Chapter 197
ကျိုးချန်ရွှမ်နှင့်အပြိုင် သရုပ်ဆောင်ရသည့် မင်းသားပေါက်စက သူ၏ သရုပ်ဆောင်မှုကို လိုက်မမီမှန်းထင်ရှားလေသည်။သူက ကြိမ်ဖန်များစွာ စာသားမှားပြောပြီး ဒါရိုက်တာဝမ်မှာ "ကဒ်"ဟု ခဏခဏပြောနေရသည်။ဇာတ်ကြောင်းကိူ အကြိမ်ပေါင်းများစွာ ပြောပြပြီးနောက်မှာ သူ့အခြေအနေ သိသိသာသာ တိုးတက်လာသည်။
နောက်ဆုံးမှာ ထိုအခန်း ပြီးဆုံးသွားကာ ကျိုးချန်ရွှမ်နှင့် လင်းလော့ချင်းတွဲရိုက်ရမည့် အလှည့်ရောက်လာသည်။
လင်းလော့ချင်းက ချက်ချင်း လျှောက်သွားကာ ဒါရိုက်တာဝမ်က သူ့အား ဇာတ်ဝင်ခန်းအကြောင်း ပြောပြသည်ကို နားထောင်သည်။ ဒါရိုက်တာဝမ်က သူ၏နာခံမှုရှိမှုကို မြင်ပြီး ဒါရိုက်တာကျန်း၏ ချီးကျူးစကားကို သတိရသွားသည်။ သူက ပြုံးပြီးပြော၏။
"မင်းရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းတယ်လို့ လောင်ကျန်းက ပြောခဲ့တယ်... အခု သူပြောသလိုမျိုးပဲလားဆိုတာ ငါကိုယ်တိုင်မြင်ရတော့မယ်"
"ကောင်းပါပြီ"
လင်းလော့ချင်းက လုံးဝမကြောက်ပေ။
ဒါရိုက်တာဝမ်က ယခုလိုပြောခဲ့ပေမဲ့ လင်းလော့ချင်းကို စမ်းသပ်ရန် အမှန်တကယ် အစီအစဉ်မရှိခဲ့ပါချေ။လင်းလော့ချင်းက ငယ်သေး၏။ ငယ်ရွယ်သောသရုပ်ဆောင်တစ်ဦးက သရုပ်ဆောင်စွမ်းရည်ကောင်းလျှင်ပင် ကာရိုက်ထဲဝင်လိုက်သည်နှင့် လေးနက်ပြီး အရှိန်အဝါအပြည့်ဖြစ်လာသော ကျိုးချန်ရွှမ်ကဲ့သို့ ဝါရင့်သမ္ဘာရင့်မင်းသားကြီးကို ချက်ချင်း အမီမလိုက်နိုင်သည်မှာ ပုံမန်ဖြစ်သည်။
ထို့ကြောင့် သူတို့ကို ညွှန်ကြားပြသပေးရန် ဒါရိုက်တာတွေ လိုအပ်ခြင်းဖြစ်သည်။သရုပ်ဆောင်တွေက ဘာမှပြဿနာမရှိလျှင် ဒါရိုက်တာတစ်ယောက်အဘယ်မှာ လိုအပ်ဦးမည်နည်း။
ဒါရိုက်တာဝမ်က လူငယ်သရုပ်ဆောင်များအပေါ် အလွန်စိတ်ရှည်သည်းခံသည်ဟု ဆိုနိုင်သည်။ ငယ်ရွယ်သူတွေအစ ရင့်ကျက်သူတွေအဆုံး စိတ်ဓာတ်ကောင်းပြီး ကြိုးစားချင်စိတ်ရှိသရွေ့ အဆင်ပြေလေသည်။
