အပိုင်း ၂
Viewers 10k

Chapter 2




ရှပ်အင်္ကျီအဖြူ၏လက်ထိပ်များကို သပ်သပ်ရပ်ရပ်ခေါက်ထားသည်က သူ့လက်ကောက်ဝတ်များကို နဂိုထက်သေးသွယ်သွားစေ၏။ ဖြူဖွေးသည့် အသားအရည်ကြောင့် သူ၏လက်အနောက်ဘက်မှာ အနည်းငယ် နီညိုရောင်သန်းနေသည်။ လက်ဆစ်များမှာ ကောင်းစွာပေါ်လွင်နေကာ၊ လက်သည်းအား သေသေသပ်သပ် ၀ိုင်း၀ိုင်းလေးညှပ်ထားသည်မှာ ကောင်းစွာဖန်တီးထားသောအနုပညာလက်ရာတစ်ခုအလားပင်။ 


ရွှီလော့ယန်က အချိန်အတော်ကြာသည့်အထိ အကြည့်မလွှဲနိုင်ခဲ့ပေ၊ 


အဲ့ဒါက ....အဲ့ဒါက အရမ်းလှလွန်းတယ်...


ချီချန်အန်းက သူရယ်နေတာအား ဖမ်းမိသွားသည်ဟု ထင်လိုက်သည့်အတွက် သဘာ၀ကျကျပင် အကြောင်းအရာပြောင်းလိုက်တော့သည်။ 


"ကိုယ် ရေချိုးခန်းသုံးလို့ရမလား လေယာဉ်ပေါ်ကဆင်းပြီးတာနဲ့ ဒီကိုဘတ်စ်ကားနဲ့ တန်းလာခဲ့တော့ ကိုယ်ချွေးတွေရွှဲနေပြီ"


ရွှီလော့ယန်ကလည်း ဤအပိုင်းအားကျော်သွားစေလိုသည်ဖြစ်ရာ၊ သူက ချီချန်အန်းအား အလျင်အမြန်ပင် ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။  


ရေချိုးခန်းထဲကရေသံထွက်လာချိန်မှာတော့ ရွှီလော့ယန်က ဆိုဖာပေါ်ပြန်ထိုင်ပြီး မျက်နှာကျက်ကိုကြည့်ကာ၊ သူ့ခေါင်းအားသုတ်ထားသည့်မျက်နှာသုတ်ပဝါနှင့် သူ့မျက်နှာကိုအုပ်ကာ၊ စိတ်ထဲမှ အော်ဟစ်နေမိသည်။ 


အဲ့ဒီတော့ ချီချန်အန်းက ငါ့ကို ယုံတာလား မယုံတာလား ငါပုံမှန်ဆို ဒီလိုမဟုတ်ပါဘူး...


ငါလည်း မျက်နှာရချင်တာပဲလေ... 


မိနစ်အနည်းငယ်ကြာသည့်အခါ တံခါးပိတ်သံကြားလိုက်ရသဖြင့် ရွှီလော့ယန်က သူ့မျက်နှာပေါ်မှပုဝါကို အမြန်ဆွဲချလိုက်ကာ လေးထောင့်ပုံစံဖြစ်အောင် ခေါက်ပြီး သူ့ဘေးမှာ ထားလိုက်သည်။ 


"ခင်ဗျား ရေချိုးပြီးသွားပြီလား"


"အင်း ပြီးပြီ" 


ချီချန်အန်းက အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ရွှီလော့ယန်အနားရှိ ဆိုဖာပေါ်တွင် ထိုင်ကာ၊ စိုစွတ်နေသေးသည့်ခန္ဓာကိုယ်ဖြင့် သူ့လက်ထဲမှပုဝါနှစ်ထည်အား မြှောက်ပြကာ၊ "ကျေးဇူးပဲ ကိုယ် ဒီကို အဝတ်အစားနည်းနည်းပဲ ယူလာတာ ကျန်တာဘာမှမယူလာမိဘူး" 


"ကျွန်တော်သွားဝယ်ရင်းနဲ့ နှစ်ယောက်စာ တစ်ခါတည်း လမ်းကြုံ၀ယ်ခဲ့ရုံပါ" 


