Chapter 7
“ဒါပေမယ့် သတင်းထုတ်ပြန်ဖို့ ဒါရိုက်တာကျန်းက ခွင့်ပြုရင်တောင် အဲ့ဒီနေ့က မင်းချင်းလီမြို့မှာရှိနေပြီး ယွင်ရှုနဲ့သွားမတွေ့ခဲ့ဘူးဆိုတာကို သက်သေမပြနိုင်သေးဘူးလေ”
“အဲ့ဒါလည်း ဟုတ်သားပဲ”
ရွှီလော့ယန်က မြေပြင်ပေါ်ရှိရွက်ကြွေများအား ခြေဖြင့်အသာကန်ကာ ပြန်လည်ပြုံးရွှင်သွားသည်။
“အရင်ဆုံး သတင်းကိုစောင့်တာပေါ့ ပြီးတော့ ဒါရိုက်တာကျန်း ဘယ်လိုတုံ့ပြန်လာမလဲ စောင့်ကြည့်ကြတာပေါ့”
ရွှီလော့ယန်က နေ့လယ်ခင်းသုံးနာရီအချိန်၌ ရဲစခန်းထံအစီရင်ခံရမည်ဖြစ်သည့်အတွက် သူကရိုးရှင်းစွာပင် ချီချန်အန်းလက်သမားအတတ်သင်နေသည့်နေရာသို့ လိုက်သွားလေသည်။ လက်သမားအတတ်အား သင်ကြားပေးနေသည့် ဆရာကျွမ်းမှာ စကားနည်းသည့် လူလတ်ပိုင်းအရွယ်လူကြီးတစ်ဦးပင်။ ချီချန်အန်းအနောက်မှ ရွှီလော့ယန်ထပ်မံလိုက်ပါလာတာကိုမြင်သည့်အခါ သူကခေါင်းကိုသာညိတ်ပြလာပြီး ဘာမှမပြောပေ။
လမ်း၌ဝယ်လာသည့်ဝိုင်ဖြူတစ်ပုလင်းအား သစ်သားထိုင်ခုံနံဘေး၌တင်လိုက်ပြီး ရွှီလော့ယန်က အလုပ်ခန်းထဲသို့ ချီချန်အန်းရဲ့အနောက်မှလိုက်မသွားမီ တစ်ဖက်လူအားနှုတ်ဆက်လိုက်၏။
အခန်းထဲဝင်လာပြီးနောက် ရွှီလော့ယန်က ခုံပုလေးတစ်လုံးအားရှာကာ ထိုင်လိုက်ပြီး ချီချန်အန်း သစ်သားအား အရင်သွေးနေတာကို ကြည့်နေလိုက်သည်။ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားသည့် ချီချန်အန်းက သူ့ရဲ့ရှည်လျားသော ခြေထောက်များကိုအနည်းငယ်ခွဲထားကာ အောက်သို့အနည်းငယ်မှီလိုက်၏။ ထို့နောက် အာရုံစူးစိုက်မှုအပြည့်ရှိသော အမူအရာနှင့် သစ်သားအားကိုင်တွယ်နေသည်မှာ မည်သည့်ရှုထောင့်မှကြည့်ကြည့်၊ မျက်စိပသာဒဖြစ်စေသည်။
သူ့ဘေးမှလူအား မိနစ်အနည်းငယ်မျှ ရှုစားပြီးနောက်၊ ရွှီလော့ယန်က မနေနိုင်တော့ဘဲ သူ့ဖုန်းကိုထုတ်ကာ ဂိမ်းအနည်းငယ်ကစားရန် ပြင်လေသည်။ ရုတ်ချည်းဆိုသလိုပင် သူက ချီချန်အန်း၏အသံကို ကြားလိုက်ရသည်။
“ချင်းချောင်”
“ဟင်...”
ရွှီလော့ယန်က မသိလိုက်ဘာသာနှင့်မော့ကြည့်လိုက်မိသည်။
“အားကျန့်...”
