Chapter 5
ချီချန်အန်းက သူ့ကိုကြည့်နေတာကို မြင်သဖြင့် ရွှီလော့ယန်က ခဏမျှစဉ်းစားလိုက်ကာ "ဘာလို့လဲဆိုတော့ ကျွန်တော်တို့အိမ်ကထွက်လာကတည်းက ဘာမှမစားသလို ဘာနဲ့မှလည်း မထိခဲ့ဘူးလေ မတော်တဆဖြစ်သွားတဲ့ခွေးနဲ့ သိပ်မသန့်တဲ့ရေကန်ကရေပဲရှိတာ"
ထို့ပြင် ဤမျှကြီးကြီးမားမားအလာ့ဂျစ်ဖြစ်နေမှုက ကန်ရေများကြောင့်သာ ဖြစ်နိုင်လေသည်။
သူ့ပါတနာမှ အပြစ်ရှိစိတ်အား ခံစားနေရတာကို သတိထားမိသည့်အခါ ချီချန်အန်းက ယခုအချိန်တွင် မည်သည့်စကားပြောရမည်မှန်းမသိတော့ပေ။ ရေကန်ထဲမခုန်ချမီကတည်းက သူ့ထံ ဓာတ်မည့်မှုဖြစ်နိုင်ချေအတော်လေးများတာကို သူသိသည်။ သူ့ကျန်းမာရေးမည်မျှပင်ဆိုးရွားနေတာကို သူသိသော်လည်း သူ့ထံတုံ့ဆိုင်းမှုအလျင်းမရှိခဲ့ပေ။
ဤသည်မှာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၏နောက်ဆက်တွဲရလာဒ်သာဖြစ်ပြီး၊ ရွှီလော့ယန်အား အပြစ်ရှိသည့်စိတ်၊ သို့မဟုတ် အားနာစိတ်မကောင်းဖြစ်သည့်စိတ် မရှိစေလို။
စဉ်းစားပြီးသည့်အခါ ချီချန်အန်းက ရိုးရှင်းစွာပင် အကြံပြုလာသည်။
"ဒါဆို မင်း ကိုယ့်ကို ဆေးလိမ်းပေးလို့ရမလား ကိုယ့်နောက်ကျောကို ကိုယ်မမီဘူးလေ"
"ကောင်းပြီ ...ကောင်းပြီ"
____
သူတို့နှစ်ဦးအတူတူနေထိုင်သည်မှာ တစ်ပတ်မျှကြာမြင့်ခဲ့ပြီဖြစ်ပြီး ချီချန်အန်း၏အိပ်ခန်းထဲသို့ ရွှီလော့ယန် ဝင်ရောက်ခြင်းမှာမူ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။
သူက အတွင်းထဲတွင်ကြိတ်ကာ ရင်တုန်စိတ်လှုပ်ရှားနေမိသည်။ သို့သော်လည်း သူက ချီချန်အန်းအနောက်မှလိုက်လာပြီး အထူးသဖြင့် သူ့စပ်စုချင်စိတ်ကြောင့် ဟိုဟိုဒီဒီလျှောက်မကြည့်မိရန် အတော်လေး ထိန်းချုပ်ထားရသည်။ သို့သော် ကုတင်ဘေးရှိ စားပွဲအသေးလေးပေါ်တွင် ရွှေရည်စိမ်ထားသည့် ကတ်ထူစာအုပ်နှစ်အုပ်အား တွေ့လိုက်ရသဖြင့် စပ်စုချင်စိတ်အား ထိန်းမထားနိုင်တော့သဖြင့် ရွှီလော့ယန်နှစ်ကြိမ်မျှ ခိုးကြည့်မိသည်။ ထို့နောက် စာအုပ်တစ်အုပ်မှာ လက်တင်ဘာသာစကားဖြင့်ရေးသားထားကြောင်း သိရှိသွားပြီး ကျန်တစ်အုပ်မှာတော့ မည်သည့်ဘာသာစကားကိုအသုံးပြုထားမှန်း နည်းနည်းလေးပင် မသိတော့ချေ။
