အပိုင်း ၁၆၃
Viewers 34k

Chapter 163




ရှင်းလျန်၏နာမည်ကို ကြားလိုက်ရသည့်အခါ ရှန်းလျိုရှန့်၏ခေါင်းထဲတွင် မေးခွန်းများစွာပေါ်လာသော်လည်း ဤနေရာတွင် စကားကြာကြာပြောရန်မသင့်တော််၍ ခေါင်းညိတ်ပြလိုက်သည်။


" ခဏတော့စောင့်ဦး... ကျိုးရွှမ်လန် အခုထိပြန်မလာသေးဘူး ငါ သူ့ကိုပြောလိုက်ဦးမယ်..."


သစ်ပင်ရိပ်တစ်ခု ကျဆင်းလာသောကြောင့် ရှုရှင်းချန်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားသည်။

" သူ့ကိုစောင့်နေစရာ မလိုပါဘူး... ကျွန်တော်နဲ့အခုပဲလိုက်ခဲ့..."


ရှန်းလျိုရှန့် ခဏစဉ်းစားလိုက်ပြီး နေရာကူးပြောင်းအင်းစာရွက်ကိုထုတ်၍ ပြောလိုက်သည်။ 

" တကယ်လို မင်းစောင့်နိုင်ဘူးဆိုရင် ငါသူ့ကို လှမ်းအကြောင်းကြားလိုက်မယ်..."


ရှုရှင်းချန် မျက်လွှာချလိုက်ပြီး သူ့လက်ထဲမှ အင်းစာရွက်ကိုယူကာ ရှန်းလျိုရှန့်၏ တအံ့တဩဖြစ်နေသည့် အကြည့်များအောက်တွင် အပိုင်းပိုင်းအစစဖြစ်အောင် ပြုလုပ်လိုက်သည်။

" သူ ခဏလောက်တော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး ကျွန်တော်နဲ့ပဲ လိုက်ခဲ့ပါ..."


ထို့နောက် ရှန်းလျိုရှန့်၏လက်ကိုဆွဲပြီး ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။


ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်နာကျင်လာပြီးနောက်တွင် နန်းတွင်းသို့ရောက်နေပြီးဖြစ်ကြောင်း သိလိုက်ရသည်။ ယခုလေးတင် ရှုရှင်းချန်ပြောလိုက်သည့်အကြောင်းနှင့်ပတ်သက်၍ သူ မေးခွန်းများ မေးချင်နေမိပေသည်။ မနီးမဝေးမှ နန်းတွင်းသူတစ်အုပ်စု လာနေကြသည်။ ရှုရှင်းချန်ကိုမြင်သည့်အခါ သူတို့အားလုံး အရိုအသေပြုလိုက်ကြပြီး ရှန်းလျိုရှန့်ကို သိချင်ဟန်ဖြင့် ကြည့်နေသည်။


ရှုရှင်းချန်က မေးလိုက်သည်။

" ရှင်းလျန် ဘယ်မှာလဲ..."


ရှေ့မှဦးဆောင်လာသော နန်းတွင်းသူက ပြောလိုက်သည်။

" မင်းသမီးက ကျန်းမာရေးမကောင်းလို့ အခန်းထဲမှာ အနားယူနေပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါဘူး အရှင်..."


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး ရှန်းလျိုရှန့်ကို အဆောင်သို့ ဆွဲခေါ်သွားသည်။


သူတို့နောက်တွင် ကျန်နေခဲ့သော နန်းတွင်းသူများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ ခဏအကြာတွင်မှ နန်းတွင်းသူတစ်ယောက်က ထိုလူ မည်သူဖြစ်ကြောင်း အသံတိုးတိုးဖြင့် မေးလာသည်။ နန်းတွင်းထဲတွင် အချိန်အကြာဆုံးနေခဲ့သည်ဘ နန်းတွင်းသူက အသိစိတ်ပြန်ကပ်လာပြီး ပြောပြလိုက်သည်။

" အဲဒီလူက မင်းသားလေးလျိုရှန့်ပါ..."


အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

.....


