Chapter 194
လင်းလော့ကျင်းက ကြောင်အနေပြီး ကလေးဘဝကမြင်ကွင်းကို ပြန်သတိရသွား၏။
သူက လှေကားပေါ်တွင် ထိုင်နေပြီး ပါပါးလင်းက လင်းလော့ရှီး၊လင်းလော့ချင်းတို့အား နှင်ထုတ်နေ၏။ သူ့မျက်နှာတစ်ခုလုံးတွင် စိတ်မရှည်မှုများဖြင့် ပြည့်နှက်နေပြီး အရွယ်ရောက်နေပြီ ဖြစ်သော လင်းလော့ရှီးနှင့် ငိုကြွေးနေသော လင်းလော့ချင်းအား ကြည့်ကာ ပြောလိုက်၏။
“ထွက်သွား … အနာဂတ်မှာ ဒီကိုပြန်လာစရာမလိုဘူး … ”
အားလုံးက လက်ရှိအချိန်တွင် ပြောင်းပြန်ဖြစ်သွားလေပြီ။
လင်းလော့ချင်းက ဆိုဖာပေါ်တွင် ထိုင်နေပြီး သူကမူ ပါပါးလင်းအရှေ့တွင် မတ်တပ်ရပ်နေ၏။ သူ့အဖေက သူ့ကို ပြောလိုက်သည်။ “မင်းထွက်မသွားသေးဘူးလား … ”
လင်းလော့ကျင်း ကြောက်လန့်သွားသည်။ ထိုအချိန်မှစ၍ လင်းလော့ရှီးနှင့် လင်းလော့ချင်းအား သူ မတွေ့ရတော့ချေ။
တစ်ခါတစ်ရံ လင်းလော့ချင်းက တံခါးအပြင်ဘက်တွင် ရပ်ကာ ဖခင်အား အော်ခေါ်ရင်း သူ့အား အိမ်ထဲသို့ ဝင်ခွင့်ပြုရန် အော်ဟစ်တောင်းဆိုခဲ့ဖူးသည်။
သို့သော် ပါပါးလင်းက တစ်ချက်ပင်မကြည့်ခဲ့။ သူက ချန်ဖုန်းနှင့် တီဗီကြည့်ခြင်း သို့မဟုတ် စာကြည့်ခန်းထဲတွင် စာဖတ်ခြင်းမျိုး လုပ်နေတတ်ခဲ့သည်။
တီဗီမှ သက်ဝင်လှုပ်ရှားသော အသံများနှင့်အတူ ရယ်မောသံများ ထွက်ပေါ်နေချိန်တွင် လင်းလော့ချင်းက အပြင်ဘက်၌ သနားစဖွယ် ငိုကြွေးနေခဲ့၏။
သူက သူ့သားအပြင်ဘက်တွင် ရပ်နေခြင်းကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။
လက်ရှိအဖြစ်အပျက်နှင့် အတူတူပင် ဖြစ်၏။
ထိုစဉ်က လင်းလော့ကျင်း ပျော်ခဲ့သည်။ ဤအိမ်မှာ သူ့အိမ်ဖြစ်ရာ အပြင်လူများ ရှိမနေသင့်ချေ။
သူက အိမ်ထဲမှနေ၍ လင်းလော့ချင်းအား လှောင်ပြောင်ခြင်း သို့မဟုတ် သူထွက်ပြေးသွားအောင် နောက်ကလိုက်စခြင်းများ ပြုလုပ်ခဲ့၏။
ယခုမူ သူက နှင်ထုတ်ခံရပြီး အတိတ်က လင်းလော့ချင်းနေရာ ရောက်သွားလေပြီ။
လင်းလော့ကျင်း ခေါင်းငုံ့လိုက်ရင်း သူ၏ ဖခင်သည် သူ့ကို ထင်သလောက်မချစ်ကြောင်း နားလည်လာ၏။ သူက သူ၏ သားသမီးများကို မချစ်ချေ။ သူ့ကိုယ်သူသာ ချစ်၏။
ချန်ဖုန်းက ငိုရင်း မိသားစုဆရာဝန်ကို ဖုန်းဆက်လိုက်သည်။
သူမက တစ်ရှူးစကိုယူကာ လင်းလော့ကျင်း၏ နဖူးမှသွေးများကို သုတ်ပေးလိုက်၏။ ထိုစဉ် သူမ သားဖြစ်သူ၏ တီးတိုးဆိုသံအား ကြားလိုက်ရသည်။ “ကျွန်တော် တောင်းပန်ပါတယ် ...”
