချက်မှာ ရုတ်တရက်ထွက်လာသည်။ သူက ချီချန်အန်း၏ အထူးဖော်လိုဝါတစ်ယောက်အဖြစ် သူ့ကိုယ်သူ သတ်မှတ်ထားလေသည်။ 


တိုတောင်းတောင်း စကားလုံးခြောက်လုံးကိုကြည့်ကာ ရွှီလော့ယန်ရဲ့နှလုံးသားလေးမှာ တုန်လှုပ်သွားရ၏။ 


____


ရေခဲသေတ္တာ၏ တကျီကျီမြည်သံမှအပ၊ အခန်းတစ်ခုလုံးမှာ အင်မတန်မှတိတ်ဆိတ်ငြိမ်သက်နေလေသည်။ 


‘သူဒီမှာမရှိရင် ငါလည်းနှုတ်ထွက်မယ်’ဟူသည့် စာလုံးခြောက်လုံးအား အချိန်အတန်ကြာသည်အထိ ငေးကြည့်နေမိပြီးနောက်၊ စာလုံး၏ စုတ်ချက်တစ်ခုချင်းစီတိုင်းက သူ့မျက်လုံးထဲ ထွင်းထုထားသကဲ့သို့ပင် စွဲမြဲသွား၏။ 


ရွှီလော့ယန်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ 


“ဒါက တကယ်ကို ညစ်ပတ်တာပဲ...”


လူတွေရဲ့စိတ်ကိုဖမ်းစားတဲ့နေရာမှာ နတ်ဆိုးတွေက ဒီလောက်တောင် တော်တာလား...။ 


သူက မနေနိုင်စွာ ချီချန်အန်း၏အိပ်ခန်းရှိရာသို့ ခေါင်းကိုစောင်းငဲ့၍ကြည့်မိသည်။ အခန်းတံခါးမှာ သေချာမပိတ်ထားသဖြင့် အနည်းငယ်ဟနေပြီး တောက်ပသည့်အလင်းရောင်က တံခါးကြားကိုဖြတ်၍ကြမ်းပြင်ပေါ်သို့ ဖြာကျနေလေသည်။ 


ထိုအလင်းမျှင်လေးများက ငါးမြှားချိတ်လေးအသွင်ပြောင်းလဲကာ၊ သူ့နှလုံးသားထဲတွင် အသေအချာဖုံးကွယ်ထားသည့် နာကြဉ်းချက်များအား ပိုးကြိုးမျှင်လေးများကဲ့သို့ ဖြည်းဖြည်းချင်း ဆွဲထုတ်ယူဆောင်သွားတော့သည်။ 


သူ့မိဘများ ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားပြီးနောက်၊ ရွှီလော့ယန်၏ကောင်းကင်ကြီးမှာ ပြိုကျသွားခဲ့သည်။ ထိုအချိန်က သူ့အသက် တစ်ဆယ့်ခုနစ်နှစ်သာရှိသေးပြီး ပထမဆုံးအနေဖြင့် သေခြင်းတရားဆိုသည့် အဓိပ္ပာယ်ကို သူနားလည်ခဲ့ရ၏။ 


အချိန်ခြောက်လခန့်မျှယူ၍ လောကကြီး၏အေးစက်မှုနှင့် လူ့နှလုံးသားတို့ရဲ့စဉ်းလဲမှုများကို လက်ခံနိုင်ရန်ကြိုးပမ်းခဲ့ရသည်။ သူ့ကိုယ်ပေါ်မှ သွေးသံတရဲရဲဒဏ်ရာများ အနာဖေးတက်စေရန် သူက နောက်ထပ်အချိန်သုံးလမျှ ထပ်ယူခဲ့ရပြီး တဖြည်းဖြည်းချင်း နေ့စဉ်လမ်းပျောက်နေခဲ့ရရင်းမှ ယင်းကိုသံချပ်ကာအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့လေသည်။ 