ရှုရှင်းချန် အခန်းပြင်တွင် ရပ်လိုက်သည်။

" ကျွန်တော့်ကိုမြင်ရင် သူ စိတ်ကြည်မှာမဟုတ်ဘူး အစ်ကိုတော်ပဲ ဝင်တွေ့လိုက်ပါ..."


ရှန်းလျိုရှန့်က အောင်းယွဲ့ပြောဖူးသည်ကို သတိရသွား၍ ခေါင်းအသာညိတ်လိုက်ပြီး တံခါးခေါက်လိုက်သည်။ အချိန်အတန်ကြာအောင် ခေါ်နေသော်လည်း မည်သူမှ ပြန်မဖြေ၍ တံခါးဖွင့်ပြီး အခန်းထဲဝင်လာခဲ့သည်။


" ရှင်းလျန်ရေ..."


အခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ချောမောသည့် အမျိုးသမီးလေးတစ်ယောက်က နွမ်းလျနေဟန်ဖြင့် စားပွဲနားတွင် ထိုင်နေသည်။ ခြေသံများကိုကြားသည့်အခါ ရှုရှင်းချန် ရောက်လာသည်ဟုထင်၍ လက်ဖက်ရည်ခွက်ကိုချထားပြီး စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

" အစ်ကိုတော်လား..."


သူမ မျက်လုံးလှန်ကြည့်လိုက်ပြီးသည့်နောက် ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။

" အကြီးဆုံးအစ်ကိုတော်..."


ရှန်းလျိုရှန့် သူမကိုကြည့်နေသည်။

" ဟုတ်တယ် အစ်ကိုတော်လေ..."


ရှုရှင်းလျန်က နှုတ်ခမ်းများပွင့်ဟလာပြီး အမြန်ပြေးလာ၍ သူ့ကိုဖက်လိုက်ကာ ဝမ်းနည်းစွာဖြင့် ငိုတော့သည်။


" ဘာဖြစ်လို့လဲ... ရှင်းချန်က မင်းကို အထင်လွဲနေတာလား..."

ရှန်းလျိုရှန့်က သူမခေါင်းကိုပွတ်ပေးလိုက်သည်။


ရှုရှင်းလျန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းခါလိုက်ပြန်သည်။


သူမ ထိုနှစ်က သတိရလာခဲ့ချိန်တွင် ရှန်းလျိုရှန့် သေဆုံးပြီးသည်မှာ တစ်နှစ်နီးပါးခန့်ရှိပြီဖြစ်သည်။ သူမ ခမည်းတော်လည်း မရှိတော့ရုံသာမက အစ်ကိုအကြီးဆုံးကလည်း သေဆုံးသွားခဲ့သည်။ တစ်ဦးတည်းသောအစ်ကိုဖြစ်သည့် ရှုရှင်းချန်ကလည်း ပြောင်းလဲသွားခဲ့သည်။


ရှုရှင်းချန်က အေးစက်၍ ခန့်မှန်းမရနိုင်သူတစ်ယောက် ဖြစ်လာကာ သူမကို နေ့နေ့ညညကျင့်ကြံရန် တွန်းအားပေးလာခဲ့သည်။


အချိန်တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ရှုရှင်းလျန်က စိတ်အနှောင့်အယှက်ဖြစ်လာသောကြောင့် ရံဖန်ရံခါတွင် နန်းတွင်းမှ ခိုးထွက်သွားလေ့ရှိသည်။ တစ်ကြိမ်တွင်မူ ကျင့်ကြံရေးလောကရှိ သာမန်ကျင့်ကြံသူတစ်ယောက်ဖြစ်သော လုချင်းယွင်ဆိုသူနှင့် ဆုံတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့သောကြောင့် သူမ အလွန်ပျော်ရွှင်ခဲ့ရသည်။ သို့ရာတွင် ရှုရှင်းချန်က သဘောမတူမည်စိုး၍ သူ့ကိုမပြောပြဘဲ တိတ်တဆိတ်သာ ဆက်သွယ်ခဲ့ကြသည်။


အဆုံးတွင် ရှုရှင်းချန်က ထိုအကြောင်းကိုသိသွားခဲ့ပြီးနောက်...