သူ့ပါးစပ်မှထိုနာမည်ထွက်သွားသည့်အခါမှ ချီချန်အန်းမှာ မည်သည့်အချိန်၊မည်သည့်နေရာ၌မဆို အချင်းချင်းကြုံရာကျပန်း သရုပ်ဆောင်တမ်းသည့်စိတ်အခြေအနေသို့ ပြန်ရောက်သွားကြောင်း ရွှီလော့ယန်သဘောပေါက်သွားရသည်။ တစ်ဖက်လူ၏မျက်လုံးများမှာ အင်မတန်နက်ရှိုင်းလွန်းလှသည့်အတွက် စက္ကန့်ပိုင်းအတွင်း၌ပင် သူက သရုပ်ဆောင်သည့်အထဲမျောပါသွားရသည်။
_____
နေရောင်ခြည်က ခဲပြားများအားထောင့်တန်းဖြတ်ကာထားသည့် သစ်သားပြတင်းပေါက်အတွင်း ဖြာကျနေပြီး အခန်းထဲမှ နွေးထွေးမှုအား ပြုံးရိပ်ထင်ဟပ်စေလေသည်။ ထိုင်ခုံပုလေးအပေါ်၌ တစ်ဝက်မျှသာအချောသပ်ရသေးသည့် သစ်သားတစ်ခုရှိနေ၏။
သူက 'ချင်းချောင်'ကိုကြည့်ကာ နူးနူးညံ့ညံ့ပြောလိုက်သည်။
"မနေ့က ငါ့မိသားစု ဘယ်သွားကြတာလဲလို့ မင်းမေးခဲ့တယ်မို့လား"
ချင်းချောင်က သူ ရုတ်တရက်ပြောလာဖို့ မမျှော်လင့်ထားမိပေ။ ယခင်က ရွှီကျန့်က မပြောချင်မှန်း သူသတိထားမိသဖြင့် ထပ်မမေးမိခဲ့။ သို့သော် ယခုတစ်ဖက်လူ၏မျက်နှာထားမှတစ်ဆင့် အဖြေမှာ သိပ်မကောင်းလှကြောင်း သဘောပေါက်သွားရသည်။
"အင်း..သူတို့ ဘယ်သွားကြတာလဲ"
ရွှီကျန့်က သူ့ခေါင်းကိုငုံ့ထားသဖြင့်ထွက်ပေါ် နေသောလည်ပင်းမှာ ကျိုးကြေလွယ်သည့်ပုံပေါ်က်နေလေ၏။ သူ့မျက်ခုံးများမှာ အရိပ်ထဲတွင် ဖုံးကွယ်ထားကာ သဲသဲကွဲကွဲ မမြင်နိုင်သော်လည်း သူ့အသံထဲရှိ နက်နဲမှုအား လျစ်လျူရှုမထားနိုင်ပေ။
"သူတို့အားလုံး သေသွားကြပြီ"
ချင်းချောင်မှာ ရုတ်တရက် အေးခဲသွားသည်။ သူက အဖြေပေါင်းသန်းများစွာကို စိတ်ကူးယဉ်ခဲ့သော်လည်း ဤအရာဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ့နှုတ်ခမ်းထောင့်ကို ပွတ်သပ်ရင်း "ငါ နောက်ဆုံးအကြိမ် ပြန်လာခဲ့တုန်းက သူတို့အကောင်းအတိုင်းရှိနေသေးပါတယ် သူတို့...ဘယ်လိုသေသွားတာလဲ"
ရွှီကျန့်က ခေါင်းကို့ငုံ့ထားကာ စကားမပြောတော့ပေ။သို့သော် သူ၏ပါးလွှာသောပခုံးများက ရုတ်တရက်လှုပ်ခါသွားလေသည်။ထို့နောက် ချောမွေ့သန့်ရှင်းသော သစ်သားပေါ်တွင် ရေစက်အမြောက်အများ စွန်းထွင်းလာလေသည်။
နေရာ၌ရပ်နေဆဲဖြစ်သည့် ချင်းချောင်က လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူက ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ လက်ကိုမြှောက်၍ တစ်ဖက်လူရဲ့ပုခုံးအား ပုတ်ပေးလိုက်၏။