ထို့နောက် သူက ဤသည်ကိုတွေးပြီး ချင်ရူယွင်ကို ပြန်သတိရသွားသည်။ ဒါရိုက်တာဝမ် သူ့နားထင်တွေကို လက်တစ်ဖက်နှင့် နှိပ်လိုက်ပြီး အနည်းငယ် ပင်ပန်းသလို ခံစားလိုက်ရသည်။သူ ဤည ချင်ရူယွင်၏ အခန်းကို မည်သို့ရိုက်ရမည်ကို တွေးပြီး ပို၍ပင် စိတ်လေးလာသည်။သူမ၏ သရုပ်ဆောင်စွမ်းရည်က ဤမျှဆိုးမှန်းသူသိခဲ့လျှင် စောစောကတည်းက သူမကို အစားထိုးခဲ့မှာဖြစ်၏။သူမ၏ သရုပ်ဆောင်စွမ်းရည်က ဤမျှလောက်ဆိုးမည်ဟု မည်သူမှ မမျှော်လင့်ထားပါချေ။သူမမှာ ဇာတ်ဝင်ခန်းတွေ အများကြီးမရှိသော်လည်း မပြီးပြတ်ဘဲ အချိန်အတော်ကြာအောင် ရိုက်ကူးနိုင်စွမ်းရှိသည်မှာ အံဖွယ်ပင်။
အဆင်မပြေလျှင် သူမကို အစားထိုးရန် တကယ် အချိန်တန်ပြီဖြစ်၏။
လင်းလော့ချင်း ဒါရိုက်တာဝမ် မျက်မှောင်ကြုတ်သည်ကိုမြင်သောအခါ သံသယဝင်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ဒါရိုက်တာက သူကောင်းကောင်းမလုပ်မှာကို စိုးရိမ်နေတာလား...
"ဘာမှမဟုတ်ပါဘူး"
ဒါရိုက်တာဝမ်က သူ့ကို နှစ်သိမ့်ပေးသည်။
"မင်းနဲ့ ဘာမှမဆိုင်ပါဘူး...ညဘက်ရိုက်မဲ့ ဇာတ်ကွက်ကို သတိရပြီး ခေါင်းကိုက်လာတာ"
လင်းလော့ချင်း နားမလည်ပေ။
ဒါရိုက်တာဝမ်က ဘာမှသိပ်မပြောဘဲ မကြာခင်မှာ သူသရုပ်ဆောင်မည့် ဇာတ်ကွက်အကြောင်းကို ဆက်လက်ရှင်းပြခဲ့သည်။
လင်းလော့ချင်းနှင့် စကားပြောပြီးသွားသောအခါ ဒါရိုက်တာဝမ်က သူ့လက်ထောက်ကို ကျိုးချန်ရွှမ်ကို ခေါ်ခိုင်းလိုက်သည်။ထို့နောက် သူက အချိန်တိုလေးအတွင်း မည်ကဲ့သို့ နေရာယူရမည်ကို ၎င်းတို့နှစ်ဦးအား ပြောပြခဲ့သည်။
ရိုက်ကွင်းမန်နေဂျာက နောက်ခံဘက်ဂရောင်းကို အမြန်ပြောင်းလိုက်သည်။ ဒါရိုက်တာဝမ်က မော်နီတာရှေ့တွင် ထိုင်ကာ စတင်ရိုက်ကူးရန် ပြင်ဆင်သည်။
ဤဇာတ်ဝင်ခန်းက အမှန်တွင် အလွန်ရိုးရှင်း၏။ဖူဟန်က သူ့အဖေ ဖူပင်း၏ရုံးခန်းကိုဖြတ်သွားရင်း တံခါးကိုတွန်းဖွင့်ပြီး သူ့အဖေကို ညနေစာစားရန် အိမ်စောစောပြန်ဖို့ သတိပေးသည့်အခန်းဖြစ်သည်။
ဖူဟန်သေဆုံးပြီးနောက်တွင် ဖူပင်းက ဤမြင်ကွင်းကို ပြန်အမှတ်ရခဲ့သည်။ ထိုအချိန်မှစ၍ တံခါးက တံခါးဖြစ်နေဆဲဖြစ်ပြီး နေကလည်း နေသာနေဆဲဖြစ်သော်လည်း မည်သူကမျှ တံခါးကို တွန်းဖွင့်ပြီး "ပါး... ဒီည စောစော အိမ်ပြန်ခဲ့... မားက ပါးကြိုက်တဲ့ ဝက်သားဟင်းချက်ထားတယ်"ဟု ပြောမလာတော့ပေ။