" ညိီမလေးကို ထားခဲ့ပြီး ထွက်သွားဖို့ အစ်ကိုတော်က ပြောခဲ့ပေမယ့် သူက ငြင်းခဲ့လို့ ဝိညာဉ်တောင် ဆုံးရှုံးတော့မလို ဖြစ်သွားရတယ်..."

ရှုရှင်းလျန်က ထိုအကြောင်းပြန်တွေးမိသည်နှင့် ကြောက်လန့်လာတော့၏။ 


" အစ်ကိုတော်က နောက်ပိုင်းကျတော့ သူ့ကိုလွှတ်ပေးလိုက်ပေမယ့်  ညီမလေးနဲ့ ပတ်သက်ခွင့်မပြုတော့ဘူး... အစ်ကိုတော် ၆လတစ်ခါ ဂူပိတ်ကျင့်ကြံတဲ့အချိန်မှ ညီမလေးက ကျင့်ကြံရေးလောကကိုသွားပြီး သူနဲ့တွေ့ရတယ်..." 


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။

" သူ ဘာလို့ အဲလိုလုပ်တာလဲ..."


" ညီမလေးလည်း မသိဘူး..."

ရှုရှင်းလျန်က ခေါင်းခါပြီးနောက် သက်ပြင်းချလိုက်သည်။

" ဒါပေမဲ့ စိတ်ထင်တာပြောရရင်တော့ ညီမလေး လုချင်းယွင်နဲ့တူတူထွက်သွားရင် သူတစ်ယောက်တည်း နန်းတွင်းမှာ ကျန်နေခဲ့မှာစိုးလို့ဖြစ်မယ်... သူ တစ်ခါပြောဖူးတာတော့ အစ်ကိုတော် မရှိတော့ရင် ညီမလေးကောင်းကင်ဘုံပေါ်တက်မယ့်အချိန်ကို စောင့်မယ်... ပြီးတော့မှ ညီမလေးနဲ့တူတူ ကောင်းကင်ဘုံကိုသွားပြီး ခမည်းတော်နဲ့ တွေ့ကြမယ်တဲ့..."


ရှန်းလျိုရှန့် ရင်ထဲမကောင်းဖြစ်သွားမိသည်။ ရှုရှင်းချန်က အဆုံးမရှိသောလမ်းကို ရွေးချယ်ခဲ့ပုံရသည်။


သူက လုချင်းယွင်နှင့်ပတ်သက်၍ မေးခွန်းအချို‌့မေးလိုက်သည်။

" အဲဒီလူရဲ့ ကျင့်ကြံဆင့်က..."


ရှုရှင်းလျန် : " သူက အရမ်းတော့ မထူးချွန်ဘူး... လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက ဝိညာဉ်အခြေတည်အဆင့်မှာပဲ ရှိသေးတာ... ဒါပေမဲ့ သိပ်မကြာခင်တုန်းက နန်းတွင်းကနေ ခိုးထွက်ပြီး သူ့ကိုသွားတွေ့တုန်းကတော့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကိုတောင် ရောက်ခါနီးနေပြီ..."

 

ရှန်းလျိုရှန့် : " နောက်တစ်ခါ ခိုးထွက်သွားသေးတာလား..."


ရှုရှင်းလျန် ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကို လာကိုင်သည်။

" အစ်ကိုကြီး သူ့ကို ကျေးဇူးပြုပြီး ဖြောင်းဖြပေးပါဦး..."


ရှန်းလျိုရှန့် မရှိတော့ချိန်၌ သူမက ရှုရှင်းချန်၏ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်ခဲ့သည်။ ရှုရှင်းချန်က သူမကို အလွန်ကာကွယ်ပေးသောကြောင့် အစွန်းအထင်းတစ်ခုမှ အဖြစ်ခံမည် မဟုတ်ပေ။ 


ရှုရှင်းလျန်ကလည်း ထိုအကြောင်းကိုသိ၍ စိတ်ညစ်နေမိသည်။ သူမကို ရှုရှင်းချန်က ဤသို့ဆက်ဆံသော်လည်း သူမက တစ်ကြိမ်တစ်ခါမှ စောဒက မတက်ခဲ့ဖူးပေ။ 