ရွေပေါ်ထိုးစက်က မြေပြင်ပေါ်သို့ ချလောက်ခနဲ ပြုတ်ကျသွားခဲ့ပြီး ရွှီကျန့်က ချင်းချောင်ရဲ့ခါးထံ သူ့ဦးခေါင်းကို တိုးဝင်လိုက်သည်။သူ့လက်များကိုမြောက်ကာ အခြားလူ၏အဝတ်စကို အားသုံး၍ဆွဲကိုင်ထားသဖြင့် အဝတ်မှာ အချိန်ခဏတွင်းချင်း၌ တွန့်ကြေသွားရသည်။ သစ်သားပြားများပေါ်ကျဆင်းနေသည့် မျက်ရည်စများက ရုတ်ချည်းပျောက်ကွယ်သွားချေပြီ။
ရွှီလော့ယန်က ချီချန်အန်းဆက်ပြောလာမည့် နောက်ထပ် စာကြောင်အား စောင့်ဆိုင်းနေသော်လည်း ဆယ်စက္ကန့်ကျော်မျှကြာပြီးသည်အထိ မည်သည့်စကားမျှမကြားရပေ။ ထို့ကြောင့် သူက သူ့စာသားများအား မေ့သွားပြီလားဟု မေးတော့မည့်အချိန်တွင် သူ့လက်ဖဝါးပြင်အောက်တွင် ထိုသူ၏ပခုံးများတုန်ခါနေဆဲဆိုကို ရုတ်တရက် သတိထားမိလိုက်သည်။ သူ့ရင်ထဲ ဒိန်းခဲဖြစ်သွားကာ အခြေအနေကသိပ်မူမမှန်ဘူးဟု ခံစားလိုက်ရသည်။
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရွှီလော့ယန်က ဖြည်းညှင်းစွာ ငုတ်တုတ်ထိုင်ချလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် "မင်း အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
ထိုစကားအဆုံး၌ ချီချန်အန်းက သူ့အား မော့ကြည့်လာသည်။ မျှော်လင့်ချက်ပျက်သုန်းနေဟန် သူ့မျက်ဝန်းများက ရွှီလော့ယန်၏ နှလုံးသားထဲသို့ တည့်တည့်တိုးဝင်သွားပြီး ရုတ်ချည်းပင်သူ့အား အသက်ရှုကြပ်လာစေသည်။
သို့သော်လည်း ရွှီလော့ယန်အနေနှင့် ဤသည်မှာ ဇာတ်ညွှန်းထဲမှ ရွှီကျန့်၏ခံစားချက်များ မဖြစ်နိုင်ဘဲ ချီချန်အန်း၏ရင်အတွင်းမှ ဖြစ်တည်လာတဲ့ ကိုယ်ပိုင်ခံစားချက်နှင့် ပိုတူသည်ဟု ခံစားနေရ၏။ နှစ်အတော်ကြာအောင် ကြိုချက်ထားသည့် ခါးသက်သက်စပျစ်ဝိုင်ကဲ့သို့ပင်၊ ထို စိတ်ပျက်အားငယ်မှုများက နက်ရှိုင်းစွာရှိနေသည်။
အစောပိုင်းမှ ချီချန်အန်း ရွတ်ဆိုခဲ့သည့် ဇာတ်ညွှန်းစာသားများအား ပြန်လည်တွေးတောကာ ရွှီလော့ယန်ကသူ့ကိုယ်သူ အရမ်းလေးလေးနက်နက်တွေးတောမနေရန် ထိန်းချုပ်ထားလိုက်သည်။ သို့သော်လည်း ချီချန်အန်းအား မည်ကဲ့သို့နှစ်သိမ့်ပေးရမည်အား သူမသိပေ။ အချိန်အတော်ကြာစဉ်းစားပြီးနောက်၊ သူ့ဘောင်းဘီအိတ်ကပ်ထဲမှ သစ်သီးသကြားလုံးတစ်လုံးကိုယူကာ သကြားလုံးအားရစ်ပတ်ထားသည့်စက္ကူကိုဆွဲထုတ်ပြီး ချီချန်အန်းအား ပေးလိုက်သည်။
"ခင်ဗျားရဲ့နှလုံးသားကခါးနေရင် ချိုတာတစ်ခုခုစားလိုက်တာက ခင်ဗျားရဲ့ခံစားချက်ကို ပိုကောင်းစေလိမ့်မယ်...နော်..."