ရွှီလော့ယန်အနည်းငယ်ရှက်သွားရသည်။ အောက်ထပ်ရှိစူပါမားကတ်မှ ယွမ်နှစ်ရာဖိုးပြည့်တိုင်းဖိနပ်တစ်ရံလက်ဆောင်ပေးသည့်အတွက်၊ သူက ပိုက်ဆံပမာဏပြည့်မှီစေရန် ချီချန်အန်းအတွက်ကိုပါ ရေချိုးပုဝါနှင့်ဖိနပ်တစ်ရံဝယ်လာခဲ့ကြောင်း သူပြောနိုင်ပါ့မလား။  


သေချာတာပေါ့၊ သူမပြောပြနိုင်ပေ။


သို့သော် နောက်တစ်ကြိမ်ရွှီလော့ယန်က သစ်သီးမျိုးစုံထည့်ထားသည့်ပလပ်စတစ်ပန်းကန်ပြားကို ချီချန်အန်းဘက်သို့တွန်းပေးလိုက်ပြီး "ခင်ဗျားဗိုက်ဆာရင် နည်းနည်းစားလို့ရတယ် ကျွန်တော် ဒီကိုလာတုန်းက လေဆိပ်ကနေ ချင်းလီမြို့ကိုရောက်ဖို့ သုံး၊လေးနာရီလောက်ကြာတာကိုမှတ်မိသေးတယ် အဲ့ဒီတုန်းက အကြာကြီးထိုင်နေရလို့ ကျွန်တော်မှာမူးလဲတော့မလိုဘဲ ဗိုက်ကလည်းတအားဆာနေတာလေ” 


ချီချန်အန်းက တစ်ဖက်လူ၏စကားကိုလိုက်ကာ “တော်တော်ဝေးတယ် နဂိုကမနက်ဖြန်မှလာဖို့ စီစဉ်ထားဆိုပေမယ့် ကိုယ့်လေယာဉ်အချိန်ကိုသတင်းထောက်တွေ သိသွားတာမို့ဒုက္ခများတော့မယ်လို့ ကိုယ့်မန်နေဂျာကပြောလာတယ်လေ အဲ့ဒါကြောင့် အချိန်ပြောင်းလိုက်ရပြီး ညတွင်းချင်း ရောက်လာခဲ့တာ” 


သူက ပြောနေတာကို ခေတ္တရပ်လိုက်ပြီး "အရမ်းနောက်ကျနေတာမို့ မင်းနားနေတာကို မနှောင့်ယှက်ချင်တာနဲ့ ကိုယ် မင်းကို ကြိုမပြောမိခဲ့တာ အဆုံးတော့လည်း မင်းကိုနှောင့်ယှက်မိသွားမယ်လို့ မထင်ထားမိဘူး" 


နောက်ပိုင်းမှ ပြောသွားသည့်စကားများကိုလျစ်လျူရှုကာ ရွှီလော့ယန်က ခေါင်းညိတ်ကာ သူနားလည်ကြောင်းပြလိုက်သည်။ ဒါရိုက်တာကျန်း ရုပ်ရှင်အသစ်ရိုက်တော့မည်ဟူသည့်သတင်းမှာယခုထိမပေါက်ကြားသေး။ ထို့ပြင်အစပိုင်းသဘောတူညီမှုအရ၊ သူနှင့်ချီချန်အန်းက ဇာတ်လိုက်နှစ်ယောက်ဖြစ်ပေလိမ့်မည်။ ဇာတ်ညွှန်းဖြင့်ရင်းနှီးစေရန်နှင့် အချင်းချင်း အပြန်အလှန်နားလည်မှုရှိစေရန်၊ သူတို့နှစ်‌ယောက် ချင်းလီမြို့တွင် နှစ်လခန့် ဘ၀အတွေ့အကြုံယူရပေမည်။ ထို့နောက်မှ နို၀င်ဘာတွင် ရိုက်ကူးရေးစတင်မည်ဖြစ်၏။  