ရွှီလော့ယန်က သိချင်စိတ်ပြင်းပြစွာနှင့် ထိုစာအုပ်နှစ်အုပ်အား လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"ဒီစာအုပ်နှစ်အုပ်မှာ တစ်အုပ်ကတော့ လက်တင်စကားနဲ့... နောက်တစ်အုပ်က ဘာစကားလဲဟင်"
ချီချန်အန်းက အံဆွဲထဲဆေးရှာနေရင်း သူညွှန်ပြသည့်နေရာအားကြည့်ကာ ဖြေလာသည်။
"တခြားတစ်အုပ်က ရှေးဟောင်းဂရိဘာသာ ကိုယ့် ကိုယ်ပိုင်ဝါသနာလိုဆိုရမှာပေါ့"
"အဲ့ဒီနှစ်ခုလုံးက ရှေးဟောင်းဘာသာစကားတွေချည်းပဲ" ရွှီလော့ယန်ကတွေးမိသည်။
"အင်း..အဲ့ဒါကြောင့်မို့ ခဏလောက်မဖတ်လိုက်တာနဲ့ ဘာတွေသင်ထားလဲဆိုတာမေ့သွားနိုင်တာမို့ ခဏခဏပြန်ကြည့်နေရတယ်လေ"
ပုလင်းထဲမှ အဖြူရောင်ဆေးနှစ်လုံးအား လက်ထဲသို့ထည့်ကာ ရေဖြင့်မျော၍သောက်လိုက်ပြီး လိမ်းဆေးတစ်ဘူးအားယူကာ ရွှီလော့ယန်ထံ ကမ်းပေးလိုက်သည်။
ထိုဆေးဘူးအား လှမ်းယူပြီးသည့်အခါ ဆေးဘူးအခွံမှာ ပုံမှန်မြင်နေကျလိမ်းဆေးဘူးအခွံများနှင့်ကွဲထွက်နေကြောင်း ရွှီလော့ယန်သတိထားမိလိုက်သည်။ ဘူးခွံပေါ်တွင် ချီ ဟူသည့်စာလုံးတစ်လုံးတည်းသာရိုက်နှိပ်ထားကာ နံပါတ် 01 နှင့်ပင်တူနေလေသည်။
"ဒါက ခင်ဗျား ဓာတ်မတည့်မှုဖြစ်ရင်သုံးတဲ့ဆေးလား"
"အင်း...ခုနကဟာက သောက်ဆေး ဒါက အပြင်ဘက်လိမ်းဖို့"
ချီချန်အန်း၏ဓာတ်မတည့်မှုမှာ သာမန်လူများဓာတ်မတည့်မှုဖြစ်ပုံနှင့် ဤကဲ့သို့ကွာခြားကြောင်း ရွှီလော့ယန်တွေ့ရှိသွားရသည်။ မည်သို့ပင်ဆိုစေကာမူ၊ သုံးစွဲသည့်ဆေးဝါးကအစ၊ သာမန်လူများနှင့် ကွာခြားပေ၏။
လက်ထဲရှိလိမ်းဆေးအား ရွှီလော့ယန်စိုက်ကြည့်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ၊ ချီချန်အန်းမှာ ယခုထက်ထိ သူ့ထံအပြစ်ရှိစိတ်ခံစားနေရဆဲဟု တွေးထင်လိုက်မိပြီး နည်းနည်းလောက်ပို၍ ရှင်းပြပေးရန်ဆုံးဖြတ်လိုက်သည်။
"ကိုယ့်ခန္ဓာကိုယ်က အရင်တည်းကအကောင်းကြီးမဟုတ်ဘူးလေ ပြီးတော့ ရေကန်ထဲကရေမှာပါတဲ့ မသန့်စင်တာတစ်ချို့ကို ကိုယ်သိပ်ခံရည်နိုင်ရည်မရှိတာမို့ ဓာတ်မတည့်တာ ဖြစ်လွယ်တာပါ ဒါပေမယ့် ဆေးသောက်ပြီးရင် ကိုယ်ဘာမှမဖြစ်တော့ပါဘူး"