သူမ သက်ပြင်းခပ်ဖွဖွချလိုက်သည်။

" အစ်ကိုတော်က နန်းတွင်းကို တစ်ယောက်တည်းထောက်ပံ့ပေးနေလို့ ပင်ပန်းနေတယ်ဆိုတာ ညီမလေးသိပါတယ်... ညီမလေးရဲ့ ကောင်းကျိုးအတွက် လုပ်ပေးနေတယ်ဆိုတာလည်းသိတယ်... သူ့ကို တစ်ခါမှတော့ အပြစ်မတင်ဖူးပါဘူး ဒါပေမဲ့ ဒီလိုမျိုးကြီးနေရတာကို တကယ်သဘောမကျဘူး..." 


ရှန်းလျိုရှန့် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးနောက် သူမဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။

" စိတ်မပူပါနဲ့ အစ်ကိုကြီး ဖြေရှင်းပေးပါ့မယ်..."


ရှုရှင်းလျန် ကျေနပ်သွားပြီး သူ့ကိုပြုံးပြလိုက်သည်။

" တကယ်လို့ အခွင့်အရေးရမယ်ဆိုရင် အစ်ကိုကြီးကို ချင်းယွင်နဲ့ တွေ့ပေးမယ်... သူက လူကောင်းတစ်ယောက်ပါ အစ်ကိုကြီး သူ့ကို မုန်းမှာ မဟုတ်ဘူး..."


လုချင်းယွင်အကြောင်းပြောသည့်အချိန်တွင် သူမ မျက်ခုံးများပြေလျော့သွားပြီး မျက်နှာထက်တွင် ပျော်ရွှင်နေသော အမူအရာဖြင့်ပြည့်နေသည်ကို ရှန်းလျိုရှန့်မြင်လိုက်သည်။ သူမက ဆယ်နှစ်ကျော်ကြာပြီးသည့်တိုင် ထိုလူတစ်ယောက်တည်းကိုသာ ချစ်ခင်နေဆဲဖြစ်၍ ထိုလူကို ရွေးချယ်ထားလိုက်ပုံရသည်။


သူတို့အိမ်မှ ဂေါ်ဖီထုပ်လေးက အခြားလူတစ်ယောက်ထံ ရောက်သွားတော့မည်ကိုသိ၍ ရှန်းလျိုရှန့် ဝမ်းနည်းသွားမိသည်။


ငါတောင် ဒီလိုတွေးနေတာ ရှုရှင်းလျန်ကို ကလေးဘဝတည်းက စောင့်ရှောက်လာခဲ့တဲ့ ရှုရှင်းချန်ဆိုရင် ဒီထက်ပို ဝမ်းနည်းနေမှာပဲ... ခမည်းတော်သာ ဒီအကြောင်း သိသွားရင်လည်း...


ရှန်းလျိုရှန့် ခေါင်းခါလိုက်မိသည်။


ကြောက်ဖို့ကောင်းလိုက်တာ...


သူ့စိတ်ထဲတွင် လုချင်းယွင်ဆိုသူအတွက် ဖယောင်းတိုင် ကြိုထွန်းထားပေးလိုက်သည်။


ရှန်းလျိုရှန့်က ရှုရှင်းလျန်ကို ကောင်းကောင်းအနားယူရန်ပြောပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ရှုရှင်းချန်ကို အခန်းအပြင်ဘက်တွင် မတွေ့ရတော့ပေ။ 


ရှန်းပုပုက အပြည့်အဝ ပြန်မကောင်းလာသေး၍ အိပ်ငိုက်နေသောကြောင့် မူလအသွင်ပြန်ပြောင်းပြီး အေးစက်သည့်မြေဆီလွှာပေါ် လှဲလျောင်းနေသည်။ ရှုရှင်းချန် မည်သည့်နေရာရောက်သွားကြောင်း သူ့ကိုမေးလိုက်သည့်အခါ အမြစ်လေးဖြင့် ညွှန်ပြလာသည်။

" ပါပါးအရင်ကနေခဲ့တဲ့ အ‌ခန်းမှာ..."