သူတို့နှစ်ဦး ပို၍ သင့်မြတ်ရင်းနှီးလာလေလေ၊ ချီချန်အန်းမှာ အမှန်တကယ်၌ ချဉ်းကပ်ရလွယ်သည့် လူတစ်ယောက်မဟုတ်မှန်း ရွှီလော့ယန်ပိုသိလာရလေလေဖြစ်သည်။ ထိုသူကဖော်ရွေပြီး ချည်းကပ်ရလွယ်သည့်ဟန်ရှိသော်လည်း ထိုအရာများမှာ အပေါ်ယံမျှသာဖြစ်သည်။ သူ့အတွင်းစိတ်ထဲရှိ ခုခံမှုများကတော့ အင်မတန်မှသန်မာ၊လေးလံလွန်းလှသည်။
သို့သော်လည်း မည်သူမှ လျှို့ဝှက်ချက်များနှင့် ဖုံးကွယ်ထားသည့်အမာရွတ်များ မရှိဘဲမနေပေ။ ရွှီလော့ယန်က အကူအညီပေးတာဟူသည့် ခေါင်းစီးအောက်မှ အခြားသူများ၏ နာကျင်မှုများကို ပုတ်ခတ်မည့်လူမျိုးမဟုတ်ချေ။ မည်သို့ပင်ဆိုဆို သူသာဆိုလျှင်လည်း၊ အခြားသူတစ်စုံတစ်ယောက်က သူ့ရဲ့သေးငယ်သည့်အမာရွတ်လေးအား ပုတ်ခတ်မိပါက အပ်များဖြင့်ပြည့်နေသော မိုးသက်မုန်တိုင်းကဲ့သို့ ပေါက်ကွဲထွက်မိလိမ့်မည်ပင်။
ထို့အတွက်ကြောင့် သူက စိတ်ပူပင်မှုနှင့် နှစ်သိမ့်မှုကို ဖော်ပြဖို့ သစ်သီးသကြားလုံးတစ်လုံးကို ထုတ်ပေးလိုက်ခြင်းပင်။
ထို့အပြင် ထိုအရာက အံ့အားသင့်ဖွယ် အလုပ်ဖြစ်ခဲ့သည်။
ချီချန်အန်းက သကြားလုံးအားယူလိုက်ပြီး သူ့ပါးစပ်ထဲကို ထည့်လိုက်သည်။ ခဏကြာသည့်အခါ သူက စိတ်သက်သာရာရသွားပြီးတိုးတိုးလေးတောင်းပန်စကားဆိုလာသည်။
"တောင်းပန်ပါတယ် အခုလေးတင် ကိုယ့်ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူး"
"ကိစ္စမရှိပါဘူး ကျွန်တော်နားလည်ပါတယ် ကျွန်တော် costume ရုပ်ရှင်ရိုက်တုန်းက ကျွန်တော် အစ်ကိုအဖြစ် သရုပ်ဆောင်တဲ့လူရဲ့ ဇာတ်ကောင်က သေသွားတော့ ကျွန်တော်မှာ ငိုတာ ငိုတာဆိုတာ အငိုလွန်ပြီး ကျွန်တော်အသားအရည်တွေတောင် ခြောက်ကုန်တယ်လေ ဟီး ဟီး "
သူ့အရှေ့မှလူ အဆင်ပြေသွားတာကို သတိထားမိသဖြင့် ရွှီလော့ယန်က သက်ပြင်းချပြီး မြေပြင်ပေါ်မှာ အေးအေးဆေးဆေး ထိုင်ချလိုက်သည်။
သို့သော် ရုတ်ချည်းပင် ပြန်ထရပ်လိုက်ပြီး "ချီး အဲ့ဒီအောက်မှာ လျှို့ဝှက်လက်နက်ရှိနေတယ်"
ချီချန်အန်းက အလျင်အမြန်ပင် သစ်သားအမှုန်အမွှားများဖုံးကွယ်ထားသည်အလွှာအား မ ဖယ်လိုက်ရာ သစ်သားစများနှင့်ဖုံးကွယ်နေသည့် ထောင့်ချိုးပေတံတစ်ခုက ထွက်ပေါ်လာသည်။
ရွှီလော့ယန်က အနေရခက်စွာနှင့် "ဟဟ"ဟုဆိုကာ သစ်သားခုံပုလေးအား တိတ်တဆိတ်သွားယူလာလိုက်သည်။
ထို့နောက်တွင်တော့ လေထုက အနည်းငယ် အနေရခက်သွားသည်။ ရွှီလော့ယန်က ယခုကဲ့သို့ ဆက်သွားရန်မှာ နည်းလမ်းမဟုတ်ဟု ခံစားရသဖြင့် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