အဆုံးတွင်တော့၊ သူက သူ့ခြေထောက်ပေါ်သူရပ်တည်ကာ၊ ပြိုကျလာသည့်ကောင်းကင်ကြီးအား ပြန်လည်တွန်းတင်နိုင်ခဲ့သည်။ 


ဤလောကကြီးထဲတွင် သူတစ်ဦးတည်းသာရှိနေကြောင်းနှင့် ဟန်ဆောင်ဒေါသဖြင့် “လိမ္မာစမ်းပါ မား နောက်ထပ်စာလုံးရေ သုံးရာလောက်ရေးပြီးသွားရင် သားကို ပုံပြင်စာအုပ်တစ်အုပ်ဖတ်ပြမယ်လေ” ဟု ပြောလာမည့် မားဟုသူခေါ်ဆိုရမည့် တစ်စုံတစ်ဦးလည်း ထပ်ရှိလာတော့မည်မဟုတ်ကြောင်း သူနားလည်ခဲ့သည်။ 


ထို့ပြင် သူ့အနေနှင့် ပါး ဟုခေါ်ရမည့် အခြားလူလည်း မည်သည့်အခါမျှ ရှိလာနိုင်တော့မည်မဟုတ်ပေ။ ထိုသူက သူ့လက်ကျန်အင်အားဖြင့် သူ့လက်ကို ဆွဲကိုင်ကာ၊ သူ့ကိုပြောခဲ့၏။


“လော့ယန် ပါးက သားကို အနာဂတ်မှာ ကောင်းကောင်းမွန်မွန် လုံလုံခြုံခြုံနဲ့ ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ် အခု ပါးက မင်းရဲ့ မာမား နောက်ကို လိုက်သွားရတော့မှာ မြေကြီးအောက်မှာက အေးတယ်လေ သူတစ်ယောက်တည်းဆို ကြောက်နေလိမ့်မယ်”


သူတို့တွေအကုန် ထွက်သွားကြပြီး သူ့တစ်ယောက်တည်းကိုသာ ဤလောကကြီးထဲ ချန်ထားရစ်ခဲ့ကြသည်။ 


ဒါပေမယ့် ကျွန်တော်လည်း အေးတတ်တယ်၊ ကျွန်တော်လည်း ကြောက်တတ်တယ်လေ...။ ကျွန်တော်ရဲ့အိပ်မက်ဆိုးတွေကြောင့် ညသန်းခေါင်ဆို ငိုယိုပြီး နိုးလာရတာကျ သူတို့မသိဘူးလား...။ 


သို့ပေမယ့် တစ်ဖန်၊ သူက ဖြည်းဖြည်းချင်း အသားကျလာခဲ့သည်။ ထပ်ပြီး ခက်ခဲလာတဲ့အခါ၊ သူက အံကြိတ်ရင်းကျော်လွှားသွားလိမ့်မည်ဖြစ်သည်။ 


သူ့လည်ပင်းက ပြင်းထန်သည့်ဆို့နင့်မှုဖြင့် နာကျင်လာရသည်။ ရွှီလော့ယန်က နှာတရှုံ့ရှုံ့ဖြင့်၊ ရေခဲသေတ္တာထဲမှ ပစ္စည်းများကို ဆက်လက်စီနေလိုက်သည်။ သို့သော်၊ သူ့လက်ကိုဆန့်ထုတ်လိုက်သည့်အခါ၊ သူ့မြင်ကွင်းက ရုတ်ချည်းပင် ဝေဝါးသွားရသည်။ သူ့လက်များက အရွက်သိုလှောင်ခန်းကို တင်းတင်းကြပ်ကြပ်ကိုင်ထားသဖြင့် သူ၏လက်ချောင်းထိပ်များပင် ဖြူဖျော့နေသည်။ 