ရှန်းလျိုရှန့် ထိုနေရာသို့ တစ်ဟုန်ထိုး ရောက်လာချိန်တွင် နန်းတွင်းသူများ အခန်းပြင်ထွက်လာသည်ကိုတွေ့လိုက်သည်။ ရှုရှင်းချန်က စားပွဲပေါ်တွင် သစ်သီးပန်းကန်ကို ချထားလိုက်ပြီး နောက်သို့လှည့်မကြည့်ဘဲ ပြောလာသည်။

" အခုပဲ သစ်သီးတွေ ပြင်ခိုင်းထားတာ လာစားကြည့်ပါဦး..."


ရှန်းလျိုရှန့်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

" ဘာမှမပြင်ပါနဲ့တော့ ငါလည်း သိပ်ကြာကြာမနေဘူး..."


ရှုရှင်းချန်၏ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး တစ်ဖက်သို့လှည့်ကြည့်လိုက်ချိန်တွင် သူ့မျက်နှာကြီးက မည်းမှောင်နေသည်။

" ခင်ဗျားက ဘယ်သွားမလို့လဲ..."


ရှန်းလျိုရှန့် : " ငါက မင်းတို့ကို လာတွေ့ရုံပါ... မင်းတို့ အဆင်ပြေနေတာတွေ့တော့ ငါ စန့်ရွှယ်စံအိမ်ကိုပြန်တော့မလို့ လာနှုတ်ဆက်တာ..."


" စန့်ရွှယ်စံအိမ်ကို ပြန်သွားမယ်တဲ့လား..."

ရှုရှင်းချန်က ‌သရော်လိုက်ပြီး သူ့မျက်နှာထက်တွင် ရန်လိုသည့် အမူအရာမျိုး ပေါ်လာသည်။

" ကျွန်တော် ခင်ဗျားကို ပြန်ခေါ်လာပြီးပြီဆိုတော့ ပြန်လွှတ်တော့မှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။


ရှုရှင်းချန်က ရန်ငြှိုးအနည်းငယ်ရှိနေဟန်ဖြင့် သူ့နားသို့ချဉ်းကပ်လာသည်။

" အရင်တုန်းက ကျွန်တော့်ကို ခင်ဗျား အရံအတားရဲ့ အပြင်ဘက်မှာ ထားခဲ့တယ်... ကျွန်တော့်ကျင့်ကြံဆင့်ကလည်း နိမ့်နေတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး... နောက်တော့ ခင်ဗျားသေသွားပြီဆိုတဲ့သတင်းကို ကြားခဲ့ရတယ်... အခု ကျွန်တော့်မှာ အောင်မြင်မှုတွေအများကြီးရထားပြီး စွမ်းအားတွေလည်း ရှိနေပြီ... အနာဂတ်မှာ ကျွန်တော်ကြိုက်တာလုပ်လို့ရပြီ ဘယ်အရာမဆိုခင်ဗျား သဘောအတိုင်း လုပ်လို့မရတော့ဘူး..."


ရှန်းလျိုရှန့် နောက်တစ်လှမ်းဆုတ်လိုက်သော်လည်း သူ့လက်မောင်းနှစ်ဖက်ကို ဖမ်းဆုပ်ခံလိုက်ရသည်။


ရှုရှင်းချန်၏ မျက်လုံးများက ရက်စက်ကြမ်းတမ်းနေပြီး သူ့လက်ထဲတွင် ဇာမဏီငှက်မွေးတစ်ချောင်း ပေါ်လာကာ ၎င်းကို ရှန်းလျိုရှန့်၏ဆံပင်ပေါ် ညှပ်တင်ပေးလိုက်သည်။

" ရှင်းလျန်နဲ့ ခင်ဗျား ဘယ်သူမှ ကျွန်တော့်နားက မထွက်သွားရဘူး... နှစ်ယောက်လုံး နန်းတွင်းမှာပဲနေပြီး ကျင့်ကြံတာကိုပဲ အာရုံစိုက်ထားရမယ် အဲဒါမှ တတ်နိုင်သမျှအမြန်ဆုံး ကောင်းကင်ဘုံကိုတက်နိုင်ပြီးတော့ ခမည်းတော်နဲ့ တွေ့နိုင်မှာ..."


ရှန်းလျိုရှန့် သူ့ကို စိုက်ကြည့်နေမိသည်။

" ငါက အဲလိုမလုပ်ဘူးဆိုရင်ရော..."