"အဲ့ဒီလိုကိုး"
ရွှီလော့ယန်က ခေါင်းတဆတ်ဆတ်ညိတ်ကာ ချီချန်အန်း၏ဆိုလိုရင်းကို အမြန်ပင်သဘောပေါက်သွားသည်။ သိရသရွေ့ နတ်ဆိုးတွေရဲ့အသိုင်းအဝိုင်းမှာလည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် အားနည်းမှုများရှိသည့်ပုံပင်။ ချီချန်အန်းကတော့ အားနည်းသည့်အုပ်စုမှ တစ်ယောက်ဖြစ်ဟန်တူလေသည်။
သူကလက်ထဲရှိလိမ်းဆေးအား လေ့လာကြည့်ရန်ပြင်သည့်အခါ ချီချန်အန်းက သူ့ရှပ်အင်္ကျီပေါ်သို့လက်တင်ကာ လက်ချောင်းများကိုလှုပ်ရှားလိုက်ပြီး ကြယ်သီးနှစ်လုံးအားဖြုတ်လိုက်သဖြင့် သူ့ရဲ့လှပသော ညှပ်ရိုးထွက်ပေါ်လာသည်။
နေပါဦး...
သူ့နှလုံးမှာ ခုန်ပေါက်နေပေပြီ။ ရွှီလော့ယန်ကလက်ထဲရှိလိမ်းဆေးဘူးအားဖြစ်ညှစ်ရင်း စိတ်ထဲမှ အော်ဟစ်နေမိသည်။
'မင်းငါ့ကို စိတ်ပိုင်းဆိုင်ရာပြင်ဆင်ဖို့ အချိန်ငါးမိနစ်လေးတောင်မပေးနိုင်ဘူးလား မင်းရဲ့အဝတ်အစားကို ဒီလိုကြီး ဝုန်းဆိုချွတ်ချလို့ရတယ်ပေါ့ ဒီလုပ်ဆောင်မှုက ....ငါလေးကြောက်လန့်နေပါပြီ ဒါက အမှားအယွင်းတွေ မတော်တဆတွေဖြစ်လာနိုင်တယ်လေ မင်းသိရဲ့လား'
သို့သော်ချီချန်အန်းကမူ သူ့စိတ်အတွင်းမှ ဒရာမာဆန်ဆန်အတွေးများအား သဘောမပေါက်ပါချေ။ သဘာဝကျကျပင် ကြယ်သီးများဖြုတ်ကာ ရှပ်အင်္ကျီအားချွတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းအား လှစ်ဟပြလာသည်။ ညာလက်လက်တွင် သူ့ရှပ်အင်္ကျီအားကိုင်ထားကာ ရွှီလော့ယန်အားကျောပေးလိုက်သည်။
ရွှီလော့ယန်...ရွီလော့ယန်ရဲ့နှာခေါင်းမှာ အနည်းငယ်ယားယံလာရသည်။
အချိန်မှာ ဆောင်းဦးကာလသို့ မရောက်ရှိသေးပေ။နေရောင်ကတောက်ပနေကာ ထွန်းလင်းနေသည့်အလင်းရောင်ကြောင့် ချီချန်အန်း၏နောက်ကြောရှိ ကျစ်ကျစ်လစ်လစ်ကြွက်သားများအား ရွှီလော့ယန်အတိုင်းသားမြင်နေရသည်။ အရေပြားပေါ်၌ အနီရောင်ဖျော့ဖျော့အကွက်အနည်းငယ်ရှိနေသော်လည်း သူ့အသွင်ပြင်အား နည်းနည်းလေးမျှမထိခိုက်သွားပါချေ။
အချိန်အတန်ကြာအောင်စောင့်ဆိုင်းပြီးသော်လည်း၊ ရွှီလော့ယန်က မလှုပ်ရှားလာသဖြင့် ချီချန်အန်းက "ကျေးဇူးပြုပြီး နီနေတဲ့နေရာတွေကိုပဲ ဆေးလိမ်းပေးပါ" ဟုပြောလာသည်။