"အခု ခင်ဗျားနဲ့သရုပ်ဆောင်လိုက်တဲ့ဇာတ်ဝင်ခန်းကြောင့် ခင်ဗျားသရုပ်ဆောင်ခဲ့တဲ့ ပထမဦးဆုံးဇာတ်ကားမှာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ဘာကြောင့်ရသွားတယ်ဆိုတာ ဒုတိယမြောက်ဇာတ်ကားကလည်း အဓိကရုပ်ရှင်ပွဲတော်ကြီး (၃)ခုမှာ ဘာလို့တိုက်ရိုက်ပြသနိုင်ခဲ့လည်းဆိုတာ ကျွန်တော် ရုတ်တရက်ကြီး နားလည်သွားရတယ်"
ယခုမတိုင်ခင်က သူတို့နှစ်ဦးဟာ နေ့စဉ်နေ့တိုင်း စကားစမြည်ပြောဆိုကြသော်လည်း၊ အလုပ်နှင့်ပတ်သက်တဲ့ အကြောင်းအရာများအား မည်သည့်အခါကမျှ မပါဝင်ခဲ့ပေ။ ပထမဆုံး ဇာတ်ဝင်ခန်းအား သရုပ်ဆောင်လိုက်ပြီးကတည်းက တစ်ယောက်နှင့်တစ်ယောက်၊ မိတ်ဖက်သရုပ်ဆောင်များအဖြစ် အချင်းချင်း၏အရည်အချင်းများကို အသိအမှတ်ပြုခဲ့ကြသလိုပင်။
ချီချန်အန်း၏ မျက်လုံးများက အာရုံစိုက်ကာ နားထောင်နေ၏။
"ရုတ်တရက်ကြီး ကျွန်တော်ဘာဆက်ပြောရမှန်းမသိတော့ဘူး"
ရွှီလော့ယန်က ခဏရပ်ကာ သူ့လက်ချောင်းများကို ချိုးကာရေတွက်နေလေသည်။
"ခင်ဗျားမှာ germaphobia (ရောဂါပိုးမွှားများအား ကြောက်ရွံ့ရွံရှာခြင်း) ရှိတယ် ကျန်းမာရေးလည်းမကောင်းဘူး ဓာတ်မတည့်တာတွေ ဖြစ်လွယ်တယ် အစားအသောက်ကလည်း ဇီဇာကြောင်သေးတယ် ဒါပေမယ့် ခင်ဗျားက ချင်းလီမြို့လို ဝေးလံခေါင်သီတဲ့ အရပ်ကို လာချင်နေတုန်းပဲ ဒီနေရာမှာ နှစ်လကြာအောင်နေပြီး လက်သမားပညာကို သင်ယူဖို့အတွက် ခင်ဗျားလက်ကို ကိုးခါလောက် အရှခံသေးတယ်"
"ဒါက ဒီလိုပဲဖြစ်သင့်တာပဲလေ" ချီချန်အန်း၏ လေသံက သဘာဝကျကျပင်။
"ဟုတ်တယ် ဒါကဖြစ်သင့်တာပဲ ဒါပေမယ့် ခင်ဗျားကို ရိုးရိုးသားသား ပြောရရင် ကျွန်တော်အနေနဲ့ ရုပ်ရှင်ရိုက်ဖို့ဇာတ်ကောင်တစ်ခုအတွက်နဲ့ ဇာတ်ကောင်တစ်ယောက်ရဲ့ ဘဝကို ပုံဖော်ဖို့ နှစ်လလောက် အတွေ့အကြုံယူရတာ ဒါပထမဆုံးအကြိမ်ပဲ မနက်တိုင်း မိနစ်နှစ်ဆယ်လောက်စောထပြီး ကျွန်တော်ကိုမမှတ်မိနိုင်ဖို့အတွက် မိတ်ကပ်လိမ်းပြီး ရုပ်ဖျက်နေရတာ အဲ့ဒါက မှန်ရဲ့လား ထိုက်တန်ရဲ့လားလို့ မနေ့ညက ကျွန်တော်ကိုယ်ကျွန်တော် မေးခွန်းပြန်ထုတ်နေမိသေးတယ်"
ရွှီလော့ယန်က ပြောရင်းနှင့် ပြုံးလိုက်မိသည်။ သို့သော် သူ့လေသံက အင်မတန်မှ လေးနက်နေလေသည်။