သတင်းထောက်များမှ သိရှိသွားပါက၊ သူတို့က နေရာပြောင်းရပေမည်။  


သစ်သီးပန်းကန်အား အချိန်ခဏကြာအောင်စိုက်ကြည့်နေပြီးနောက်၊ ချီချန်အန်းက ပန်းသီးတစ်လုံးအားလှမ်းယူကာ ကျေးဇူးတင်ကြောင်းထပ်ပြောလာသည်။  


"အရမ်းယဉ်ကျေးနေစရာမလိုပါဘူး ကျွန်တော်လည်းအကုန်လုံးမစားနိုင်ဘူးလေ အသီးတွေကို လက်စသတ်ဖို့အတူတူစားသင့်တာပေါ့ " 


ချီချန်အန်းက ခေါင်းညိတ်ကာ ရွှီလော့ယန်ကို ပြုံးပြလိုက်သည်။ သူ့မျက်ခုံးများက ထိုအချိန်တွင်ပြေလျော့သွားလေသည်။ 


ဤအပြုံးက ရွှီလော့ယန်ရဲ့နှလုံးသားလေးကို လွှမ်းမိုးလုနီးပါးပင်။ 


ရွှီလော့ယန်မှာ ရုပ်ရှင်ထဲ၌ အားဟွေမှာမည်သို့ပုံစံရှိကြောင်း မမှတ်မိတော့ဟု ခံစားလိုက်ရသည်။ အပြင်တွင်၊ ချီချန်အန်းမှာ မကျန်းမာသည့် ဖြူလျော်လျော်အသားအရေနှင့် သူ့နှုတ်ခမ်းများက သွေးဆုတ်နေလေသည်။ သူ့ဆံပင်များက အနည်းငယ်စိုစွတ်နေဆဲဖြစ်ပြီး၊ရှေ့ဆံပင်များက နဖူးပေါ် ၀ဲကျနေသည်။ သူ့မျက်လုံးများကမျက်ခွံနှစ်ထပ်ရှိသော်လည်း သိသာလွန်းလှသည်တော့ မဟုတ်။ ပြုံးမနေပါက သူ့ကိုကြည့်ရတာမှာ အေးစက်၍ခက်ထန်သည့်ပုံပေါက်နေ၏။ 


သို့သော်၊ သူပြုံးပြလိုက်ချိန်တွင် ရေခဲများအရည်ပျော်ကျလာပြီး ကမ္ဘာကြီးပြန်လည်ရှင်သန်လာသကဲ့သို့ အင်မတန်ပင်ကြည့်ကောင်းလွန်းလှသည်။


ရွှီလော့ယန်က စက္ကန့်အနည်းငယ်ကြာသည်အထိ မှင်တက်နေမိကာ၊ ချီချန်အန်းအား ကြက်အစပ်ဟင်းမှအစ ကြက်သားဟင်းမှန်သမျှတဆုံးကို မျှဝေချင်စိတ်ပင်ပေါက်သွားရသည်။ 


ချီချန်အန်းအိပ်ခန်းတံခါးကိုပိတ်လိုက်ပြီးနောက်၊ ရွှီလော့ယန်က သူ့လက်ပ်တော့ကိုသပ်သပ်ရပ်ရပ်ပြင်ဆင်ကာ အိပ်ယာ၀င်ရန် သူ့အခန်းသို့ပြန်သွားရန်ပြင်သည်။ သူ့မျက်လုံးများက စားပွဲပေါ်ကို အမှတ်မထင်စိုက်ကြည့်လိုက်ရာ ရုတ်တရက် ထိတ်ထိတ်ပျာပျာဖြစ်သွားရသည်။ ချီချန်အန်းယူလိုက်သည့်ပန်းသီးက ပလတ်စတစ်ပန်းကန်ပြားပေါ်တွင် ခြေရာလက်ရာမပျက်ရှိနေဆဲပင်။  


သူ့လက်တော့ပ်ကွန်ပြူတာအားသယ်ကာ၊ ရွှီလော့ယန်မှာ သက်သာရာရသွားသည်။ 


သူပြောသားပဲ၊ ချီချန်အန်းက ဘယ်လိုလုပ်ချဉ်းကပ်ရလွယ်ကူပြီး ပန်းသီးစားရတာကြိုက်မှာတဲ့လဲ။ 