ချန်ဖုန်း မော့ကြည့်လိုက်ချိန်တွင် လင်းလော့ကျင်းက လင်းလော့ချင်းကိုကြည့်ကာ ပြောလိုက်၏။ “ကျွန်တော် တောင်းပန်ပါတယ် အစ်ကို .. ကျွန်တော်မှားသွားတယ် ….”
ထို့နောက် သူက ပါပါးလင်းကိုကြည့်ကာ တောင်းပန်လိုက်သည်။ “အဖေ … ကျွန်တော် တောင်းပန်ပါတယ် … ကျွန်တော် မကောင်းတာပါ … ”
ချန်ဖုန်း မျက်ရည်များ ထပ်မံကျဆင်းလာ၏။ သူက ဘာလို့ လင်းလော့ချင်းကို တောင်းပန်ရတာလဲ … ဘာလို့ သူမရဲ့သားက ဒီလိုမျိုး ခံစားရတာလဲ …
လင်းလော့ချင်း အလွန်ပျော်ရွှင်သွား၏။
သူက ပါပါးလင်း၏ ‘ဒီနေ့ကစပြီး မင်းကို လင်းမိသားစုက ထုတ်လိုက်ပြီ’ ဟူသည့်စကားအပေါ် လင်းလော့ကျင်းအတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့၏။ သို့သော် လင်းလော့ကျင်းသည် အတိတ်က လင်းလော့ရှီးနှင့် လင်းဖေးအား လှောင်ပြောင်ခဲ့ဖူး၏။ လင်းလော့ချင်း ဤကမ္ဘာသို့ ကူးပြောင်းလာချိန်တွင်လည်း လင်းလော့ကျင်းက ပြဿနာရှာနေဆဲဖြစ်သည်။ ထို့ကြောင့် ထိုလူအပေါ် သူက ကိုယ်ချင်းစာစိတ်ထား၍မရပေ။
ထို့အပြင် ချန်ဖုန်းက လင်းဖေးအား သူနှင့်ခွဲထုတ်ချင်ခဲ့သည်။ သူမ၏ သားသမီးနှင့် ပတ်သတ်၍ နာကျင်ရသည်မှာ ဝဋ်လည်ခြင်းဖြစ်၏။
လင်းလော့ချင်းက ကြာပန်းဖြူကဲ့သို့ သရုပ်ဆောင်လိုက်သည်။ “အဆင်ပြေပါတယ် … ငါမင်းကို အပြစ်မတင်ပါဘူး .. .”