လင်းလော့ချင်း ဒါရိုက်တာဝမ်က "အက်ရှင်"အော်သည်ကို ကြားလိုက်ရသည်နှင့် လက်နှစ်ဖက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး ရှေ့ကိုလျှောက်သွားလိုက်သည်။သူက ဖူပင်း၏ရုံခန်းကိုဖြတ်သွားခဲ့၏။အသိသာကြီးကို ကျော်သွားပြီဖြစ်ပေမဲ့ သူနောက်ပြန်ဆုတ်လိုက်သည်။သူက နောက်သို့ကိုယ်ကို ရို့ကာ တံခါးကနေခေါင်းပြူ၍ အထဲကိုစပ်စပ်စုစု မျက်လုံးဝှေ့ကြည့်လိုက်သည်။
ထို့နောက် သူက တံခါးကိုခေါက်လိုက်ပြီး ဖူပင်း၏အော်သံထွက်ပေါ်လာသည်။
"ဝင်ခဲ့"
ဖူဟန်က ချက်ချင်း တန်းဝင်မသွားပေ။သူက ခေါင်းလေးအရင်ပြူကာ သူ့အဖေကို ပြုံး၍ကြည့်သည်။
ဖူပင်းက သူဖြစ်လိမ့်မည်ဟုမမျှော်လင့်ထားသဖြင့် မျက်နှာထားတည်တင်းတင်းဖြင့်ရှိနေဆဲဖြစ်လေသည်။
"တာဝန်ချိန်အတွင်းမှာ အလုပ်မကြိုးစားဘဲဘာလုပ်နေတာလဲ...ဘာလို့ဒီကိုရောက်နေတာလဲ"
"ဖြတ်သွားတာ"
ဖူဟန်က သွားဖြီးပြလိုက်သည်။
"လမ်းကြုံ ပြောစရာရှိတယ်"
"ဘာလဲ"
ဖူဟန်က အထဲကိုဝင်လာသည်။
"ဒီညအိမ်စောစောပြန်လာနော်...မားက ပါးကြိုက်တဲ့ဝက်သားဟင်းချက်ထားတယ်"
"သိပြီ"
ဖူပင်းက ဂရုမစိုက်ဟန်ဖြင့် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
"မြန်မြန်သွား အလုပ်လုပ်ချေ"
ဖူဟန်က သူ့လက်ကိုမြောက်ကာ အလေးပြုလိုက်၏။
"နားလည်ပါပြီ ကပ္ပတိန်ဖူ"
ဖူပင်းက သူ့ကို အကူအညီမဲ့မှုရော သည်းခံအလိုလိုက်မှုများဖြင့်ပါ ကြည့်နေခဲ့သည်။
ထိုလူသားထွက်ခွာသွားခါမှ ဖူပင်းမထိန်းနိုင်ဘဲ အောက်ကိုငုံ့ကာ ပြုံးလိုက်မိလေသည်။
နှစ်ယောက်သားက အလွန်ကိုချောမွေ့စွာရိုက်ကူးခဲ့ပြီး တစ်ခေါက်တည်းနှင့်ပြီးသွား၏။
ဒါရိုက်တာဝမ် အားရကျေနပ်သွားပြီး အံဩလည်းအံဩသွား၏။ဤအခန်းက ရိုးရှင်းကောင်းရိုးရှင်းနိုင်ပေမဲ့ ဖူပင်း သူ့အဖွဲ့ကို လက်ချာရိုက်သည့်အခန်းကလည်း ရိုးရှင်းလေသည်။ထိုလူငယ်သရုပ်ဆောင်လေး ထိုအခန်းရိုက်တုန်းကဆိုလျှင် လုံးဝအမီမလိုက်နိုင်ပေ။သို့ပေမဲ့ လင်းလော့ချင်က ကွဲပြား၏။သိသိသာသာကိုပင် သူ့မှာကိုယ်ပိုင်အိုင်ဒီယာများရှိပြီး အသေးစိတ်အချက်အလက်အသေးအမွှားလေးတွေအများကြီးကို သူ့ဘာသူဖန်တီးထားသည်။