"ကိစ္စမရှိပါဘူး ကိစ္စမရှိဘူး ဒါက ကျွန်တော်လုပ်ရမှာပဲလေ"
ရွှီလော့ယန်က ယခုအချိန်တွင်ပင် တည်ငြိမ်တဲ့လေသံနှင့်ပြောနိုင်နေဆဲဖြစ်သည့်အတွက် သူ့ကိုယ်သူလေးစားသွားမိသည်။ သူက သက်ပြင်းအသာခိုးချလိုက်ကာ လိမ်းဆေးဘူးရဲ့အဖုံးအားလှည့်ဖွင့်လိုက်သည်။ ရှုပ်ထွေးနေသောနှလုံးသားဖြင့် သူ့လက်ချောင်းများက ချီချန်အန်း၏ကျောပြင်ထက်ရှိကြွက်သားများနှင့် ထိတွေ့သွားသည်။
သူ့လက်အောက်မှခံစားချက်မှာ ... အင်မတန်မှကောင်းမွန်လှပေသည်။
ချီချန်အန်း၏ကြွက်သားများမှာ အလွန်အမင်းထုနှင့်ထည်နှင့်မဟုတ်ပေ။ ကြွက်သားပါးပါးလေးက သန်မာသည့်အင်အားအား ဖုံးကွယ်ထားသကဲ့သို့ပင်။ သူ့ရဲ့ဆွဲဆောင်မှုရှိသော ကျောရိုးမှာ အောက်သို့နိမ့်ဆင်းသွားပြီး အနက်ရောင်ဘောင်းဘီအောက်သို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ အလွန်ပင် ပြီးပြည့်စုံလုနီးပါး အနုပညာလက်ရာတစ်ခုဟုပင် ရွှီလော့ယန်ထင်မှတ်မိသည်။
သူ့ကိုယ်သူအာရုံလွှဲရန်၊ ဆေးလိမ်းပေးနေရင်း ချီချန်အန်းနှင့် စကားစမြည်ပြောလိုက်သည်။
"စကားမစပ် ခင်ဗျား ပန်းလိုးရှင်းရော ယူဦးမလား ကျွန်တော် ပုလင်းတွေအများကြီးဝယ်ထားတာ အဲ့ဒါက တကယ်ကောင်းတယ် ဒီအိမ်ထဲကခြင်တွေက တော်တော်လေးငတ်ပြတ်နေပုံပဲ ကျွန်တော် ဒီကိုရောက်တဲ့ ပထမဆုံးနေ့က သေလောက်အောင်အကိုက်ခံခဲ့ရတာ"
ပြောပြီးမှ သူ့မှာ တွေဝေသွားရသည်။ နတ်ဆိုးတစ်ကောင်က ပန်းလိုးရှင်းအား သုံး၍ရ၊မရ သူမသိပေ။
"ကျေးဇူးပါ ဒါပေမယ့် ကိုယ်က ပန်းနံ့ထည့်ထားတာတွေနဲ့လည်း ဓာတ်မတည့်ဘူး" ချီချန်အန်းက သူ့ကိုယ်သူလည်း အတန်ငယ်စိတ်ပျက်သွားမိသည်။
"ကံကောင်းစွာနဲ့ပဲ ကိုယ့်ကို ခြင်မကိုက်ဘူး"
သေချာသလောက်ပင်။ ခြင်များပင် သူ့အားမကိုက်ရဲပေ။
ချက်ချင်းဆိုသလိုပင် ၊ ရွှီလော့ယန်က တစ်စုံတစ်ရာအား အမှတ်ရသွားသည်။
"ကျွန်တော်မှာ မင်းနဲ့တူတဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရှိတယ် သူလည်း ခြင်ကိုက်ခံရတဲ့ဒဏ်က လုံးဝ လွတ်ကျွတ်နေရောပဲ ကျွန်တော်သူ့ကို တကယ်မနာလိုဘူး"