“အဖေ … ညီလေးက တောင်းပန်နေပြီပဲ … သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ …” သူက ပါပါးလင်းအား ပြောလိုက်၏။
အကယ်၍ ပါပါးလင်းသာ လင်းလော့ကျင်းအား အမှန်တကယ် မောင်းထုတ်ချင်ခဲ့ခြင်း ဖြစ်ပါက သူ ကြာပန်းဖြူလေးအဖြစ် ဟန်ဆောင်နေစရာ မလိုချေ။
သို့သော် ပါပါးလင်း၏ စကားထဲ၌ ‘အမှားကိုသိရင် ပြန်လာလို့ရတယ်’ ဟု ပါဝင်သည်။ ၎င်းက မူလကိုယ်နှင့် လင်းလော့ရှီးတို့ မည်သည့်အခါကမှ မရခဲ့ဖူးသည့် အခွင့်အရေးဖြစ်သည်။ ပါပါးလင်းက လင်းလော့ကျင်းအား ခြောက်လှန့်သတိပေးရုံသာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် လင်းလော့ကျင်းအား ပါပါးလင်းက နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ခြင်းဖြစ်ရာ သူ့အပေါ် အခြားကလေးနှစ်ဦးထက် ပို၍ သံယောဇဉ်ရှိ၏။
ချန်ဖုန်းက လင်းလော့ချင်း၏ စကားများကြောင့် သူ့အား လှည့်ကြည့်လိုက်သည်။
သူမက ကိစ္စများအဘယ့်ကြောင့် ပြောင်းလဲသွားကာ လင်းလော့ချင်းက အလေးသာသွားခြင်းဖြစ်ကြောင်း နားမလည်နိုင်ချေ။
သူမက မျက်ရည်စက်လက်ဖြင့် ပြောလိုက်သည်။ “တစ်ယောက်ယောက်က ဒီ့အတွက် တာဝန်ယူရမယ်ဆို ငါကသာ ချန်းမင်ကို သွားရှာခဲ့တာပါ … လင်းလော့ချင်း … လက်စားချေချင်ရင် ငါ့ကိုပဲချေပါ … လော့ကျင်းရဲ့ပစ္စည်းတွေကို မခိုးပါနဲ့ … ”
“ကျွန်တော် မခိုးပါဘူး … ” လင်းလော့ချင်း တည်ငြိမ်စွာပြောလိုက်၏။ “အဖေကပေးတာ … ကျွန်တော်လိုချင်တာ မဟုတ်ဘူး ...”
ပါပါးလင်းက သူ့ကို ကာကွယ်လိုက်သည်။ “ဘာကိုခိုးတာလဲ … ငါက ရှယ်ယာတွေ လော့ချင်းကိုပေးဖို့ စကားစခဲ့တာ … လော့ချင်း ငြင်းနေတာ မင်းမကြားဘူးလား … သူလိုချင်ခဲ့တာ မဟုတ်ဘူး … ”
လင်းလော့ချင်းက ကြက်စာကောက်သလို ခေါင်းညှိတ်လိုက်သည်။ “ဟုတ်တယ် … ”
ချန်ဖုန်း နှလုံးရောဂါရတော့မလို ခံစားနေရသည်။
“သူ ဒါကိုတမင်လုပ်နေမှန်း ရှင်မသိဘူးလား … ” သူမက ခင်ပွန်းသည်အား မေးလိုက်၏။
“သူငြင်းနေပေမယ့် လိုချင်နေတုန်းပဲလေ … သူက လိုချင်ပေမယ့် မလိုချင်သလို လုပ်ပြီး ရှင့်ကို အယုံသွင်းနေတာ … သူသာ ရှယ်ယာတွေကို မလိုချင်ရင် လော့ကျင်းဆီ လွှဲပေးလိုက်မှာပေါ့ … သူအဲဒီ့လိုလုပ်မယ်လို့ ရှင်ထင်လား …”
လင်းပေါက တစ်ဖြောင့်ထဲတွေးတတ်သည့် အမျိုးသားဖြစ်ရာ ထိုအရာကို မမြင်ချေ။ “ဒါက မင်းလိုချင်တဲ့ ကိစ္စမဟုတ်လား … မင်းက လော့ကျင်းကို ရှယ်ယာတွေ ရစေချင်နေတာလေ … ငါ အဲဒီ့လောက်တုံးမယ်လို့ မင်းထင်လား … ”