သူ့အဖေ၏ရုံးခန်းကို ဖြတ်သွားပြီးနောက် သူဖေကိုဝင်တွေ့၍ရကြောင်း သတိရသွားချိန်မှာ သူက အရင်ဦးဆုံး ကလေးဆန်စွာဖြင့် ကိုယ်ကိုနောက်သို့ရို့လိုက်သည်။ထို့နောက် သူ့အဝတ်အစားတွေကို ဆွဲချပြီးသပ်ရပ်အောင်လုပ်ပြီးမှ တံခါးကိုခေါက်၏။
ပြီးလျှင်တန်းဝင်မသွားဘဲ ခေါင်းအရင်ပြူကြည့်သည်။လုပ်ရှားမှုတစ်ခုစီတိုင်းက သူ၏တက်ကြွပြီး ငယ်ရွယ်ပျိုမျစ်သောစိတ်ဝိညာဥ်ကိုပြသနိုင်၏။တစ်ချိန်တည်းမှာပင် သူ၏ဖူပင်းနှင့် ရင်းနှီးကျွမ်းဝင်မှုကိုလည်းပြသနေလေသည်။
ဤအသေးစိတ်အချက်အလက်မျိုးက သိသာထင်ရှားပြီး သဘာဝကျသည်။ဒါရိုက်ဝမ် ၎င်းကိုကြည့်ပြီး ခေါင်းတညိတ်ညိတ်မလုပ်ဘဲမနေနိုင်ပေ။
လောင်ကျန်းက ဤမင်းသားကို သူ့ဆီထောက်ခံပေးရန်အတတ်နိုင်ဆုံးကြိုးစားခဲ့သည်မှာမဆန်းတော့။လင်းလော့ချင်းက တကယ့်ကိုအလားအလာရှိသော မျိုးစေ့ကောင်းလေးဖြစ်သည်။
လင်းလော့ချင်းက ယနေ့မှ ရိုက်ကူးရေးထဲဝင်လာခါစဖြစ်၍ ဒါရိုက်တာဝမ်ကသူ့အတွက် အခန်းတွေအများကြီးမစီစဥ်ထားပေ။ယနေ့အတွက် ဇာတ်ဝင်ခန်း နှစ်ခန်းပဲရှိလေသည်။ပထမအချက်က ဒါရိုက်တာဝမ်အနေဖြင့် လင်းလော့ချင်း၏အရည်အချင်းကို ချင့်တွက်လို၍ဖြစ်သည်။ဒုတိယမှာ သူ့အားရိုက်ကူးရေးနှင့်အသားကျအောင် ကြားခံ အချိန်ပေးလို၍ဖြစ်၏။တတိယအနေဖြင့် ဖူဟန်မှာ အခန်းများစွာမရှိပေ။ရက်နှစ်ဆယ်က ရိုက်ကူးရန်လုံလောက်သည်ထက်ပိုလေသည်။
ထို့ကြောင့် လင်းလော့ချင်းတစ်ယောက် နေ့လည်ပိုင်းမှာ ဒုတိယဇာတ်ဝင်ခန်းပြီးပြီးနောက် အလုပ်ဆင်းနိုင်ပြီဖြစ်သည်။
သူက ထွက်ခွာရန်အလျင်မလိုခဲ့ပေ။ထိုအစား ရိုက်ကွင်းမှာဆက်နေပြီး ဒါရိုက်တာဝမ်တခြားသူတွေကို ညွှန်ကြားနေသည်ကို စိတ်ပါလက်ပါကြည့်နေခဲ့သည်။
ညနေခင်းအရောက်မှာ လင်းလော့ချင်းနှင့် ဝူရှင်းယွမ်လည်း အချိန်လင့်နေပြီဖြစ်သည်ကိုတွေ့သဖြင့် ပြန်ရန်ပြင်ကြသည်။သူတို့ ပစ္စည်းတွေသိမ်းဆည်းနေစဥ်မှာ ဒါရိုက်တာဝမ်၏အကူအညီမဲ့နေဟန် ခပ်မာမာလေသံကိုကြားလိုက်ရသည်။
"ရဲရဲတင်းတင်းလုပ်စမ်းပါ...သူ့ပေါင်ပေါ်ထိုင်ပြီး အနားကိုကပ်သွားလိုက်...သူက နင့်ကိုတကယ်ဘာမှမလုပ်ပါဘူး"
သူ့လေသံ အတော်လေးကျယ်ပြီး မကျေမနပ်ဖြစ်မှုအပြည့်နှင့် စိတ်တိုနေသည့်အသံဖြစ်နေ၏။လင်းလော့ချင်း အံအားသင့်သွားသည်။ဘာဖြစ်နေတာလဲ...