သူ၏ရင်းနှီးသည့်လေသံအား နားထောင်ရင်း အနာဂတ်၌လည်း အခြားလူများကို သူ့အကြောင်းပြောပြသည့်အခါ၊ ရွှီလော့ယန်က ယခုကဲ့သို့ရင်းနှီးသည့်လေသံနှင့် ပြောဆိုနိုင်ရန် ချီချန်အန်းမျှော်လင့်မိသည်။
မိနစ်အနည်းငယ်မျှကြာပြီးသည့်အခါ၊ တာဝန်ပြီးမြောက်သွားပြီဖြစ်ကြောင်း ရွှီလော့ယန်ကကြေငြာလိုက်သည်။ သူက စိတ်သက်သာရာရသွားပြီး လိမ်းဆေးအဖုံးအား ပြန်ပိတ်လိုက်ချိန်တွင် ချီချန်အန်းကလှည့်လာကာ အင်္ကျီပြန်ဝတ်နေတာကို မြင်လိုက်ရသည်။ သူ့ ရင်အုပ်နှင့် ဝမ်းဗိုက်ကြွက်သားများက တစ်ဝက်လောက်ဖုံးကွယ်နေပေသည်။
မသိလိုက်ပါပဘဲ "ငါဘာကိုမှ မမြင်ဘူး...ဘာကိုမှမမြင်မိဘူး" ဟူသည့် စိတ်ဖြင့် သူ့မျက်လုံးများအား ရှောင်လွှဲလိုက်သော်လည်း တစ်ဖက်လူ၏ကိုယ်ပေါ်ရှိ ရှည်လျားသောအမာရွတ်တစ်ခုနှင့်သေးငယ်သောအမာရွတ်တစ်ခု၊ စုစုပေါင်းအမာရွတ်နှစ်ခုအား တွေ့လိုက်ရသည်။
ဤဒဏ်ရာမှာ ခြေတစ်ချောင်းငှက်မိစ္ဆာအား လက်အောက်ခံအဖြစ်ဖိနှိပ်စဉ်ရရှိခဲ့သည့် ဒဏ်ရာဖြစ်နိုင်မည်လား။ သူ့နှလုံးသားမှာ ကြောင်ကုတ်ခံနေရသကဲ့သို့ သိချင်စိတ်ပြင်းပြနေသော်လည်း ရွှီလော့ယန်က မေးခွန်းများထပ်၍မမေးတော့ပေ။ သူက မမြင်ချင်ယောင်ဆောင်နေရန်သာ ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ၊ နတ်ဆိုးများက သူတို့၏အထောက်အထားအား လူသားများဆီမှ ဖုံးကွယ်ထားရမည်လေ။
ရွှီလော့ယန်က သူ့ကိုယ်သူအင်မတန်ထောက်ထားညှာတာတတ်တာပဲဟု တွေးထင်လိုက်၏။
ရက်များကလျင်မြန်စွာကုန်ဆုံးသွားပြီး ဆောင်းဦးကာလသို့ ရောက်ရှိလာသည်။ သို့သော်အပူချိန်ကလျော့ကျမသွားဘဲ နေမင်းကြီးမှာလည်း တောက်ပစွာထွန်းလင်းလျက်သာ။ အဖြူရောင်လက်ရှည်တီရှပ်အား ဝတ်ဆင်ထားပြီး တံတိုင်းတစ်ခု၏အရိပ်အောက်တွင် ရွှီလော့ယန်ပုန်းကွယ်နေ၍ ပိတ်ထားသည့်ဂိတ်တံခါးအား မကြာမကြာ လှမ်းကြည့်နေမိသည်။ မည်သည့်လှုပ်ရှားမှုကိုမျှမတွေ့ရလျှင် သူက လက်ထဲရှိသစ်ကိုင်းခြောက်ဖြင့် ပုရွက်ဆိတ်များအား ဆက်လက်စနောက်နေလိမ့်မည်။