“မင်းက အခုထိ လော့ချင်းကို အကွက်ဆင်နေတုန်းပဲ … မင်း လိမ်ရတာကို တော်တော် သဘောတွေ့နေပုံရတယ် … အရင်က ငါမင်းကို လင်းဖေး အဖေရင်းအကြောင်း မေးတော့ မင်းဘာပြောခဲ့လဲ … မင်း ဘာမှမသိပါဘူးဆို … ယွီရှောင်နဲ့လော့ချင်းက မင်းကို အကွက်ဆင်တာပါဆို … ယွီရှောင်နဲ့လော့ချင်းမင်းကို အကွက်ဆင်တယ်လို့ ဘာလို့ အခုမပြောလဲ … ”
“မင်းက လူလိမ်ပဲ … မင်းက လိမ်ညာပြီး သူများကို အပုပ်ချတတ်တဲ့လူပဲ … ချန်ဖုန်း … မင်းဒီလောက် ရက်စက်တတ်မှန်း ငါဘာလို့ အစကမသိခဲ့ရတာလဲ … ”
ချန်ဖုန်း “……”
ချန်ဖုန်း မငြင်းနိုင်ဖြစ်သွား၏။
လင်းလော့ချင်း စိတ်တွင်းမှ ဝိုး ဟု ရေရွတ်လိုက်သည်။ သူ၏ ဖခင်က အလွန်တော်၏။
လင်းလော့ချင်းက အံ့အားသင့်ဟန် ဆောင်လိုက်သည်။ “အန်တီ … ဘာလို့လဲ … ကျွန်တော် ဘာမှမလိုချင်ဘူးလို့ အဖေ့ကို ပြောခဲ့ပြီးသားပါ … ဘာလို့ အဖေ့ကို ညာရတာလဲ … အဖေက ငတုံးတစ်ယောက်လို့ အန်တီထင်တာလား …ဒါမှမဟုတ် လုံးဝဂရုမစိုက်တာလား … အဖေက အန်တီ့ကို အရမ်းချစ်ပြီး ကောင်းကောင်း ဆက်ဆံတယ်လေ … အန်တီဘာလို့ သူ့ကို ဒီလိုမျိုး ဆက်ဆံရတာလဲ … အဖေက တုံးအပြီးကန်းနေတယ်လို့ ထင်ရင်တောင် အန်တီ ဒီလိုလုပ်လို့မရဘူးလေ … ”
ပါပါးလင်း တွေးလိုက်၏။ ‘…တစ်ခုခုမှားနေသလိုမျိုး ဘာလို့ ခံစားမိနေပါလိမ့် … ’
ကျိယွီရှောင်က နောင်တရဟန်ဖြင့် အချိန်ကိုက် ဝင်ထောက်လိုက်၏။ “ကျစ် … သနားဖို့ကောင်းလိုက်တာ ...”
ပါပါးလင်း စိတ်ထဲမှ ဒေါသက လောင်စာထည့်ပေးလိုက်သလို ဟုန်းဟုန်းတောက်လာ၏။ သူက ကျိယွီရှောင် ရှေ့တွင် မျက်နှာပျက်ရမည်ကို မလိုချင်ဆုံးဖြစ်သည်။ ထို့ကြောင့် သူက ကျယ်လောင်စွာ အော်လိုက်၏။
“ဘာလို့ ဒီမှာ ဆက်ရပ်နေသေးတာလဲ … ထွက်မသွားသေးဘူးလား … မင်းဒီမှာဆက်ရပ်နေပြီး ငါ့ကို ညာဦးမလို့လား … ”
ချန်ဖုန်း အမြန်ခေါင်းခါလိုက်သည်။ “အဲဒီ့လို မဟုတ်ပါဘူး … ယောက်ျား … ကျွန်မရှင့်ကို ချစ်ပါတယ် … ”
လင်းလော့ချင်း သဘောတူဟန်ဖြင့် ခေါင်းညှိတ်လိုက်သည်။ “ဟုတ်တယ် အဖေ … အန်တီက အဖေ့ကို အလေးမထားပဲ အဖေမသိအောင် အမျိုးမျိုးလုပ်တတ်ပေမယ့် အဖေ့ကို ချစ်ရှာပါတယ် ...”
“အဖေက တုံးတယ်လို့ သူမက တွေးတာကြောင့် အဖေ့ကို ပြောတော့တစ်မျိုး၊ အဖေ့ကွယ်ရာကျ တစ်မျိုး လုပ်တတ်ပေမယ့် အဖေ့ကိုတော့ ချစ်ရှာပါတယ် ….”