သူ သိချင်စိတ်ဖြင့်သွားကြည့်လိုက်ရာ ရိုက်ကွင်းနောက်ခံက KTVအခန်းပုံစံပြင်ဆင်ထားပြီး လူတိုင်း၏မျက်လုံးများက လူတစ်ဦတည်းပေါ်မှာ ကျရောက်နေသည်။
ယင်းက ဆွဲဆောင်မှုပြင်းသော ၀တ်စုံကိုဝတ်ထားသော မိန်းကလေးတစ်ယောက်ဖြစ်၏။ သူမက ယောက်ျားတစ်ယောက်၏ပေါင်ပေါ်တွင် ထိုင်နေသည်။ သူမဆံပင်က ပင်လယ်ထဲကလှိုင်းတွေလို ရှည်လျားသည်။ သူမက ခေါင်းငုံ့ကာ သူမတက်ထိုင်နေသောလူနှင့် နီးကပ်အောင် ကြိုးစားနေသည်။
"ခေါင်းမော့ပြီး ရှင်းကျန်းကိုကြည့်... သူက နင့်ကို ကိုကိမစားဘူး...ဘာကိုကြောက်နေတာလဲ"
ကောင်မလေးက ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး သူမ မှီနေသော ယောက်ျားကို ကြည့်လိုက်သည်။
"ဟုတ်ပြီ...ပို ဟန်အမူအရာများပြီး ညှို့အားပြင်းမယ် ... သူ့ကို အရက်သောက်ခိုင်း... သူ့အနားကပ်ပြီး ပြုံးပြ"
ချင်ရူယွင်က ချက်ချင်းပြုံးလိုက်ပေမဲ့ ဒါရိုက်တာဝမ်က ထိုအပြုံးကို မကျေနပ်ပါချေ။
"ပိုသဘာဝကျရမယ်...ပို မူပိုပြီး ညှို့အားပြင်းရမယ်...နင်က ဒီနယ်ပယ်မှာ ဝါရင့်ပြီး ဒီနေရာမှာ နံပါတ်တစ် မိန်းကလေး...အတင်းကြီးလုပ်ယူစရာမလိုဘူး"
ချင်ရူယွင်က ထပ်ပြီး ပြုံးလိုက်ပေမဲ့ တောင့်တောင့်ကြီးဖြစ်နေဆဲဖြစ်၏။
ဒါရိုက်တာဝမ် ခေါင်းကိုက်လာသည်။ "နင့်ရည်းစားအကြောင်းကို တွေးကြည့်... နင့်ရည်းစားရှေ့မှာ ပြုံးသလိုမျိုးပြုံး"
ချင်ရူယွင် အနည်းငယ် ရှက်သွားသည်။ "ကျွန်မမှာ ရည်းစားမရှိဘူး"
"ရည်းစားဟောင်းဆိုရင်ရော...ခရက်ရှ်ကော... နင့်မှာ အနည်းဆုံး idolတစ်ယောက်တော့ရှိသင့်တယ်မဟုတ်လား"
ချင်ရူယွင်: "……"
ချင်ရူယွင်က ရှက်သွားသလိုမျိုး ခေါင်းငုံ့လိုက်ပြန်သည်။သူမကြည့်ရသည်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံရသည်။