———— 


နောက်တစ်နေ့ နံနက်စောစောတွင်၊ ရွှီလော့ယန်က သူ့မိုဘိုင်းလ်ဖုန်းမှအသံကြောင့် အိပ်ရာမှနိုးလာရသည်။ 


သူက အိပ်ချင်မူးတူးဖြင့် ဖုန်းကို နားနားကပ်ကာ "ဟယ်လို"ဟု နှစ်ခါပင်ထူးလိုက်သော်လည်း နောက်မှ ဖုန်းဖြေဆိုမည့်ခလုတ်အား မနှိပ်ရသေးမှန်း သတိရသွားသည်။


အခုလေးတင်လုပ်လိုက်တဲ့ အရူးလုပ်ရပ်က ငါလုံးဝမဟုတ်ရပါဘူးနော်။


စကားအနည်းငယ်ပြောပြီးသည့်အခါ ဖုန်းရဲ့တစ်ဖက်မှ မန်နေဂျာက ချီချန်အန်း၏အကြောင်းမေးလာလေသည်။ ရွှီလော့ယန်မှာ ရုတ်ချင်းပင် အိပ်ချင်စိတ်တို့ပပျောက်သွားရသည်။


"ကျန်းကော မစိုးရိမ်ပါနဲ့ ချီချန်အန်းက သဘောကောင်းပါတယ် သူ့ စရိုက်ကလည်း...တော်တော်လေးကောင်းတယ် ရုပ်ကလည်းချောပြီး သရုပ်ဆောင်လည်းတော်သေးတယ် သူ့မှာ ကြင်နာတတ်တဲ့နှလုံးသားရှိပြီး ကမ္ဘာကြီးရဲ့အရပ်လေးမျက်နှာစလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါတယ် သိမ်ငယ်စိတ်တွေ မနာလိုဖြစ်တာတွေနဲ့ အမုန်းတရားတွေ မရှိပါဘူး" 


သူက အိပ်ချင်မူးတူးဖြင့် ဆံပင်များအား ဆွဲကုတ်နေမိသည်။ အချိန်မှာ ရှစ်နာရီခန့်ရှိနေပြီဖြစ်သည့်အတွင် ရွှီလော့ယန်က ဖုန်းစပီကာအားဖွင့်ကာ၊ အိပ်ယာထဲမှထွက်ပြီး အင်္ကျီလဲရန် အဝတ်ဘီရိုဆီသို့သွားလိုက်သည်။ 


သူ့မန်နေဂျာ စိတ်ချသွားသည့်အခါမှ သူ့ဖုန်းအားချလိုက်ပြီး အိပ်ခန်းတံခါးအား အသာလေးဖွင့်ကြည့်လိုက်သည်။ ပြီးနောက် အိုင်ဒေါလ်တစ်ယောက်နှင့်မတူစွာ ပါးစပ်ကိုကျယ်ကျယ်ဖွင့်၍ သန်းဝေလိုက်တော့၏။ သူ့ရဲ့သန်းဝေခြင်းအမှုများမှာ ဆိုဖာပေါ်တွင်ထိုင်နေသည့်လူအား တွေ့လိုက်ရသည့်အခါ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခဲ့ရသဖြင့် သူ့ရဲ့ သောက်ကျိုးနည်း မေးရိုးများပင် နေရာလွဲတော့မလိုဖြစ်သွားရသည်။ 


သူ့ပါးစပ်အား အလောတကြီး လက်ဖြင့်လှမ်းကာလိုက်မိပြီး ချီချန်အန်းက သူ့ဘက်သို့ လှည့်ကြည့်လာချိန်တွင် သူက ပါးစပ်ကိုကာထားသည့်လက်အား အောက်သို့ချလိုက်ကာ သူ့ရဲ့မူပိုင်အပြုံးဖြင့် ပြုံးပြလိုက်တော့သည်။ 


"မင်္ဂလာနံနက်ခင်းပါ နည်းနည်းလောက် ထပ်မအိပ်တော့ဘူးလား" 