" ခင်ဗျားသဘောအတိုင်း လုပ်လို့မရတော့ဘူးလို့ ပြောတယ်လေ..."

ရှုရှင်းချန်က နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးလိုက်သော်လည်း သူ့မျက်လုံးများက အလွန်အေးစက်နေသည်။

" ခင်ဗျား ကျိုးရွှမ်လန်ကို စောင့်နေတာလား... သူ မလာနိုင်တော့ဘူး..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည်။

" မင်း ဘာလုပ်လိုက်တာလဲ..."


" သူ ထောင်ခြောက်မိသွားရုံပါ..."

ရှန်းလျိုရှန့်၏ စိတ်ပူနေသောအမူအရာကိုမြင်သည့်အခါ ရှုရှင်းချန်၏ မျက်နှာက ပိုမိုအကျည်းတန်လာသည်။

" သူက ခင်ဗျားကိုသေအောင် လုပ်ခဲ့လို့ ကျွန်တော် သူ့ကိုအမုန်းဆုံးပဲ... ခင်ဗျား ပြန်ရှင်လာနိုင်တဲ့အချိန်မှာ ဘာလို့ သူ့ကိုအရင်ဆုံးရှာဖို့ ရွေးချယ်ခဲ့တာလဲ..."


ရှန်းလျိုရှန့် ရှင်းပြလိုက်သည်။

" မင်း အထင်လွဲနေပြီ ငါ့ကိုဒုက္ခပေးခဲ့တာ သူ မဟုတ်ဘူး..."


" ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ခင်ဗျားသေခဲ့ရတယ်လေ..."


ရှန်းလျိုရှန့်၏ လက်မောင်းကို ဆုပ်ကိုင်ထားသောလက်များက ပိုမိုတင်းကြပ်လာ၍ လက်ဖျားများပါ ဖြူဖွေးလာသည်။

" ကျွန်တော် သူ့ကို ဘယ်တော့မှ ထပ်မယုံဘူး... ဘယ်သူ့ကိုမှလည်းထပ်ယုံတော့မှာမဟုတ်ဘူး... ခမည်းတော်ကို ပြန်တွေ့ရမယ့်နေ့အထိ ခင်ဗျားနဲ့ ရှင်းလျန်ကို ကျွန်တော် ကာကွယ်ပေးမယ်..."


ရှန်းလျိုရှန့်က မျက်လွှာချထားလိုက်ပြီး ငြိမ်သက်သွားတော့သည်။


ရှုရှင်းချန်က သူ့ကိုစိုက်ကြည့်နေပြီးနောက် လွှတ်ပေးလိုက်ပြီး စောစောအနားယူရန် အေးစက်စက်အသံဖြင့်ပြောကာ ဝတ်ရုံလက်ကိုခါပြီး ထွက်သွားသည်။


တစ်ချိန်တည်းမှာပင် အခန်းကို အကာအကွယ်တစ်ခုက လွှမ်းခြုံသွားတော့၏။ 


ရှန်းလျိုရှန့် စားပွဲနားသို့လျှောက်သွားပြီး သစ်သီးပန်းကန်ထဲမှ လိမ္မော်သီးကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။ သူ မှင်သက်အံ့ဩနေ၍ အသီးများကို စိုက်ကြည့်နေမိသည်။


ထိုလိမ္မော်သီးများကို မည်သည့်နေရာမှ ခူးလာကြောင်း မသိသော်လည်း အခွံနှင့်အတူ ဝါးစားလျှင်ပင် အလွန်ချိုမြိန်လှသည်။


ရှန်းလျိုရှန့် အာရုံပျံ့လွင့်နေစဉ်တွင် သူ့ကိုယ်ပေါ်မှ ပြောင်းပြန်ကြေးခွံက စတင်လှုပ်ရှားလာသည်။ ကြေးခွံကို ထုတ်ယူကြည့်လိုက်သောအခါ မထင်မှတ်ထားဘဲ "ရှစ်စွမ်း" ဟူသောအသံကို ကြားလိုက်ရသည်။