“သူမက ရှယ်ယာ ဆယ်ရာခိုင်နှုန်းကြောင့်မဟုတ်ရင် ဝန်ခံမှာမဟုတ်ပေမယ့် အဖေ့ကို ချစ်ရှာပါတယ် … ”
“လင်းလော့ချင်း … ပါးစပ်ပိတ်ထား … ဘာလို့ အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ … ” ချန်ဖုန်း သူ့ပါးစပ်ကို ဆွဲဖြဲချင်လာ၏။
လင်းလော့ချင်းက အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်သည်။ “အဓိပ္ပာယ်မရှိဘူး … ဟုတ်လား … ဒါဆို အန်တီက အဖေ့ကို မချစ်ဘူးလား … ”
လင်းလော့ချင်း ကြောင်အသွားကာ ပါပါးလင်းကို အမြန်ပြောလိုက်သည်။ “ကျွန်တော် စိတ်မကောင်းပါဘူး အဖေ … ကျွန်တော်ထင်တာ သူမက အဖေ့ကို တကယ်ချစ်တယ်လို့လေ … အန်တီက တကယ့်ကိုတော်တဲ့ လူလိမ်ပဲ .. သူမက လူတွေကို လှည့်ဖြားတတ်လွန်းတယ် … သူမကို ကျွန်တော်မသိတော့ဘူး … သူမက အဖေ့ကို မချစ်ဘူးပဲ …”
ချန်ဖုန်း “……”
ချန်ဖုန်းအမြင်တစ်ခုလုံး မှောင်မဲသွားကာ သတိလစ်ချင်သလို ဖြစ်သွား၏။
ပါပါးလင်းက အလွန်ဒေါသထွက်သွားသဖြင့် လက်ဖက်ရည်ခွက်ဖြင့် သူမအား ကောက်ပေါက်လိုက်သည်။ “မင်းအခုထိ ထွက်မသွားသေးဘူးလား … ”
ချန်ဖုန်း အငိုက်မိသွားပြီး ထိုကဲ့သို့ ထိုးနှက်ခံရကာ မျက်ရည်များ ထပ်မံကျလာခဲ့သည်။
သူမက တခြားတစ်ခုခုပြောချင်သေးပေမဲ့ လင်းလော့ကျင်းက သူမကို ရပ်တန့်စေလိုက်သည်။
"အရင်တက်ကြရအောင်"
သူမသား၏စကားများကို နားထောင်ရင်း ချန်ဖုန်း သူမသားရှေ့မှာ မျက်နှာဖြတ်အရိုက်ခံလိုက်ရသည်ကို သတိရပြီး စိတ်တွေပိိုပို၍ ဝမ်းနည်းလာသည်။ သားဖြစ်သူရှေ့မှာ မျက်နှာဆက်မပျက်ချင်တော့သောကြောင့် သူမ ဘာမှ ထပ်မပြောတော့ပေ။လင်းလော့ကျင်းနှင့်အတူ လှေကားပေါ်တက်လိုက်သည်။
အဖေလင်းက သူတို့နှစ်ယောက် ထွက်သွားသည်ကိုမြင်သောအခါ ကျေနပ် သွားသည်။ကိုယ့်ကိုကိုယ် ဂုဏ်ယူသည့်ဟန်နှင့် ကျိယွီရှောင်ကိုကြည့်ပြီးဆိုလေ၏။
"သူတို့သားအမိနှစ်ယောက် အခုကနေစပြီး သေချာပေါက် ကောင်းကောင်းနေကြမှာပါ"
ကျိယွီရှောင်က ခေါင်းညိတ်ပြီး ဆိုလိုက်သည်။
"ဒီလိုပဲဖြစ်ရမှာပေါ့ အန်ကယ်...အန်ကယ့်အနေနဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့အမူအကျင့်နဲ့ဆီလျော်အောင်နေသင့်တယ်"
လင်းလော့ချင်းက စိုးရိမ်ဟန်ဆောင်ကာပြောသည်။
"ဒါပေမဲ့ ဒီလိုဆို အန်တီနဲ့ တိတိက ကျွန်တော့်ကို စိတ်ဆိုးပြီး ထပ်ပြီး အနိုင်ကျင့်မှာမဟုတ်ဘူးလား"
"သူတို့လုပ်ရဲလား"
အဖေလင်း၏ မျက်လုံးများ ပြူးကျယ်လာသည်။
"သူတို့ မင်းကို ထပ်ပြီး အနိုင်ကျင့်ရင် ငါ့ကိုသာပြောလိုက်...ငါ သူတို့ကိုဘယ်လိုသင်ခန်းစာပေးမလဲကြည့်နေ"
"အဖေ~"
လင်းလော့ချင်း၏မျက်လုံးထဲတွင် မျက်ရည်များဝဲလာကာ အဖေလင်းကို ကြည်ညိုလေးစားစွာကြည့်လိုက်သည်။
အဖေလင်း လင်းလော့ချင်းပုခုံးပေါ် ပုတ်ပေးလိုက်ရင်း သူ့ကိုယ်သူ တွေးလိုက်၏။ကြည့်စမ်း...သူက လင်းလော့ချင်းကို နှုတ်နဲ့ကတိပေးရုံရှိသေး လင်းလော့ချင်းက ဒီလောက်ထိ ရင်ထဲထိရှနေရှာပြီ...ဟို မျက်လုံးဖြူဝံပုလွေ လင်းလော့ကျင်းနဲ့များတခြားစီ...သူ့မှာ သူ့အပေါ်ကို ဒီလောက်ကောင်းပေး ဒီလောက် ပေးကမ်းထားတာကို အခုထိ နာခံမှုမရှိသေး၊မသိတတ်သေးဘူး...