ချီချန်အန်းကလည်း ပြန်လည်ပြုံးပြရင်း ဖြေလာသည်။


"မင်္ဂလာနံနက်ခင်းပါ အိပ်ရာထနေကျအချိန်မှာ နိုးလာတာနဲ့ ဆက်ပြီးအိပ်လို့မရတော့လို့ အဲ့ဒါနဲ့ ထလာလိုက်တာ" 


"ခင်ဗျားရဲ့ ဇီဝနာရီက တော်တော်လေးမိုက်တာပဲ ကျွန်တော်မှာတော့ မရှိဘူး‌ရယ် မနက်တိုင်း အိပ်ရာထချိန်ဆို ကျွန်တော်ဘယ်တုန်းကမှ အိပ်ရေးဝဝမအိပ်ခဲ့ရဘူးလို့ ခံစားရတယ် ကျွန်တော်သာ သတိကပ်မထားမိတာနဲ့ အိပ်ယာထဲပြန်ပြီး လဲကျသွားတော့တာပဲ" 


"ကမ္ဘာ့မြေဆွဲအားကြောင့်များ ဖြစ်နိုင်မလား" 


ချီချန်အန်း၏မျက်လုံးများအောက်တွင် အပြာဖျော့ဖျော့သန်းနေသည့်အမဲကွက်ကြီးရှိနေသေးသော်လည်း မနေ့ညကနှင့်ယှဉ်လိုက်လျှင် တော်တော်လေးသက်သာလာတာပင်။ သူက ခေါင်းကိုစောင်း၍ရွှီလော့ယန်အား ကြည့်လိုက်သည့်အခါ သူ့ရဲ့ဖျော့တော့တော့နှုတ်ခမ်းထောင့်များက အပေါ်ဘက်သို့ မဆိုသလောက်လေး ကွေးတက်သွားလေသည်။ သူ့စကားအား အဆုံးသတ်လိုက်သည့်လေသံကအစ အထူးတလှယ် ဆွဲဆောင်မှုရှိလွန်းနေပေ၏။ 


"ဟုတ်တာပေါ့ မနက်တိုင်း အိပ်ရာကထဖို့ကို ဆွဲငင်အားပေါ်ကနေ ကိုယ့်ရဲ့ရုန်းကန်နိုင်စွမ်းပေါ်မှာ မှီခိုနေရတာ မဆန်းတော့ပါဘူး" 


ရွှီလော့ယန်က ယင်းကိုချမှတ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူ့မန်နေဂျာနှင့်ရင်ဆိုင်ရန် အကြောင်းပြချက်ကောင်းကောင်း တစ်ခုထပ်ရသွားပြီလေ။ 


သူ့အကြည့်များက တစ်ဖက်လူရဲ့ ကော့တက်နေသောနှုတ်ခမ်းထောင့်စွန်းများထံ ခဏမျှကျရောက်သွားသည်။ ထိုအခါ ရွှီလော့ယန်က ယခုလေးတင် သူ ကျန်းသုန့်ကိုညာလိုက်တာမဟုတ်ဘူးဟု ကိုယ့်ကိုယ်ကို တွေးလိုက်မိသည်။ 


သူ့အခန်းဖော်က အနည်းဆုံး အပေါ်ယံအနေနဲ့ပေါ့၊ အနီးနားမှာရှိနေတာ ကောင်းမွန်ပုံပေါ်သည်။ ထို့ကြောင့် သူ့လေသံအား အနည်းငယ် နှိမ့်ချဖြေလျော့လိုက်သည်။


"ခင်ဗျား ရေချိုးခန်းသုံးချင်သေးလား ခင်ဗျားမသုံးရင် ကျွန်တော်သွားပြီးဆေးကြောလိုက်တော့မယ်" 


"ကိုယ် သုံးပြီးပြီ မင်းသွားလိုက်လေ" 


ချီချန်အန်းရဲ့ပြောဆိုပုံမှာ အလျင်မလိုဘဲ ကြားရသည်မှာ နားဝင်ချိုလေ၏။ သူက သက်တောင့်သက်တာဖြစ်သည့်ပုံဖြင့်ထိုင်နေသော်လည်း နောက်ကျောမှာ ဆန့်တန်းလျက်ရှိပြီး ကြွေခွက်တစ်ခွက်ကို သူ့အရှေ့တွင် ချထားလေသည်။