ငါ မငိုသင့်ပေမယ့် ထိန်းချုပ်လို့မရဘူး...။ 


သူ့နောက်မှ တစ်စုံတစ်ယောက်က သူ့အားပွေ့ဖက်လာခဲ့သည်။ ရင်းနှီးနေသည့်ရနံ့က သူ့အားဝန်းရံလာကာ တစ်ဖက်သူ၏လက်ချောင်းများက သူ့လက်ဖမိုးအပေါ်မှ အုပ်ကိုင်လာပြီး သိုလှောင်ခန်းရဲ့အစွန်းအား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့်သူ့လက်များကို ဖယ်ရှားပေးလေသည်။ ထိုသူ့အသံက ညနက်တွင် ပျော်ဝင်နေသကဲ့သို့ပင်။ 


“လော့ယန် ဒီမှာ အေးတယ်လေ”


သူ့ခေါင်းကိုသာခါပြကာ ရွှီလော့ယန်ကစကားမပြောပေ။ အကယ်၍ သူစကားပြောခဲ့ပါက သူ့အသံထဲမှ ရှိုက်သံများကို ကြားသွားမည်စိုးမိသည်။ 


ချီချန်အန်းက ရေခဲသေတ္တာတံခါးကိုပိတ်ကာ ရွှီလော့ယန်၏အနောက်၌ထိုင်ချပြီး သူြဆံပင်ကောက်ကောက်လေးများကို ကြည့်နေမိ၏။ 


"ကိုယ့်အထင် မင်း ကိုယ့် Weiboပို့စ်အောက်က ကောမန့်တွေကို မဖတ်ရသေးဘူးနဲ့တူတယ် ကိုယ် မင်းကို ဖတ်ပြပေးရမလား"


ပြောပြောဆိုဆိုဖြင့် သူ့ဖုန်းကိုထုတ်ကာ ကောမန့်အနည်းငယ်ကိုရွေး၍ စတင်ဖတ်ပြတော့သည်။


"လော့ယန်ရဲ့အချိန်ဇယားနဲ့တိုက်သွားလို့ အနုပညာရှင်ပြောင်းလိုက်ရတယ်ဆိုတာ ဘာသဘောလဲ လွန်ခဲ့တဲ့ခြောက်လကတည်းက ဒီဒရာမာကို ရိုက်ကူးဖို့ လော့ယန်ကသူ့ရဲ့အလုပ်တွေအကုန် နောက်ဆုတ်ထားတယ်လို့ ကြေငြာထားပြီးသား ဘယ်ကအချိန်က လာတိုက်နေရတာလဲ ငါတို့ကို ဥပမာလေး ပြောကြည့်ကြည့်..." 


"အာားးးးးးး ငါဒီစာကြောင်းကိုတွေ့တာနဲ့ ငိုမိတာပဲ လော့ယန်ရေ... မစ္စတာချီလိုပဲ ငါတို့လည်း မင်းကိုအမြဲ ထောက်ခံနေမှာ... မင်းမပါတဲ့ ဒီဒရာမာကို ငါတို့ကြည့်မှာမဟုတ်ဘူး"


"ဝူး ဝူး...ငါ လော့ယန်အတွက် အရမ်းကို စိတ်မကောင်းဖြစ်နေမိတယ် အခုလေးတင်ပဲ အသေ‌အကြေတိုက်ခိုက်ဖို့ ငါ့အင်္ကျီလက်တွေကို မထားတာ ဒါပေမယ့် ငါ အခုထိ ဒေါသထွက်နေတာ ပေါက်‌ကွဲတော့မတတ်ပဲ"


"ဪ...ငါ ကုချန် cp ကြောင့် အသက်ရှူမှားသွားရပြီ သူတို့က အပြောင်းအလဲလုပ်ဖို့လွယ်ပြီး ဖျက်စီးလို့မရနိုင်ဘူး" 