"ဒါပေမယ့် အခုလေးတင် ခင်ဗျားရဲ့ဇာတ်ကောင်ကြောင့်နဲ့ ခင်ဗျား ရုတ်တရက်ကြီး ခံစားချက်တွေပေါက်ကွဲသွားတာကို မြင်လိုက်ရတော့မှ ကျွန်တော်ချက်ချင်းပဲ တစ်ခုကိုသဘောပေါက်သွားရတယ် ဇာတ်ကောင်အတွက် ပေးဆပ်ရတာ သဘာဝပဲဆိုတာကိုပေါ့"
ရွှီလော့ယန်က ပြောပြီးရှက်သွားမိသည်။
"ဟားဟား ပုံဖော်တဲ့နည်းလမ်းကနည်းနည်းမြန်သွားသလိုပဲနော် စိတ်အတွက် ကြက်စွပ်ပြုတ်ဘက်ကိုပြောင်းသွားရတယ်လို့"
ချီချန်အန်းက မည်သည့်စကားမှ ပြောမလာပေ။ သူက ရွှီလော့ယန်ယခုလေးတင်ပြောသွားသည့်စကားများကို ထပ်၍ရွတ်ဆိုလိုက်သည်။
'ဇာတ်ကောင်အတွက် ပေးဆပ်ရတာ သဘာဝပဲ'။
ထိုရေရွတ်မှုအပြီး သူကရုတ်ချည်းထရပ်လိုက်ကာ ပစ္စည်ကိရိယာများတင်ထားသည့်စားပွဲဘေးနားရှိ ဝါးခြင်းတောင်းထဲမှ အရာဝတ္ထုလေးတစ်ခုအားထုတ်ယူကာ ရွှီလော့ယန်အား လှမ်းပေးလိုက်သည်။
သူ့လက်ထဲမှအရာအား ရွှီလော့ယန်က လှမ်းယူကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ဒါက...ကျွန်တော်အတွက်လား ဒါမှမဟုတ် ကြည့်ရုံပဲကြည့်ပြီး ရင်းရင်းနှီးနှီးနဲ့ ချီးမြှောက်ပေးဖို့အတွက်လား"
သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော မေပယ်ရွက်သဏ္ဍာန်ထွင်းထုထားသည့် သစ်သားပန်းပုမှာ သူ့လက်ဖဝါးအရွယ်အစားသာရှိသည်။ သစ်ရွက် မှာ အလွန်ပါးလွှာပြီး အကြမ်းထည်သာ ထွင်းထုထားသော်လည်း ထိုအရာအား အလွန်ပင်ဂရုတစိုက်ထွင်းထုထားခြင်းဖြစ်ကြောင်း မြင်သာလေသည်။ ရွှီလော့ယန်က ထိုပန်းပုလေးအား သူ့လက်ထဲမှာ ကိုင်ထားပြီးနောက် ပြန်မပေးချင်တော့ပေ။
"ဒါကမင်းအတွက်ပါပဲ"
ချီချန်အန်းက ပြုံးကာ သူ့နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားချေပြီ။
"ကိုယ် ဒါကို ဘယ်လိုလုပ်ရလဲသင်ထားတာ မကြာသေးဘူး အရင်ကလုပ်ထားတဲ့ အရွက်နှစ်ဆယ်ကျော် အကုန် ပုံမပေါ်ဘူး ဒါက တစ်ခုတည်းသော အောင်မြင်တဲ့ မေပယ်ရွက်ပဲ"
ရွှီလော့ယန်က ချက်ချင်းပင် သူ့လက်ကို နောက်သို့ ဖွက်ထားလိုက်သည်။
"ဒါက ကျွန်တော်အပိုင်ဖြစ်သွားပြီနော် ပြန်တောင်းလို့မရတော့ဘူး"
"ဟုတ်ပါပြီ"
ရွှီလော့ယန်က မေပယ်ရွက်သစ်သားပန်းပုကို ကိုင်ကာ အပြန်ပြန်အလှန်လှန် ဂရုတစိုက်ကြည့်ရှုနေမိ၏။ ထိုအခိုက် ကျန်းသုန့်၏ဖုန်းခေါ်ဆိုမှုက ထပ်မံဝင်လာသဖြင့် သူက ဖုန်းစပီကာကို တိုက်ရိုက်သာနှိပ်လိုက်သည်။