ဤရက်ပိုင်း သူမအငေါက်ခံရသည်ကများသည်။ရိုက်ကူးရေးထဲစဝင်ကတည်း သူမ ဒါရိုက်တာဝမ်နှင့် သူမ၏ အေးဂျင့်တို့၏ အပြစ်တင်ဝေဖန်ပြီးငေါက်ငမ်းမှုများဖြင့်သာကြုံတွေ့ခဲ့ရသည်။သူမက နဂိုကတည်းကမှ သူမ၏ သရုပ်ဆောင်စွမ်းရည်ကို ယုံကြည်မှုမရှိပေ။ယခုဆိုလျှင် သူမမှာ စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ခု ဖြစ်ပေါ်လာပြီး သူမ၏အရည်အချင်းက အလွန်ဆိုးရွားသည်ဟုသာ ခံစားခဲ့ရသည်။ သူမက ကောင်းကောင်းမသရုပ်ဆောင်နိုင်သလို တိုးတက်၍လည်းမလာ။ဒါရိုက်တာက သဘောမကျဖြစ်ပြီး အဖွဲ့၏ တိုးတက်မှုကို ဆွဲချမိနေသည်။
"တောင်းပန်ပါတယ်"
သူမ တိုးတိုးလေးပြောလိုက်သည်။
ဒါရိုက်တာဝမ် ခေါင်းကိုက်နေသည်။ "ချင်ရူယွင်... ငါ နင့်ကိုပြောမယ်... ဒီပုံစံမျိုး ဆက်လုပ်နေရင် ငါ နင့်ကို အစားထိုးရလိမ့်မယ်"
ချင်ရူယွင်က ထိတ်လန့်တကြား မော့ကြည့်လာပြီး သူမမျက်လုံးထဲမှာ မျက်ရည်တွေအပြည့်ဖြစ်နေ၏။
"ဒီဒရာမာကို လူတစ်ယောက်အတွက်နဲ့ အပျက်စီးမခံနိုင်ဘူး... လူတိုင်းက အရမ်းကြိုးစားကြတယ်...နင်တစ်ယောက်ပဲ… "
ဒါရိုက်တာဝမ် သူမ၏ စိတ်ပျက်အားငယ်သောပုံစံကိုမြင်ပြီး အချိန်အတော်ကြာသည့်တိုင် 'နင်တစ်ယောက်ပဲ မကြိုးစားတာ'ဆက်မပြောနိုင်ပေ။
သူမက တကယ် အလုပ်ကြိုးစား၏။ ရိုက်ကူးရေးအဖွဲ့ထဲမ၀င်ခင်မှာ သူမ၏စာသားတွေကို အလွတ်ကျက်ခဲ့သည်။ သူမ၏ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းသည်ကို သိသည့်အတွက် အတူလေ့ကျင့်ရန် တခြားသရုပ်ဆောင်တွေကို မကြာမကြာ သွားရှာတတ်သည်။ အစပိုင်းမှာ သူမက သူ့ကိုပင် လာရှာပြီး ဒီလိုသရုပ်ဆောင်တာက မှန်လားဟု မေးခဲ့သည်။
သို့ပေမဲ့ သူက ဤသရုပ်ဆောင်တစ်ယောက်တည်းကို တာဝန်ယူထားခြင်းမဟုတ်ပေ။အထူးသဖြင့် ချင်ရူယွင်မှာ အခန်းများစွာမရှိသည့်အပြင် သူမ၏သရုပ်ဆောင်စွမ်းရည်မှာ အမှန်တကယ်ညံ့ဖျင်းသောကြောင့်ဖြစ်သည်။ သူတကယ်မကူညီနိုင်ခဲ့ပေ။ သူ့ကိုလာမနှောက်ယှက်ဘဲ သူမဘာသာသူမ လေ့ကျင့်ရန်ပဲပြောလိုက်ခဲ့သည်။