မိနစ်အနည်းငယ်ထပ်မံကုန်ဆုံးသွားပြီးနောက်၊ ပိတ်ထားသည့်ဝင်းတံခါးမှာ ကျွီခနဲအသံဖြင့် ပွင့်လာခဲ့သည်။ ရွှီလော့ယန်က အလျင်စလိုထရပ်လိုက်ပြီး ချီချန်အန်းဘေးနား၌ရပ်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"မစ္စတာချီ ကျွန်တော် ခင်ဗျားကို လေးလေးနက်နက်ပြောချင်တာလေးရှိတယ် အခု ခင်ဗျားမြင်နေရတာက အရင်ကကျွန်တော်မဟုတ်တော့ဘူး ဒါပေမယ့် ဗိုက်ဆာလွန်းလို့အော်ငိုရတော့မယ့် ကျွန်တော်ပဲ"
"အင်း စောင့်ခိုင်းထားမိတာ တောင်းပန်ပါတယ် ဆရာကျွမ်းဆီမှာ အချိန်နည်းနည်းပိုယူလိုက်မိတယ်"
ချီချန်အန်းက လက်သမားအတတ်အား လာရောက်သင်ယူလျှင်သော်မှ အဖြူရောင်ရှပ်အင်္ကျီအားဝတ်ဆင်ထားဆဲဖြစ်ကာ အင်္ကျီလက်များကို တံတောင်ဆစ်အနားထိ လျော့တိလျော့ရဲခေါက်တင်ထားပြီး သူ့ပုံပန်းသွင်ပြင်က ထက်ရှနေလေသည်။ သို့သော် သူ၏လက်ချောင်းများတွင် ယခင်ကထက် ရှရာနှစ်ခုပိုတိုးလာကာ ၎င်းတို့မှာ အနာဖေးတက်ကာစသာရှိသေးသည်။
"ခင်ဗျား...ခင်ဗျားလက်ကိုထိခိုက်လာပြန်ပြီလား ကြည့်ရအောင် ဒါက ကိုးခုမြောက်ပဲ"
ချီချန်အန်းက သိပ်ဂရုမစိုက်ပေ။
"တစ်စုံတစ်ခုကိုသင်ဖို့ဆို ပြန်ပေးဆပ်ရတာတော့ရှိမှာပဲလေ ဒါကဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး"
နှစ်ဦးသားမျက်လုံးချင်းဆုံမိသွားချိန်တွင် ရွှီလော့ယန်က ရုတ်တရက်မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်သွားရသည်။ နေရောင်အောက်တွင်၊ ချီချန်အန်း၏ညာဘက်မှ မျက်လုံးသူငယ်အိမ်တစ်ဝိုက် ကိုဗော့အပြာရောင်ကွင်းလေးကလင်းလက်နေပေသည်။ စက္ကန့်ပိုင်းမျှအကြာထပ်ကြည့်လိုက်ရာ၊ နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။
ချီချန်အန်းက သူ့အားသံသယတစ်ချို့နှင့်ကြည့်လာတာကို သတိထားမိသည့်အခါ၊ ရွှီလော့ယန်၏နှလုံးသားမှာတုန်ခါသွားရကာ လွန်ခဲ့သည့်တစ်နှစ်ခန့်က ချီချန်အန်းအား ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က ထိုသူ၏ အနက်ရောင်နှင့်အပြာရောင်မျက်ဝန်းတစ်စုံအား ပြန်လည်အမှတ်ရမိသွားသည်။