ရွှီလော့ယန်က ဖြတ်သွားရင်းဖြင့် ခွက်အားကြည့်လိုက်မိရာ ခွက်တစ်ဝက်လောက်မှာ လက်ဖက်စိမ်းရွက်များနှင့် ပြည့်နေတာကို တွေ့လိုက်ရသဖြင့် ချက်ချင်းဆိုသလို သူ့ပါးစပ်ကပါ ခါးသလိုလို ခံစားလိုက်ရသည်။ သို့သော်၊ ချီချန်အန်းရဲ့လက်ချောင်းများက ခွက်လက်ကိုင်ပေါ်တွင်တင်ထားလျက်ရှိရာ၊ ထိုကြွေခွက်မှာ လမ်းဘေးမှ ၅.၅၀ယွမ်တန်ကြေးရှိ တစ်ခါသုံးပစ္စည်းမှ ယွမ် ၅၀၀.၅၀ တန် တန်ဖိုးကြီးပစ္စည်းဖြစ်သွားရ၏။ 


ဟင်း... ရုပ်ရည်က အရာအားလုံးကို အဆင်ပြေစေနေတာပဲ။


မနက်စာအတွက် ကြက်ဥနှစ်လုံးအား ပြုတ်လိုက်ပြီးသည့်နောက်၊ ချီချန်အန်းမှာ လက်ထဲရှိ A4 စာရွက်အထပ်လိုက်အား လှန်လှောကြည့်နေတာကို ရွှီလော့ယန် တွေ့လိုက်ရသည်။ သူ့အား မကာဘဲဖတ်နေသဖြင့် ဖြတ်သွားရင်း ရွှီလော့ယန်က မေးလိုက်မိသည်။ 


"ဘာတွေဖတ်နေတာလဲ" 


"ဇာတ်ညွှန်းလေ"


"..." 


ရုတ်တရက် ကြက်ဥအနှစ် နင်သွားရသော ရွှီလော့ယန်မှာ အလျင်စလိုဖြင့် ရေနှစ်ငုံခန့်သောက်လိုက်ရသည်။


သူက သွား၍ဖတ်ချင်သော်လည်း ရုတ်ချည်းပင် သွားနေတာအား ရပ်တန့်လိုက်ကာ "ကျွန်တော်တို့ ရိုက်ရမယ့် ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းလား ဗားရှင်းအသစ်ပေါ့နော်" 


"အမ်း... ဒီနေ့မနက် တံခါးလာခေါက်တယ်လေ တံခါးဖွင့်လိုက်တာနဲ့ လာပို့တဲ့လူက တံခါးလက်ကိုင်မှာပဲ ပလတ်စတစ်အိတ်အပြာတစ်ခုကို ချိတ်ထားပြီး ထွက်ပြေးသွားတော့တာပဲ" 


ချီချန်အန်းက ရွှီလော့ယန်အား ဇာတ်ညွှန်းနောက်တစ်အုပ်အား လှမ်းပေးလာသည်။ 


"အဖုံးမှာ ဇာတ်ညွှန်း ၉.၂ လို့ရေးထားတာတွေ့တယ် အဲ့ဒီတော့ အရင်က ကိုယ်တို့ရထားတဲ့တစ်ခုနဲ့ မတူလောက်ဘူး" 


"ကိုယ်နောက်ဆုံးရထားတဲ့တစ်ခုက ဗားရှင်း ၇.၁ ပဲ ဒါက နောက်ဆုံးထွက်ပေါ့" 


ရွှီလော့ယန်က ကြက်ဥပြုတ်များကို အလုတ်အနည်းငယ်ဖြင့် ကုန်စင်အောင်စားလိုက်ကာ ဇာ‌တ်ညွှန်းအား အလျင်စလို ဖွင့်ဖတ်ကြည့်လိုက်သည်။ 


"ဇာတ်လိုက်ရဲ့ အသက်ကိုပါ ပြောင်းလိုက်တာပဲ ကျစ်...ဇာတ်ညွှန်းရေးတဲ့သူက ဒါရိုက်တာကျန်းဆီကနေ အကြိမ်တစ်ရာလောက် ထပ်နှိပ်စက်ခံရပြန်ပြီထင်တယ်" 