ချင်ရူယွင်က သူ့အား အနှောက်အယှက်မပေးတော့ဘဲ နာခံမှုရှိရှိဖြင့် သူမ၏ သရုပ်ဆောင်စွမ်းရည်ကို တစ်ယောက်တည်း လေ့ကျင့်ခဲ့သည်။
သို့ပေမဲ့ တချို့လူတွေက သရုပ်ဆောင်ရန် မသင့်တော်စွာ မွေးလာကြသည်။ချင်ရူယွင်ကလည်း ထိုသို့ပါပင်။ သူမက အတော်လေး ကြည့်ကောင်းပြီး ချစ်စဖွယ်ရှိကာ နူးညံ့သည်။သို့ပေမဲ့ သူမစပြီး သရုပ်ဆောင်သည်နှင့် စက်ရုပ်တစ်ရုပ်ကိုရှာလာသည်ကပင် သူမထက်ပိုကောင်းနိုင်လောက်လေသည်။
ဒါရိုက်တာဝမ်က မတတ်သာစွာပြောလိုက်၏။
"ဒါကို အခု မရိုက်သေးဘူး"
"ပြန်သွားပြီး မင်းရဲ့အခြေအနေကို ချိန်ညှိ...အဲဒါမှ အဆင်မပြေသေးရင် ထားလိုက်တော့"
ချင်ရူယွင် မျက်ရည်များ စီးကျလာသည်။ သူမက လက်မြောက်ကာ မျက်ရည်များကို သုတ်ပြီး ခေါင်းညိတ်လိုက်သည်။ထို့နောက် သူမနှင့်အတူတူသရုပ်ဆောင်ရသော သရုပ်ဆောင်အား တောင်းပန်လေသည်။
"တောင်းပန်ပါတယ်"
သူမနှင့်အပြိုင်သရုပ်ဆောင်ရသည့် ကျောက်ရှင်းကျန်းကလည်း ဝါရင့်မင်းသားကြီးတစ်လက်ဖြစ်သည်။ဤမျှအချိန်အတော်ကြာသည့်တိုင် ချင်ရူယွင်က သရုပ်ဆောင်ရာတွင် လွတ်လွတ်လပ်လပ်သရုပ်မဆောင်နိုင်သေးသဖြင့် သူ့ကိုယ်သူ ကလေးမလေးကို အခွင့်ကောင်းယူနေမိသလို ခံစားလာရပြီး ရှက်နေသည်။ သူ့မှာ ပခုံးပေါ်ပင် လက် မတင်ဝံ့ပေ။သို့ပေမဲ့ ချင်ရူယွင်က ယခုအချိန်မှာ ငိုပြီး တောင်းပန်လာသည်။သူ မနေနိုင်ဘဲ သူမကို နှစ်သိမ့်ပေးလိုက်သည်။
"အဆင်ပြေပါတယ်... ပြန်သွားပြီး စဉ်းစားကြည့်...မင်းမှာ မေးစရာရှိရင် ဒါရိုက်တာဝမ် ဒါမှမဟုတ် ငါ့ကို မေးလို့ရတယ်"
ချင်ရူယွင်က ခေါင်းညိတ်ပြီး ဒါရိုက်တာဝမ်ကို ထပ်ပြီး တောင်းပန်ကာ ထွက်လာခဲ့သည်။
လင်းလော့ချင်းက ယခုအချိန်တွင် မနေ့ညက လှေကားထစ်မှာ ငိုနေသည့် ကောင်မလေးအဖြစ်နှင့် သူမကို မှတ်မိနေပြီဖြစ်သည်။
ဤအကြောင်းအရင်းကြောင့် သူမ ငိုနေသည်လား။ထိုသို့ဆိုလျှင် လင်းလော့ချင်း သူမကို အမှန်တကယ် ကူညီနိုင်ပါသည်။