သေချာသည်ပင်၊ သားသမီးတွေကိုလည်း ဘယ်သူက ဘယ်လောက်သိတတ်သလဲဆိုသည်ကိုကြည့်ရန် နှိုင်းယှဥ်ကြည့်ဖို့လိုသေး၏။
"စိတ်မပူပါနဲ့ ...အခုကနေစပြီး အဖေ မင်းနောက်ကနေအမြဲရှိနေမှာပါငါ့သား" အဖေလင်းက ကတိပေးလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်လိုက်ပေမဲ့ ၎င်းနောက် တိုးတိုးလေးဖြောင့်ဖြလာသည်။
"ဒါပေမဲ့ အဖေ...အန်တီနဲ့တိတိကို အရမ်းကြီးဒေါသမထွက်ပါနဲ့...တိတိက ကျွန်တော်နဲ့ မတူဘူးလေ...ကျွန်တော့်မှာ မိသားစုဆိုလို့အဖေတစ်ယောက်ပဲ ရှိတာဆိုတော့ အဖေ့ရဲ့ ဂရုစိုက်မှုကို တောင့်တတာက သဘာဝပါပဲ...ဒါပေမဲ့ တိတိက မတူဘူး ...သူ့မှာအန်တီလည်း ရှိနေသေးတော့ သူ့အမေအတွက် ပိုတွေးပေးပြီး တစ်ခါတစ်ရံ အဖေ့ကို မလွှဲမရှောင်သာ လျစ်လျူရှုမိမှာပဲ...အန်တီအတွက်လည်းအတူတူပဲ...ဘယ်အမေက ကိုယ့်သားသမီးကိုမချစ်လို့လဲ...သူက သူ့အချစ်တွေအများစုကိုတိတိကိုပေးထားတော့ အဖေ့ကိုအဲလောက်ဂရုမစိုက်နိုင်တော့ဘူး...သူတို့က သားအမိလေ...သားအမိတွေဆိုတာက နှလုံးသားချင်း ဆက်နွယ်နေကြတာရယ်...အရမ်းကြီးဒေါသမထွက်ပါနဲ့နော် အဖေ"
အဖေလင်း မည်သို့ဒေါသမထွက်ဘဲနေမည်နည်း။
ကောင်းချက်...အိမ်မှာ လူသုံးယောက်ပဲ ရှိတယ်...သူတို့က သားအမိတွေမလို့နှလုံးသားချင်းဆက်နွယ်နေကြတယ်ဆိုတော့ သူကရော...သူကကျအပြင်လူလား...
အပိုလူလား...
ရယ်စရာကောင်းလိုက်တာ...သူတို့နှစ်ယောက်စလုံး နေထိုင် စားသောက်သုံးဖြုန်းနေတဲ့ ပိုက်ဆံတွေကသူ့ဆီကလေ...
အခု သူတို့က တကယ်ကြီး သူ့ကိုပေါင်းပြီး ဆန့်ကျင်ဖို့ ကြံစည်နေကြတယ်...ဘယ်လောက်စက်ဆုပ်စရာကောင်းလိုက်သလဲ...