ထို့နောက် နှစ်ယောက်စလုံး စကားမပြောဖြစ်တော့ပေ။ အခန်းထဲတွင် စာရွက်များလှန်‌နေသံတစ်ခုတည်းကိုသာ ကြားနေရသည်။ 


"ဇာတ်ကောင်ကနောက်ဆုံးဗားရှင်းထက် ပိုပြီးအရောင်အသွေးစုံလာတာပဲ" 


ချီချန်အန်းက သူ့ရဲ့အရသာပြင်းသည့်အဖန်ရည်အား တစ်ငုံမျှသောက်လိုက်ပြီး သူ့အပြုံးက ပို၍နက်ရှိုင်းလာခဲ့သည်။ 


"ဒါရိုက်တာကျန်းရဲ့ ပုံစံအတိုင်း ဇာတ်ကောင်အသေးလေးတွေနဲ့ မလိုအပ်တဲ့တည်နေရာအသေးလေးတွေကို ဖြတ်ထုတ်ထားတာ တစ်ကယ်ကောင်းတယ်" 


"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်" 


ရွှီလော့ယန်လည်း ဖတ်ရှုပြီးစီးသွားခဲ့ပြီဖြစ်ရာ၊ သူ့တစ်ကိုယ်လုံးက တက်ကြွနေလေသည်။ 


သူက ချီချန်အန်းအား အင်မတန်မှ စိတ်ဝင်တစားရှိနေဟန်ဖြင့် "အဲ့ဒါဆို... စကားပြောခန်းတွေ လေ့ကျင့်ကြမလား" 


ချီချန်အန်းက လေ့ကျင့်ဖို့ အဆင်ပြေ၊မပြေအား ပြောမလာပေ။ သို့သော်၊ သူစကားစပြောလိုက်တာနှင့် သူ့လေသံအသံနေအသံထားမှာ သိသိသာသာပင် ပြောင်းလဲသွားလေသည်။


"ချင်းချောင် ငါဒီသစ်သားထည်ကိုလုပ်နေတာ နှစ်နာရီလောက်ရှိနေပြီမှန်း မင်းတွေ့ပါတယ်" 


သူစပြောသည့်အချိန်မှာ ချီချန်အန်းရဲ့ ထိုင်နေပုံမှာလည်း ပြောင်းလဲသွားတော့သည်။ သူ့ ဒူးခေါင်းများအကြား ပစ္စည်းတစ်ခုခုရှိနေသကဲ့သို့ သူ့ခြေထောက်များအား အနည်းငယ် ခွဲထားလေသည်။ သူ့မျက်နှာအမူအရာမှာ တောင့်တင်းနေသော်လည်း သူ့နောက်ကျောကကိုင်းညွတ်လျက်ရှိသည်။ အလျင်လိုပုံရသော်လည်း သူ၏ မူပိုင် ခပ်ပြတ်ပြတ်အသံအောက်တွင် စိုးရိမ်မှုအရိပ်အမြွက်တို့အား မြင်နိုင်ပေသည်။


ထိုအဖွင့်စကားအား ကြားသည်နှင့် ရွှီလော့ယန်မှာ သူ တတိယအခန်းရဲ့ အလယ်ပိုင်းကိုရွေးလိုက်‌မှန်း မျက်မှန်းတန်းမိသွားသည်။ နှစ်များစွာကြာအောက် ရဲသားတစ်ယောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ချင်းချောင်မှာ သူ့အလုပ်မှထွက်ကာ ရွှီကျန့်နှင့်သူတို့နှစ်ယောက် တွေ့ဆုံကြီးပြင်းလာသည့်မြို့သို့ပြန်လာခဲ့သောအပိုင်းပင်။ 


တစ်ဖက်သူ၏ သဘောထားနှင့် နေပုံထိုင်ပုံတို့အားကြည့်၍ သူ့အကြောအချင်များက ဓာတ်လိုက်မိသွားသကဲ့သို့ပင်။ ပြိုင်ဖက်ကောင်းတစ်ယောက်အား ရှာတွေ့သည့်အခါ ဖြစ်သွားတတ်သော စိတ်လှုပ်ရှားခံစားမှုမျိုးပင်။