ရှန်းလျိုရှန့် မျက်လုံးအပြူးသား ဖြစ်သွားပြီး ကြေးခွံက စကားပြောနိုင်သည့်အတွက် အံ့အားသင့်နေမိသည်။ ထိုအချိန်တွင် အခန်းအပြင်ဘက်မှ လှုပ်ရှားမှုအချို့ကို သူ သတိပြုမိလိုက်သည်။


ပြတင်းပေါက်နားလျှောက်သွားပြီး လက်မြှောက်၍ ဖွင့်လိုက်သောအခါ ပြုံးယောင်သန်းနေသည့် နက်စွေးစွေးမျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။


အနက်ရောင်ဝတ်ရုံ ဝတ်ထားသူက ပြတင်းပေါက်အပြင်ဘက်တွင်ရပ်နေပြီး ညအမှောင်၏လွှမ်းခြုံမှုအောက်တွင် လက်ဆန့်ထုတ်လာပြီး ခပ်တိုးတိုးပြောလိုက်သည်။

" ဒီတပည့်က ရှစ်စွမ်းကို နောက်တစ်ကြိမ် ထပ်ခိုးပြေးဖို့ ရောက်လာတာ..."


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ လက်ချောင်းသွယ်သွယ်ကို လှမ်းကိုင်လိုက်သည်။

" မင်း မှတ်ဉာဏ်တွေ ပြန်ရလာတာလား..."


ရှုရှင်းချန် သူ့ကိုအဆောင်ပြင်ဘက်သို့ မထွက်ခိုင်းစဉ်အချိန် ညလည်ခေါင်တွင် ကျိုးရွှမ်လန်က တစ်ထပ်တည်းတူညီသည့် အပြုအမူကို လုပ်ခဲ့ဖူးပေသည်။


ကျိုးရွှမ်လန်က ပြန်မဖြေနိုင်ဖြစ်သွားပြီး ခဏတာ ပြောစရာစကားမဲ့နေသည်။ သူ့လက်မောင်းနှစ်ဖက်ကို ရှန်းလျိုရှန့်၏ခါးတွင် ရစ်ပတ်ထားပြီးနောက် ရင်ခွင်ထဲတွင် တင်းကြပ်စွာဖက်ထားလိုက်ပေသည်။


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လေအဝှေ့တွင် ကြွေလွင့်လာသော သစ်ရွက်လေးက သူတို့နှစ်ယောက်၏ ခြေထောက်နားသို့ ကျလာသည်။


သူ ဤသို့ပွေ့ဖက်ခံထားရသည်က အချိန်မည်မျှကြာမြင့်သွားကြောင်း ရှန်းလျိုရှန့် မသိလိုက်ပေ။  သူ ကျိုးရွှမ်လန်၏ကျောပြင်ကို ပွတ်သပ်ပေးလိုက်သည်။

" ဘာလို့လဲ ငါ့ကိုစိတ်ဆိုးနေတုန်းပဲလား... ငါ အဲတုန်းက တမင်ထွက်သွားတာ မဟုတ်ပါဘူး... ဆရာက ငါ့ကို အလျင်စလိုနဲ့ ခေါ်သွားခဲ့တာ... ငါ နတ်ဆိုးနန်းတော်မှာ နေခဲ့ရတယ်လေ... ဆယ်နှစ်ကျော်လုံးလုံး မွေးစားအစ်ကိုက ငါ မြန်မြန် ပြန်ကောင်းလာအောင်ဆိုပြီး အပြင်လောကအကြောင်းတွေကို မပြောပြခဲ့ဘူး..."


ကျိုးရွှမ်လန်က လက်ချောင်းများကို တင်းကြပ်လိုက်သည်။

" ကျွန်တော်ထင်တာ... ရှစ်စွမ်းက ‌ဖြောင့်မတ်မှန်ကန်မှုအတွက်နဲ့ ကျွန်တော့်ကိုများ စွန့်ပစ်သွားလားပေါ့..."