လင်းလော့ချင်း ပြောတာကမှန်တယ်...သူ့အမေနဲ့ အစ်မ နှစ်ယောက်လုံးက သေသွားပြီ...ကျိယွီရှောင်က ကျိမိသားစုက...လင်းဖေးကလည်း ကလေးပဲရှိသေးတယ်...တကယ်တမ်းကျ လင်းလော့ချင်းမှာ အားကိုးစရာဆိုလို့ဒီအဖေတစ်ယောက်ပဲရှိတာမဟုတ်ဘူးလား...
သူ့ဆီကအချစ်ကိုရဖို့ ဘယ်လိုလုပ်သူ့ကိုဂရုမစိုက်ဘဲ၊မချစ်ဘဲ၊သူ့စကားကိုနားမထောင်ဘဲနေမှာလဲ...
နေ့တိုင်း အမေဖြစ်သူဘက်ကလိုက်ဖို့ပဲသိတဲ့လင်းလော့ကျင်းနဲ့ ဘယ်လိုလုပ်တူမှာလဲ...လင်းလော့ကျင်းက သူ့ကို သူ့အဖေမှန်းရော သိသေးရဲ့လား...
အဖေလင်းက နှာမှုတ်လိုက်ပြီး လင်းလော့ချင်းကို ပြန်ကြည့်လာသော သူ့မျက်လုံးတွေမှာချစ်ခင်တွယ်တာမှုတွေပိုတိုးလာခဲ့သည်။
လင်းလော့ချင်းက နည်းနည်းမိုက်မဲပြီး မာနမရှိပေမဲ့ အဖေဖြစ်သူနဲ့ ရင်ဆိုင်တဲ့အခါ ဘာမာနကို လိုအပ်နေဦးမှာလဲ...နာခံမှုရှိ၊သိတတ်ပြီး၊သားသမီးဝတ္တရားကျေဖို့ပဲလိုတယ်...
ဒါ့အပြင် တုံးအတော့ရောဘာဖြစ်လဲ...တုံးတော့ သူ့စကားပိုနားထောင်လွယ်တယ်...လင်းလော့ကျင်းကိုပဲကြည့်... ထက်မြက်တာက ဘာအသုံးဝင်လဲ...
အဖေလင်းကို ပိုကြည့်လေ သူ့သားကို ပိုကျေနပ်လေဖြစ်၏။သူစားပွဲပေါ်ရှိ စာရွက်စာတမ်းအိတ်ကို ကောက်ကိုင်လိုက်ပြီး လင်းလော့ချင်းအားကမ်းပေးလိုက်သည်။
"ရော့...ဒါကမင်းအပိုင်ဖြစ်သွားပြီ...နောင်ကျရင် ပေါယွမ်ကိုဂရုစိုက်ဖို့သတိရ"
လင်းလော့ချင်း အလျင်အမြန် ငြင်းဆိုလိုက်သည်။
"ကျွန်တော် မယူပါရစေနဲ့"
"ငါမင်းကိုယူလို့ပြောရင်ယူသာယူလိုက်" အဖေလင်းက စာရွက်စာတမ်းအိတ်ကို
လင်းလော့ချင်းလက်ထဲကို ထိုးထည့်လိုက်သည်။
လင်းလော့ချင်းက ဘာလုပ်၍ဘာကိုင်ရမှန်းမသိသည့်အမူအရာဖြင့် ထိုအိတ်ကိုယူလိုက်သည်။ထို့နောက် သူ့အဖေကိုကြည့်ရင်း ဆိုနင့်နေသောအသံဖြင့်ဆိုလိုက်၏။
"အဖေ~"
အဖေလင်းက သူ့လက်ကို ဝှေ့ယမ်းပြီးပြောလေသည်။
"အေးပါ အေးပါ... မင်းအမေနဲ့ မင်းအစ်မက မရှိတော့ဘူးလေ... အဖေတစ်ယောက်အနေနဲ့ အဖေ မင်းကို ပိုဂရုစိုက်ရမှာပေါ့"
"အမေနဲ့အစ်မသာ လက်ရှိအဖေ့ကို မြင်ရင် အရမ်းပျော်နေမှာသေချာတယ်"
အဖေလင်း သူပြောသည်ကို ကြားသောအခါ သူ့စိတ်ထဲမှာ ရှားရှားပါးပါး အပြစ်ရှိသလို ခံစားရသည်။