ခြေထောက်ခွင်နေသည့်ဟန် ရွှီလော့ယန်ရဲ့လှုပ်ရှားမှုများမှာ အနည်းငယ်ကြမ်းတမ်းလေ၏။ သူ့လက်ချောင်းများက စီးကရက်ကိုင်ထားသည့်ဟန်လုပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေဟန်ဖြင့် သူကပြန်ပြောလိုက်သည်။


"လက်သမားအလုပ်ကိုလုပ်နေရင် အချိန်ကုန်မြန်တယ်"


သူ့နှုတ်ခမ်းထောင့်များကို ဆွဲဆန့်လိုက်သော်လည်း ပြုံးနေပုံထွက်မလာချေ။ ကွေးညွတ်သွားသည့်နှုတ်ခမ်းအား ပြန်လည်ဆန့်တန်းလိုက်ချိန်တွင် စိတ်ပျက်မှုအနည်းငယ်ကိုလည်း ထုတ်ဖော်ပြသလိုက်လေ၏။ သူ့လက်မနှင့် လက်ညိုးကိုလိမ်လိုက်ချိန်တွင် ချင်းချောင်ရဲ့အသံက နက်နဲနေလေသည်။ 


"အားကျန့် လက်သမားဖြစ်ရတာက ရဲလုပ်ရတာထက် ပိုပြီးခက်ခဲတယ်လို့ မင်းထင်နေတာလား" 


ကျန့်က ခေါင်းကို ညင်ညင်သာသာ ခါရမ်းပြကာ တီးတိုးရေရွတ်လိုက်သည်။ သို့သော် သူ့မျက်လုံးထဲရှိ စိုးရိမ်မှုမှာ ပိုမိုမြင်သာလာလေသည်။


ချင်းချောင်ရဲ့အပြုံးအား ဖြတ်ခနဲသာမြင်လိုက်ရသည်။ သူ့အသံက အနည်းငယ်ပေါ့ပါးလာသော်လည်း လေသံက မထူးခြားနားပင်။ 


"ဒါဆို ငါရဲသားတစ်ယောက်ဖြစ်လာဖို့မဟုတ်ဘဲ အသက်မွေးဝမ်းကြောင်းအတွက် လက်သမားအတတ်ကို မင်းဆီက သင်မယ်လေ မင်းငါ့ကို တပည့်တစ်ယောက်အဖြစ် လက်ခံနိုင်မလား"


ချင်းချောင်အား ခေတ္တမျှစိုက်ကြည့်ကာ အားကျန့်က သူ့ခေါင်းအား အနည်းငယ်စောင်းလိုက်ပြီး ပြန်ဖြေရန် အချိန်ဆွဲလိုက်သည်။ 


"ဟင့်အင်း မင်းနှလုံးသားက ငြိမ်သက်မနေရင် မင်းကလက်သမားတစ်ယောက်ဖြစ်မလာနိုင်ဘူး" အသံက တိုးညှင်းသော်လည်း ခိုင်မာမှုရှိသည်။ 


ချင်းချောင်က သူ့အရှေ့မှလူအား စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက စူးရှနေပြီး သူ့နှာခေါင်းထိပ်က အနည်းငယ်ပွသွားသည်။ သူက ရုတ်ချည်း ထရပ်လိုက်ကာ အံကြိတ်သံဖြင့် မေးလိုက်သည်။ 


"မင်းက ငါ့ကို စောက်ရမ်းရွံနေတာမလား ဟုတ်တယ်မလား ဟမ်..." 


သူ့နားထင်တွင် အပြာရောက်သွေး‌ပြန်ကြောများ ထောင်

ထနေသည်မှာ ဒေါသများထုတ်မလွှတ်နိုင်သည့် သံလှောင်အိမ်ထဲပိတ်မိနေသောသားရဲတစ်ကောင်ကဲ့သို့ပင်။ ချင်းချောင်က ကော်ဖီစားပွဲအား အသံကျယ်ကျယ်မြည်အောင် ဒုတ်ခနဲဆောင့်ကန်လိုက်သည်။ 


"မဟုတ်ပါဘူး"