ရှန်းလျိုရှန့်က ထိုစဉ်အချိန်က ‌ကျောက်စိမ်းပြားမှ တစ်ဆင့် တောင်းပန်ကြောင်းပြောခဲ့၍ သူ တစ်ဟုန်ထိုးရောက်လာခဲ့သော်လည်း သစ်ပင်အောက်သို့ရောက်ချိန်တွင် အေးစက်နေသည့်ခန္ဓာကိုယ်တစ်ခုသာ ရှိနေတော့သည်။ 


" ဘယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ရှန်းလျိုရှန့်၏ရင်ထဲ အံ့ဩထိတ်လန့်သွားပြီး ကျယ်လောင်စွာပြောလိုက်သည်။

" ငါ မင်းကို ဝမ်းနည်းအောင် မလုပ်ရက်ပါဘူး..."


ကျိုးရွှမ်လန်၏နှလုံးသားထဲသို့ သကြားလုံးလက်တစ်ဆုပ်သာခန့် ထည့်ပေးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ အလွန်ချိုမြိန်လွန်းသောကြောင့် သူ့စိတ်ထဲ အတန်ကြာသည်အထိ ကျေနပ်သွားပြီးမှ နှုတ်ခမ်းများတွန့်ကွေးလိုက်သည်။


နောက်အခိုက်အတန့်တွင် တစ်စုံတစ်ရာကို တွေးမိသွားပြန်၍ သူ့မျက်နှာထက်တွင် မသေချာမရေရာသည့် အမူအရာမျိုး ပေါ်လာသည်။ 


ကျိုးရွှမ်လန် စိတ်မသက်မသာဖြစ်မိသွားသည်။


သူက ရှစ်စွမ်းကို အိပ်ဆောင်ထဲမှနှင်ထုတ်ပြီး စင်္ကြန်လမ်းတွင် ဆယ်ရက်တိတိအိပ်ခိုင်းခဲ့ပေသည်။ ထို့အပြင် ရှစ်စွမ်းကို အတင်းအကြပ်ဖိအားပေး၍...


ကျိုးရွှမ်လန်၏လည်စေ့က လှုပ်ရှားသွားသည်။

" ဒီတပည့် မှားမှန်းသိပါပြီ..."


" ဟမ်..."

ရှန်းလျိုရှန့် ခေါင်းရှုပ်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။

" ရပါတယ် စင်္ကြန်မှာအိပ်ရတာ တကယ်တော့ အရမ်းမအေးပါဘူး ကြမ်းပြင်ကလည်း သိပ်မမာဘူး... မင်း မနက်ဖြန်ကစပြီး အဲ့မှာအိပ်ကြည့်လေ ဒါဆို အိပ်ပျော်လား မအိပ်ပျော်လား သိသွားတာပေါ့..."


" ကျွန်တော် ရှစ်စွမ်းပြောတဲ့စကားကို နားထောင်ပါ့မယ်..."


ရှန်းလျိုရှန့် ကျေနပ်စွာဖြင့် ပြုံးလိုက်ပြီး သူ့ရင်ခွင်ထဲမှ ထွက်လိုက်သည်။

" ဒါဆို မင်းရဲ့ရှေးဦးဝိညာဉ်(ယွမ်ရှန်)ထဲက မှတ်ဉာဏ်တွေကိုရော သတိရပြီလား..."


ကျိုးရွှမ်လန် သူ့ကိုစိုက်ကြည့်နေပြီး သူ့အကြည့်များက ပိုမိုလေးနက်လာသည်။

" မှတ်မိသွားပါပြီ... ပြီးတော့ ရှစ်စွမ်းရဲ့ဝိညာဉ်ကို ဘာလို့ကာကွယ်ပေးခဲ့ပြီးတော့ ကောင်းကင်ဘုံရဲ့ဆန္ဒကိုဖီဆန်ပြီး ရှစ်စွမ်းကိ ဘာလို့ပြန်ခေါ်ခဲ့လဲဆိုတာပါ မှတ်မိသွားပြီ..."


ရှန်

းလျိုရှန့်က သူ့ကိုထိုအကြောင်းမေးတော့မည့်အချိန်တွင် ကျိုးရွှမ်လန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ 

" ဒီကိစ္စက ရှင်းပြရမှာ တော်တော်ရှည်တယ်... အရင်ဆုံး ဒီကထွက်သွားကြရအောင်..."


ရှန်းလျိုရှန့် ခဏတာ မှင်သက်အံ့ဩသွားသည်။


.....