"လော့ယန်က သူ့ရဲ့Weiboမှာ အသစ်မတင်သေးဘူး သူတော်တော်ဝမ်းနည်းနေလောက်တယ် ဝူး ဝူး... ငါပိုပြီးတွေးမိလေလေ...ငါ့အသည်းလေးနာကျင်ရလေပဲ မစ္စတာချီရေ ကျေးဇူးပြု၍သူ့ကို ကောင်းကောင်းလေးနှစ်သိမ့်ပေးပါဦး...သူ့ကို တစ်ယောက်တည်း တိတ်တိတ်လေး ခိုးပြီးမငိုနေစေပါနဲ့နော်" 


ချီချန်အန်းဖတ်ပြနေသည်ကို နားထောင်ရင်း၊ သူကထပ်ပြီးဖတ်ရန်ပြင်လိုက်ချိန်တွင်၊ ရွှီလော့ယန်က မနေနိုင်တော့ဘဲ နောက်သို့လှည့်လိုက်ရသည်။ သူ့ရဲ့မျက်လုံးများက နီရဲနေဆဲဖြစ်သော်လည်း ထိုအရာက သူ့အားရယ်မောခြင်းကို မတားဆီး‌နိုင်ပေ။ 


"မစ္စတာချီ ကျေးဇူးပြုပြီး 'ဝူး ဝူး ဝူး' နဲ့ 'ဪ...' ဆိုတဲ့ အသံတွေကို လေးလေးနက်နက်ကြီး ဖတ်ပြနေတာကို ရပ်လို့ရမလား...ပြီးတော့ 'အာာားးးးး' ဆိုတာ ရောပဲ" 


"ကောင်းပြီလေ" 


ချီချန်အန်းက သူ့ဖုန်းကို အောက်သို့ချရင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ 


"မင်း ပြုံးနေတာ ကောင်းတယ်" 


တိတ်တိတ်လေးခိုးငိုနေတာကို ဖမ်းမိသွားပြီးနောက်၊ ရွှီလော့ယန်ကမျက်နှာမပျက်ချင်တော့သဖြင့် ရေလိုက်ငါးလိုက်သာလုပ်လိုက်သည်။ ကြမ်းပြင်ပေါ်ထိုင်နေရင်း ချီချန်အန်းဝယ်ပြန်လာသည့် ဘေကွန်တစ်ထုပ်ကို ယူကာ အထုပ်ကိုဖောက်၍ စတင်စားသောက်တော့သည်။ 


အာ... အရသာရှိသားပဲ...။


သူက ဒုတိယတစ်ထုပ်အားဆက်ဖောက်ရန်ပြင်စဉ် ချီချန်အန်းက ရှုပ်ထွေးနေဟန်ဖြင့် မေးလာသည်။ 


"ငါ ကုချန်း cp ကြောင့်အသက်ရှူမှားသွားရပြီ ဆိုတာကိုတော့ နားလည်ပါတယ် ဒါပေမယ့် ဒီနောက်ဆုံးက အပြောင်းအလဲလုပ်ဖို့လွယ်ပြီး ဖျက်စီးလို့မရနိုင်ဘူးဆိုတဲ့ စာကြောင်းက ဘာကိုဆိုလိုတာလဲ"


ရွှီလော့ယန်မှာ စားနေရင်းသီးသွားရကာ၊ ဘေကွန်မှာ သူ့လည်ချောင်းထဲတစ်နေသဖြင့် သူကချောင်းဆိုးရင်း မျက်ရည်များပါကျလာရသည်။ 


သူ့ စိတ်ထဲမှ အော်ငိုလိုက်မိသည် ... အပြောင်းအလဲလုပ်ဖို့လွယ်ပြီး ဖျက်စီးလို့မရနိုင်ဘူး ဆိုတာကြီးကို ငါကရှင်းပြရမှာလား အဲ့ဒါက ဘယ်သူကအပေါ် ဘယ်သူကအောက်ဆိုတာ အရေးမကြီးဘူးဆိုတဲ့ အဓိပ္ပာယ်လေ ချီးပဲ...အဲ့ဒါက အရမ်းကိုညစ်ညမ်းပြီးကြမ်းတမ်းတဲ့ အနက်ဖွင့်ဆိုချက်ကြီးလေ...။ 