ခေါင်းထဲမှပုံရိပ်များအား တွန်းထုတ်ပြီးနောက် ရွှီလော့ယန်က ပြန်လည်၍စိတ်အေးလက်အေးဖြစ်သွားသည်။ သူ့လက်များအား ဝှေ့ယမ်းလိုက်ပြီး အစောနကစကားခေါင်းစဉ်အား ပြန်လည်ပြောဆိုလိုက်၏။
"ကျွန်တော်က စောစောပြီးနေတာ ဒီနေ့ ရဲစခန်းမှာ ဘာမှလုပ်စရာမရှိဘူးလေ အဲ့ဒါကြောင့် ရှန်းကောက ကျွန်တော်ကို ညစာစောစောစားရအောင်လို့ ပြန်လွှတ်လိုက်တာ"
ပြောနေလျက်နှင့် ရွှီလော့ယန်က သက်ပြင်းချကာ "ရဲစခန်းကိုသွားရတာက လုံးဝသဲထိတ်ရင်ဖို စိတ်လှုပ်ရှားစရာဖြစ်မယ်လို့ ထင်ထားခဲ့တာ ဒါပေမယ့် တစ်ပတ်လောက်ရှိနေတာတောင် နေ့တိုင်း ညသန်းခေါင်ကြီး အိမ်ကနေထွက်ပြေးသွားတဲ့ကြောင်ကို လိုက်ဖမ်းပေးရတာနဲ့ ခွေးပျောက်တာတွေ အိမ်နီးချင်းတွေ ရန်ဖြစ်စကားများကြတာကို ဖျန်ဖြေပေးရတာတွေချည်းပဲ ချင်းလီမြို့က တစ်ကယ်ကြီး သက်ဝင်လှုပ်ရှားနေတာပဲ ဒီနေရာကလူတွေက သင့်သင့်မြတ်မြတ်ရှိတာမို့ လုံးထွေးသတ်ပုတ်တာတွေနဲ့ဆူဆူညံညံရန်ပွဲတွေတောင် မရှိဘူး"
"ဒါက ပျင်းစရာကောင်းတယ်ဆိုပေမယ့် နေ့တိုင်းအကြမ်းဖက်မှုတွေဖြစ်နေတာထက်စာရင်တော့ ပိုကောင်းတယ်လေ"
"ဒါပေါ့ ဒါပေါ့ ဒါပေါ့"
ရွှီလော့ယန်က ထောက်ခံစွာနှင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြန်လည်ပျော်ရွှင်သွားပြန်သည်။
"ကမ္ဘာကြီးငြိမ်းချမ်းနေတာက အကောင်းဆုံးပဲ"
သူ့ရဲ့တောက်ပနေသည့်မျက်ဝန်းများက အမည်းရောင်ကိုင်းနှင့်မျက်မှန်အောက်တွင် ဖုံးကွယ်ခံထားရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က သူက သူ့ကိုယ်သူ မိတ်ကပ်ရည်များလိမ်းကာ အသားအရည်အား ညိုမည်းစေခဲ့ပြီး သူ့ရဲ့ရှေ့ဆံမြိတ်များကိုချထားကာ မျက်လုံးအားလှည့်စားထားခဲ့သည်။ ရက်အနည်းငယ်ကြာအောင် စုံထောက်ဟောင်းရှန်းကျန်း၏နောက်မှလိုက်ကာ မြို့နယ်ရဲစခန်းအား ဝင်လိုက်ထွက်လိုက်လုပ်နေသည့်တိုင်အောင် မည်သူမျှသူ့အား ရွှီလော့ယန်ဖြစ်ကြောင်း မမှတ်မိတော့ပေ။
ထို့ကြောင့် သူက သူ့ကိုယ်သူတအား မတင်းကြပ်ထားတော့ပေ။
"သွား သွား သွားရအောင် ကျွန်တော်ရဲ့ ရေဒါလေးက ဒီအနီးအနားမှာ စားလို့ကောင်းတာတစ်ခုခုရှိနေတယ်လို့ ပြောပြနေတယ်"
ချီချန်အန်းက အနည်းငယ်ရှုပ်ထွေးသွားရသည်။
"ရေဒါလေး..."