သူသာ လင်းလော့ရှီးကို အိမ်မှ မနှင်ထုတ်ခဲ့ပါက လင်းလော့ရှီး ပိုက်ဆံရှာရန်ပြေးလွှားနေရမှာမဟုတ်သလို ဖျားနာပြီး သေမှာလည်းမဟုတ်ပေ။
သူ သက်ပြင်းချပြီး ဘာမှပြန်မပြောခဲ့ပေ။
လင်းလော့ချင်းလည်း ရှယ်ယာတွေ ရနေပြီဖြစ်ကာ ချန်ဖုန်း၊လင်းလော့ကျင်း နှင့်လင်းပေါ်တို့ကြားမှာသွေးခွဲရန်ဟူသောသူ၏ရည်ရွယ်ချက်လည်းပြည့်မြောက်ပြီဖြစ်၍ ထွက်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်၏။
"အဖေ...ဒါဆို ကောင်းကောင်း အနားယူပါ...ကျွန်တော် သွားဦးမယ်... ရက်ပိုင်းအတွင်း ရိုက်ကူးရေးပြန်စတော့မှာမို့လို့ ဒီနေ့ အေးဂျင့်နဲ့ သွားတွေ့ရမှာ"
"ဘာလို့ ရုပ်ရှင်ပြန်ရိုက်မှာလဲ"
အဖေလင်းက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းသားတစ်ယောက်အနေနဲ့ ရိုက်မှရမယ်လေ"
လင်းလော့ချင်းက ပြုံးလိုက်သည်။
"အေးပါ"
အဖေလင်းကလည်း အစကတည်း လင်းလော့ချင်းကို အားကိုးရန်မရည်ရွယ်ထားသောကြောင့် ချက်ချင်းပဲ ကျိယွီရှောင်ဘက်လှည့်ပြီး စကားပြောလိုက်သည်။
"လော့ချင်းက ရုပ်ရှင်ရိုက်တော့မှာဆိုတော့... ယွီရှောင် မင်းပေါယွမ်ကိုပိုဂရုစိုက်ရမယ်နော်... မင်းမှာ သင့်တော်တဲ့ ပရောဂျက်တွေရှိရင် ပေါယွမ်ကို မမေ့နဲ့"
"ဒါပေါ့"
ကျိယွီရှောင်က ရယ်လိုက်သည်။
"အန်ကယ်က လော့ချင်းကို ရှယ်ယာတွေ ပေးထားပြီးပြီလေ... ဒါကြောင့် အန်ကယ်ကို ကူညီတာက လော့ချင်းကိုကူညီတာပဲပေါ့...ပေါယွမ်အကျိုးအမြတ်ရတာက လော့ချင်းအကျိုးအမြတ်ရတာပဲမဟုတ်ဘူးလား...ကျွန်တော်တို့ စည်းစိမ်ဥစ္စာတွေကို အပြင်လူတွေဆီ အရောက်ခံလို့မရဘူး... ဒါက အဓိပ္ပါယ်ရှိပြီး ကျိုးကြောင်းဆီလျော်တယ်...ဒါကိုတော့ ကျွန်တော် နားလည်ပါသေးတယ်"
အဖေလင်း ကျေနပ်သွား၏။ သူလိုချင်သည်ကလည်း ကျိယွီရှောင်မှာ ထို
သို့သောအတွေးများနှင့်ရည်ရွယ်ချက်များရှိလာရန်ပါပင်။
သေချာသည်ပဲ၊သူက လင်းလော့ချင်းကို ရှယ်ယာတွေပေးသရွေ့ကျိယွီရှောင်က သူ့ကို ကူညီမှာဖြစ်၏။
ဒါက မသိတတ်တဲ့သားလင်းလော့ကျင်း ကို ပေးရတာထက် ပိုတွက်ချေကိုက်တယ် မဟုတ်ဘူးလား...