သို့သော်လည်း သူက ဆိုးဆိုးဝါးဝါးပင်ချောင်းဆိုးနေသည့်အတွက်၊ ချီချန်အန်းက သူ့အား ရေသွားခပ်ပေးလိုက်သဖြင့် ခေါင်းစဉ်က ထိုသို့ဖြင့်ကျော်ခွသွားတော့သည်။


ရွှီလော့ယန်က ကြမ်းပြင်ပေါ်တွင် သက်တောင့်သက်သာဖြင့်လှဲနေကာ၊ သူ့လက်ချောင်းများက ချီချန်အန်း၏လက်ဖမိုးကို သွားသွားတို့နေရင်း စိုးရိမ်တကြီးမေးလိုက်သည်။ 


"ပြောကာမှပဲ ခင်ဗျား အဲ့ဒီ Weiboပို့စ်ကိုအခုလိုတင်လိုက်တာ ခင်ဗျားရဲ့မန်နေဂျာသိရင် စိတ်ဆိုးမှာလားဟင်"


နောက်‌ဆုံးတွင်တော့၊ သူတို့ကမည်သည့်အချိန်တွင်ရောက်ရှိနေပါစေ၊ ဘယ်လိုအကြောင်းပြချက်နှင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံသူများကို စော်ကားမိတာမျိုးက ကောင်းသည့်အရာမဟုတ်ပေ။အထူးသဖြင့်၊ ချီချန်အန်းက ဆုတံဆိပ်များစွာအား ရရှိထားသော်လည်း သူ့ထံတွင် အပြည့်အစုံရိုက်ကူးပြီးစီးသည့်အလုပ်မှာ နှစ်ခုသာရှိသေးပြီး အနုပညာလောကထဲတွင် သူ့ရဲ့အုတ်မြစ်မှာမခိုင်မာသေးပေ။ ထိုသူက သူ့အတွက်ယခုကဲ့သို့ ရပ်တည်ပြောဆိုပေးပါက ထိုသူ၏အနာဂတ်မှာ ထိခိုက်လာနိုင်သည်။ 


ရွှီလော့ယန်က တွေးလေ၊တွေးလေ ပိုပိုစိုးရိမ်လာရလေပင်။ သူက မနေနိုင်စွာဘဲ ဘေးတစောင်းလှဲလိုက်ကာ ချီချန်အန်း၏လက်အား နောက်တစ်ကြိမ်ထပ်တို့လိုက်ရင်း မေးလိုက်သည်။ 


"မှန်မှန်ပြောနော် ခင်ဗျားရဲ့ မန်နေဂျာက ပေါက်ကွဲတော့မှာမို့လား သူ ဒေါသတွေတအားထွက်ပြီး ခင်ဗျားကို ဖုန်းခေါ်လာမှာလား"


ချီချန်အန်း အဖြေပေးသည်ကိုပင် မစောင့်တော့ဘဲ၊ ရွှီလော့ယန်က စိတ်ပါလက်ပါဖြင့် သူ့အတွေးအမြင်များကို ပြောပြလာသည်။