ဒါရိုက်တာကျန်းနှင့် ဇာတ်ကားကို ရိုက်ကူးပြီးနောက်၊ အဖွဲ့ထဲရှိ သူ၏လုပ်ဖော်ကိုင်ဖက်များအကြားမှာ အပြန်အလှန် အကူအညီပေးမှုများ ရှိလာခဲ့သည်။ အထူးသဖြင့်၊ယန်မော့မော့က သူ့ကို ကျေးဇူးတင်ကြောင်း စာအရှည်ကြီးတစ်စောင် ပေးပို့ခဲ့ပြီး၊တစ်ခါတစ်ရံ သူမတို့လို စာမလိုက်နိုင်သည့်ကျောင်းသူ/သားတွေက သူမတို့ကိုသတိပြုမိပြီးဆွဲခေါ်ပေးမည့် သင်ယူခြင်းနတ်ဘုရားတစ်ပါးရှိရန် အမှန်တကယ်မျှော်လင့်ကြောင်း သူမက ဆိုသည်။တစ်ချိန်တည်းမှာပင် သူမတို့က သင်ယူခြင်းနတ်ဘုရားက သူမတို့ကို အကြည့်တစ်ချက်လေးပင်မစွန့်ကျဲမှာကိုလည်းစိုးသည်။ထိုအချိန်တုန်းက လင်းလော့ချင်းက အလွန်နူးညံ့ဖော်ရွေပြီး စကားပြောရလွယ်ကူ၍သာတော်သေးသည်။ မဟုတ်လျှင် သူမတို့ နေ့တိုင်း သူ့ကို သွားရှာရန် သတ္တိရှိမှာ မဟုတ်ပေ။
ဒါပေမဲ့... သူနဲ့ ချင်ရူယွင်က တစ်ယောက်နဲ့တစ်ယောက် မသိဘူးလေ... ရှေ့ကို ပြေးထွက်ပြီး သူမကို ကူညီချင်တယ်လို့ ပြောရင် တစ်ဖက်လူက အရမ်းကြီးရုတ်တရက်ဆန်တယ်လို့ ထင်သွားမှာ မဟုတ်ဘူးလား...
ရုတ်တရတ်ဆန်လွန်းသွားလိမ့်မယ်...
လင်းလော့ချင်း ၎င်းကိုစဉ်းစားပြီး အရင်စောင့်ရန် ဆုံးဖြတ်လိုက်သည်။ သူက ယနေ့မှ ရောက်လာခါစဖြစ်ပြီး သူ့ကို မသိသော အဖွဲ့သားတွေ အများကြီး ရှိ၏။ နက်ဖြန် သို့မဟုတ် သဘက်ခါတွင် သူ ဇာတ်ကွက်များစွာကို ရိုက်ကူးပြီးနောက် ချင်ရူယွင် သူ့ကို သိသွားလောက်သည်။ အချိန်တန်လျှင် သူမကို ကူညီရန် ကမ်းလှမ်းလိုက်မည်။ထိုသို့ဆိုလျှင် သူမက ငြင်းမှာ မဟုတ်ပေ။
လင်းလော့ချင်း ထိုသို့တွေးရင်း ဝူရှင်းယွမ် နှင့်အတူ ဓာတ်လှေကားထဲသို့ ဝင်လာခဲ့သည်။
သူတို့ ကားပါကင်ထဲကိုလျှောက်လာသောအခါတွင် ငြင်းခုံသံကို မသဲမကွဲ ကြားလိုက်ရ၏။
ဝူရှင်းယွမ်းလည်း
မလွဲမသွေကြားလိုက်ပြီး သူ့ကို လှည့်ကြည့်လာသည်။
လင်းလော့ချင်းက ဂရုမစိုက်ဘဲ ရှေ့ကို ဆက်လျှောက်သည်။ သူနှင့် နီးကပ်လေလေ အသံက ပို၍ ရှင်းလင်းလာလေလေဖြစ်သည်။အသံက ယောက်ျားအသံဖြစ်၏။