"ဒါရိုက်တာကျန်းနဲ့ ဆွေးနွေးပြီးပြီ အဖွဲ့သားတွေက မင်းနဲ့ ချီချန်အန်းနဲ့ အတူတူအလုပ်လုပ်နေကြောင်းနဲ့ ရုပ်ရှင်အသစ်မှာ ဇာတ်လိုက်နှစ်ယောက်နေရာကိုရိုက်ကူးမှာဖြစ်ကြောင်း သတင်းတွေကို တိုက်ရိုက်ထုတ်ပြန်လိမ့်မယ် ပြီးတော့တစ်ခါတည်း ပိုက်ဆံသုံးပြီး ရေပန်းစားအောင်လုပ်ရင်း ဇာတ်ကားရဲ့ ကျော်ကြားမှုပထမလှိုင်းကိုရိပ်သိမ်းကြမယ်တဲ့ ဒါပေမယ့် ဒီအစီအစဥ်ကို ချီချန်အန်းတို့ဘက်ကလည်း သဘောတူမှ ဆက်လုပ်လို့ရမှာ ဘယ်လိုပဲဖြစ်ဖြစ် မင်းကအခု မီးရောင်အောက်ရောက်နေပြီဆိုတော့ ချီချန်အန်းဘက်က သဘောမတူရင် မင်းတစ်ယောက်တည်းအကြောင်းပဲ သတင်းမှာဖော်ပြရလိမ့်မယ်"
သူ၏နံဘေးတွင်ရှိနေသော ချီချန်အန်းအား ခိုးကြည့်ကာ ရွှီလော့ယန်က ဟန်ဆောင်ပန်ဆောင်ဖြင့်ပြောလိုက်သည်။
"အင်း ကျွန်တော် သူ့ကို ခဏနေကျမေးကြည့်ပြီး ပြန်ပြောမယ်လေ"
ဖုန်းချလိုက်ပြီးသည့်အခါတွင်၊ ရွှီလော့ယန်က လုပ်ချောင်းဆိုးလိုက်ပြီး မျက်တောင်တဖျတ်ဖျတ်ခတ်ကာ "မစ္စတာချီ ကူညီပေးမှာလားဟင်"
ချီချန်အန်းက ပြုံးကာခေါင်းငြိမ့်လိုက်သည်။
"အိုကေလေ မင်း ကိုယ့်ကို ဘာလုပ်စေချင်လဲ"
"ဒါရိုက်တာကျန်းက အဲဒီနေ့မနက်မှာ ကျွန်တော်တို့သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဖိုင်ကို ပို့ပေးလိမ့်မယ် ပြီးတော့ ကျန်းကောက ဝေးလံခေါင်သီတဲ့မြို့လေးမှာ ကျွန်တော်တို့နှစ်ယောက်တွေ့ကြုံခဲ့ရပုံကို ရှင်းပြပေးလိမ့်မယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဘီမြို့နဲ့ အရမ်းဝေးတဲ့နေရာမှာရှိနေပြီး အရမ်းကို အလုပ်ရှုပ်နေတယ်ဆိုတဲ့အတွက် ကျွန်တော် ယွင်ရှု နဲ့ ချိန်းတွေ့ဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုတာ ရှင်းချင်ရုံသက်သက်ပဲ"
ရွှီလော့ယန်က သစ်သားမေပယ်ရွက်အား လက်ချောင်းများဖြင့် တို့ထိနေရင်း "အထောက်အထားက လုံလောက်ပြီးသားပါ ခင်ဗျားလုပ်ရမှာက ကျွန်တော် ခင်ဗျားနဲ့ အတူရှိနေတယ်လို့ ပြောပြီးရင် ဒီတိုင်းထိုင်ပြီး မျက်နှာဖြတ်ရိုက်တာကို ကြည့်နေရုံပဲ"
ညနေလေးနာရီအချိန်တွင် ရွှီလော့ယန်က ရဲစခန်း၏ရုံးခန်းအတွင်း လေအေးပေးစက်အောက်တွင် တိုးထိုင်လိုက်သည်။ သူ့ဖုန်းကို ထုတ်ကာ Weiboထဲသို့ဝင်ပြီး ရှာဖွေကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရေတပ်အမြောက်အများကအလုပ်လုပ်နေဆဲပင်။
"အဲဒီအချိန်တုန်းက မင်းကို အံ့အားသင့်စေခဲ့တဲ့ နတ်ဘုရားမ"
သို့မဟုတ် "ယွင်ရှုဆိုတော့မှပဲ...မင်းတို့ မှတ်မိကြသေးလား" ဟူသော စကားလုံးများစွာနှင့်ပင်။