"ခင်ဗျားက ခွင့်ပြုချက်မရဘဲ လျှောက်လုပ်တယ် ခင်ဗျားရဲ့ အနာဂတ်ကို ဟာသလို သဘောထားနေတာ ပြီးတော့ ခင်ဗျားက တအားသွေးဆူလွယ်လွန်းတယ်လို့ ပြောလာမှာပဲ အဲ့ဒီအချိန်ကျရင် ခင်ဗျား ကျွန်တော်အပေါ်ကိုသာအပြစ်လွှဲချလိုက်...ကျွန်တော် ခင်ဗျားရဲ့ဖုန်းကိုယူပြီး ပို့စ်တင်လိုက်တာလို့ပြော ခင်ဗျားပြန်ရောက်လာတဲ့အချိန်မှာ ခင်ဗျားက အရမ်းပင်ပန်းနေပြီး အိပ်ယာထဲတန်းဝင်သွားတာ ဘာမှမသိဘူးလို့သာ ပြောလိုက် ကြားလား"


ရွှီလော့ယန်က သူ့အတွက် စိုးရိမ်နေတာကို နားလည်သည့်အတွက်၊ ချီချန်အန်းက သူ့စကားဆုံးသည်အထိ စိတ်ရှည်ရှည်ဖြင့် စောင့်ပေးကာ၊ ပြုံး၍ပြန်ဖြေလိုက်၏။ 


"မလိုပါဘူး ကိုယ့်မန်နေဂျာက အဲ့ဒါတွေကို ဘယ်တုန်းကမှဝင်မပါဘူး" 


သူက သူ့နည်းတူကြမ်းပြင်ပေါ်လှဲလျောင်းလိုက်ပြီး ရွှီလော့ယန်အားကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်သည်။ 


"မင်း ဒီအကြောင်း အရင်တည်းက သိထားတာလား"


သူတို့နှစ်ဦးစလုံး၏လက်မောင်းနှင့်ပခုံးများမှာ အလွန်နီးကပ်စွာရှိနေသည့်အတွက် တစ်ဦးရဲ့ကိုယ်ခန္ဓာမှအပူချိန်အား တစ်ဦးကခံစားသိရှိနိုင်လေသည်။ ရွှီလော့ယန်က မသိလိုက်ဘာသာနှင့် ချီချန်အန်းရဲ့မေးခွန်းအားဖြေရန် ပို၍အနားတိုးလိုက်မိ၏။


"အင်း...ကျွန်တော်မန်နေဂျာက အရင်ရက်တွေတုန်းက ပြောပြထားတယ် ဝူပိက ဇာတ်ကောင်ကိုခိုးလိမ့်မယ်လို့ သူကြားတယ်တဲ့ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ဘယ်လိုအခြေအနေတွေရှိမှန်း သူလည်းသေချာမသိလိုက်ဘူးလေ"


ရွှီလော့ယန်က ဤကိစ္စ၏နောက်ကွယ်မှ အချင်းချင်းဆက်နွယ်မှုများအား အပေါ်ယံအကဲဖြတ်ကြည့်လိုက်သည်။ 


"ကျွန်တော် ခင်ဗျားကို လာမကြိုခင်တုန်းက ဒါရိုက်တာကျန်းနဲ့ ညစာစားလာခဲ့တာ သူက သူကူညီမယ်လို့ပြောတယ် ဒါပေမယ့်လည်း အခုအခြေအနေတွေကို ကြည့်ရတာတော့ ရှစ်ယွင်ဟောက်တို့ဘက်က အသာစီးရသွားတာဖြစ်နိုင်တယ် အဲ့ဒါကြောင့်မို့လည်း သူတို့ဘက်က အရင်သတင်းလွှင့်တာပေါ့"


ပြောပြီးနောက်၊သူက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သော်လည်း တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်သည်။ 


သူက ခြေထောက်ကိုမြှောက်ကာ လေထဲသို့ ကန်

ကျောက်လိုက်ပြီး "ဘယ်လိုလုပ်ရမလဲ ကျွန်တော် တအားစိတ်ဆိုးတာပဲ" 


သူ ပေါက်ကွဲနေတာကိုမြင်သည့်အခါ ချီချန်အန်းက အသာချော့မော့လာသည်။ 


"အလျင်မလိုပါနဲ့ ကိုယ့်မှာ နည်းလမ်းရှိတယ်"



____