"ကျွန်တော် ခင်ဗျားကို ပြမယ်"
လျှို့ဝှက်ဆန်းကြယ်သည့်ဟန်ဖြင့် ရွှီလော့ယန်က သူ့ခေါင်းထက်သို့လက်လှမ်းကာ ဦးခေါင်းထိပ်ရှိ ဆွဲထောင်ခံထားရသည့် ဆံပင်လေးအား ညွှန်ပြလိုက်ပြီး ပြောလာလေသည်။
"ဒီမှာကြည့် အစားကောင်းအသောက်ကောင်းရှိတဲ့နေရာကို ညွှန်ပြမယ့် ရေဒါလေးလေ"
ချီချန်အန်းမှာ နောက်ထပ်တစ်ဖန် ရွှင်မြူးပြီးရယ်ချင်သွားရပြန်သည်။
တစ်ဖက်လူ၏အပြုံးအားမြင်လိုက်ရသည့်အခါ၊ ရွှီလော့ယန်မှာ သူ့ကိုယ်သူအနည်းငယ်တုံးအသည့်ပုံပေါက်နေတာပဲဟုတွေးမိကာ သူ့ကိုယ်သူပြန်အဖက်ဆယ်ရန်ကြိုးစားလိုက်သည်။
"ဟားဟား... တကယ်တော့ ကျွန်တော်က ပုံမှန်ဆို လေးလေးနက်နက်ရှိပြီးတည်ငြိမ်ပါတယ် အမြဲဒီလိုမျိုးမဟုတ်ပါဘူး"
သူပြောပြီးသည့်နောက် ချီချန်အန်းက တည်ငြိမ်စွာနှင့် ခေါင်းညိတ်လိုက်တာကိုမြင်ရသော်ငြား ထိုသူယုံကြည်လား၊မယုံကြည်လားကိုတော့ သူလည်းမသိပေ။
သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်၊ ယခင်ကထက်စာလျှင် သူနှင့်ချီချန်အန်းတို့ ပို၍ခင်မင်လာခဲ့ပြီဟု ရွှီလော့ယန်ခံစားရသည်။ မည်သို့ပင်ဆိုဆို၊ သူတို့က ရေကန်ထဲသို့လည်း အတူတကွဆင်းခဲ့ဖူးသည်၊ နေ့စဉ် ထမင်းသုံးနပ်ကိုလည်း လက်ဆုံစားခဲ့ကြပြီး အတူတူနေထိုင်ကြသည်ဖြစ်ရာ တစ်ယောက်နှင့်တစ်ယောက် အမြဲလိုလိုမြင်တွေ့နေရသဖြင့် မရင်းနှီးလာရန် မဖြစ်နိုင်ပေ။ မိမိသိကျွမ်းသည့်လူများရှေ့မှောက် အနည်းငယ်စိတ်ဖြေလျော့ထားခြင်းက အဆင်ပြေသည်မဟုတ်လား။
လှည့်ကာပတ်ကာသွား၍အဆုံး၌ အိမ်ဆိုင်လေးတစ်ခုဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အဝေးမှပင် အစားအသောက်အနံ့များအား ရနိုင်သဖြင့် ရွှီလော့ယန်က ဂုဏ်ယူမိသွားသည်။
"ရဲစခန်းက သန့်ရှင်းရေးသမားကိုမေးလာခဲ့တာ ဒီစားသောက်ဆိုင်က အစားအသောက်တွေက တော်တော်လေးကောင်းတယ်တဲ့"
သူက ရဲစခန်းသို့ ရက်အနည်းငယ်သာ သွားရသေးသော်လည်း စခန်းအတွင်းမှလူအားလုံးနှင့် ကောင်းစွာရင်းနှီးနေပြီဖြစ်သည်။
ရွှီလော့ယန်၏ မိမိကိုယ်ကို ဘဝင်ခိုက်နေသည့်အမူအရာလေးအား မြင်ရတာကို ချီချန်အန်းက သဘောကျသည်။ အထူးသဖြင့် ယခုနေရောင်ခြည်ဖြင့် ပေါင်းစပ်လိုက်သည့်အခါ၊ အထူးတလှယ်တောက်ပနေတတ်၏။