ထိုကဲ့သို့သော ဇာတ်ကောင်အား ဖြတ်တောက်ထားသည့်ဗီဒီယိုမှာ အင်မတန်မှ တည့်တိုးဆန်လွန်းလှသည်။
"ကောင်းကင်မှဖန်ဆင်းထားသည့်မျက်နှာလေး.. ယွင်ရှုက ဆယ်စုနှစ်တစ်ခုစာအား အလေအလွင့်ဖြစ်စေခဲ့တယ်" အစရှိသဖြင့် ခေါင်းစဥ်များက အနည်းနှင့်အများ တူညီသောပုံစံဖြင့်သာ။
ရွှီလော့ယန်က ကြည့်ရင်းပင် ရွံရှာလာမိသည်။ ယခုနှစ်၏ ဝါဒဖြန့်အဖွဲ့ က လုံးမကောင်းပေ။နာမည်ကျော်ကြားစေရန်ပြုလုပ်နေသည့်ခြေရာလက်ရာများက သိသာလွန်းလှပြီး အတုအယောင်ဆန်လွန်းလှသဖြင့် အလွယ်တကူ စိတ်ဝင်စားမှုအား လျော့ကျစေလိမ့်မည်ပင်။ သူတို့က သူ့အားပိုက်ဆံပေး၍ခိုင်းတာကပင် ပိုကောင်းဦးမည်။
၄:၂၀တွင် ဒါရိုက်တာကျန်း၏ Weiboမှ သဘောတူထားသည့် သရုပ်ဆောင်ဗီဒီယိုအားတင်ပေးလာသည်။ ၄:၂၇တွင် ယို့လိအင်တာတိန်းမန့်၏ တရားဝင်စာမျက်နှာမှ ဒါရိုက်တာကျန်း၏Weiboပို့စ်အား ပြန်လည်မျှဝေကာ၊ ရွှီလော့ယန်က ချီချန်အန်းနှင့်အတူ၊ ရုပ်ရှင်အဖွဲ့သားတို့နှင့်အတူ ဝေးလံခေါင်သီသောမြို့ငယ်လေးဆီသို့ လွန်ခဲ့သည့်တစ်လခွဲခန့်က ရုပ်ရှင်ရိုက်ကူးရန်သွားရောက်ခဲ့ပြီး ဘီမြို့သို့ ပြန်မလာသေးကြောင်း အထူးအလေးပေးရေးသားဖော်ပြထားသည်။
မိနစ်နှစ်ဆယ်အကြာတွင် ကျန်းသုန့်မှပြင်ဆင်ထားသည့် ရေတပ်အဖွဲ့ငယ်လေးများက အခြေအနေကိုတည်ငြိမ်စေပြီး ရုပ်ရှင်အဖွဲ့သားများဖက်မှ ဝါဒဖြန့်အဖွဲ့ဝင်ရောက်လာမည့်အချိန်အား စောင့်ဆိုင်းလျက်ရှိသည်။
ရွှီလော့ယန်က သက်ပြင်းတစ်ချက်ချကာ ချီချန်အန်း၏Weiboအား နောက်တစ်ကြိမ်သွားစစ်ကြည့်လိုက်ရာ ပို့စ်အသစ်တင်ထားသည်အား တွေ့လိုက်ရ၏။
"လွန်ခဲ့တဲ့ ဆယ်ရက်ကျော်လောက်တုန်းက ရွှီလော့ယန်က ကိုယ်နဲ့အတူ နေ့ရောညပါ အတူတူရှိနေခဲ့တယ်"
အကြိမ်ပေါင်းများစွာကြည့်ပြီးနောက်၊ သူပိုကြည့်လေလေ၊ သူ့စိတ်ထဲ ခံစားချက်ကပိုဆိုးလာလေလေ ဖြစ်လာရသည်။ သူကကောမန့်များအား ဂရုတစိုက်ဖွင့်ကြည့်ရာ သူထင်နေသည့်အတိုင်းပင် ကောမန့်များက အတော်လေးကွေးကောက်နေ၏။
"အိုး...ငါတွေ့ခဲ့တာကို ကြည့်လိုက်စမ် နေ့တိုင်းညတိုင်း ကိုယ်တို့အတူတူရှိနေကြတာ"
"... သေချာတာပေါ့...သေချာတာပေါ့...တရားဝင်သကြားက အချိုဆုံးပဲ... ငါဒီအတွက်ရေချိုးကန်သွားဝ
ယ်လိုက်တော့မယ်"
"...ချန်အန်းလော့ယန်၊နာမည်ကအစ ခွေးတွေကိုညှင်းပန်းနှိပ်စက်မယ့် အရောင်အဝါတွေကို ထုတ်လွှတ်နေတာ ဒီ cp ကို ဒီနတ်မိမယ်က အရင်ဦးဆုံး ထောက်ခံတယ်ဟေ့!"
_____