အပိုင်း ၁၄၁
Viewers 43k

Chapter 141



အနက်ရောင် ဗန်ကားတစ်စီးထဲတွင်...

 စုထုံက နေကာမျက်မှန်ဝတ်ကာ မျက်လုံးများ မှိတ်ထားလေသည်။ သူ့၏ အနက်ရောင်ဆံပင်များ၊ ဖြောင်းတန်းနေသည့် နှာတံနှင့် သူ့မျက်နှာအောက်ပိုင်းတစ်ဝက်၏ နူးညံ့သော အနားသတ်များကိုသာ မြင်နိုင်ပေသည်။ 


သူက မျက်လုံးများပိတ်ကာ အနားယူနေစဉ်တွင် ဖုန်းမြည်လာပေသည်။ သူက ပျင်းရိစွာ လှမ်းကြည့်လိုက်ရာ အမည်မသိ နံပါတ်ဖြစ်နေသည်ကို တွေ့လိုက်သည်။ စုထုံက တိုက်ရိုက်ပင် ဖုန်းချလိုက်လေသည်။


လင်းလော့ချင်းက ဖုန်းခေါ်ခြင်းက ပြီးဆုံးသွားသည်ကို တွေ့လိုက်သည်။ သူက ခေတ္တ တွေးတောလိုက်ပြီး ဖုန်းနံပါတ်ပြောင်းလိုက်သည်။


 သူက စုထုံ မန်နေဂျာ၏ နံပါတ်ကိုခေါ်ရန် ဆုံးဖြတ်လိုက်သည်။


စုထုံ၏ မန်နေဂျာက ချက်ချင်းပင် ဖုန်းဖြေလာ၏။ 

"ဟယ်လို..."


"ငါက လင်းလော့ချင်းပါ... ငါ စုထုံကို ရှာနေတာ..."


မန်နေဂျာက ကြောင်အသွားလေသည်။ သူက ပြောင်းသွားသည့် CEO အမည်ကို မှတ်မိပေသည်။ ဤသည်က ရှင်းရီတွင် ကိစ္စကြီးတစ်ခုဖြစ်လေသည်။ 


ရှင်းရီက ဘယ်သူက ဒီကိစ္စကို မသိပဲနေမှာလဲ...


"ဟုတ်ကဲ့... ခဏလေးစောင့်ပါနော်..."

မန်နေဂျာက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလာသည်။ 


သူက ဖုန်းကို လက်ဖြင့် အုပ်လိုက်ပြီး လက်ထောက်အား သူ့ပခုံးကို နှိပ်ပေးရန် အမူအရာပြနေသော စုထုံကို ကြည့်လိုက်လေသည်။

"လင်းလော့ချင်းက မင်းကို ရှာနေတယ်..."


စုထုံက ပျင်းရိနေသည့် ဟန်ပန် ရှိနေဆဲဖြစ်သည်။

"အိုး..."


"ဖြေလိုက်ဦး..."

မန်နေဂျာက သူ့ကို ဖုန်းလှမ်းပေးလိုက်လေသည်။ 


စုထုံက ဖုန်းကို ပျင်းရိသည့် အသံဖြင့် ပြန်ဖြေလိုက်သည်။

"ဘာလဲ..."


လင်းလော့ချင်းက သူ့အသံကိုနားထောင်ကာ သူကအမှန်တကယ်ပင် အရေးကြီးသည့်ပုဂ္ဂိုလ်ဖြစ်ရန် ထိုက်တန်သည်ဟု တွေးလိုက်မိသည်။ သူက ရုပ်ရည် ချောမောသည်သာမက သူ့အသံကလည်း ဆွဲဆောင်မှု ရှိလှသည်။


သူက သူ့၏ ကွန်ပျူတာပေါ်ရှိ စုထုံကို ဓာတ်ပုံကိုကြည့်ကာ ညင်သာစွာ ဆိုလိုက်လေသည်။ 

"ဒီလိုပါ... မင်းရဲ့ စာချုပ်က နောက်နှစ်ဆိုရင် သက်တမ်းကုန်တော့မှာဆိုတာ ငါတွေ့လို့... မင်းအချိန် ရှိလား... ငါတို့ စာချုပ် အသစ်ပြန်ချုပ်ဖို့ အချိန်တစ်ခု စီစဉ်လို့ရတယ်..."


စုထုံက သူ့စကားများကို ကြားသောအခါ သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူက နေကာမျက်မှန်ကို ဖယ်လိုက်ပြီး သူ့၏ လှပသော မျက်လုံးများကို လှစ်ဟပြလိုက်လေသည်။ သူက ပြုံးနေဟန်ရပြီး သတိမမူသော ကြော့ရှင်းမှုဖြင့် မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ ဆိုလိုက်၏။


"အိုး... ငါသိပြီ... အဲ့ဒါဆို မနက်ဖြန် ဆိုရင်ရော..."


လင်းလော့ချင်းက အံ့အားသင့်သွားလေသည်။ 

အဲ့တော့ စကားပြောရတာ ဒီလောက်တောင် လွယ်တယ်လား...


သူက ထွက်သွားဖို့ ရည်ရွယ်ချက် မရှိတာများလား...


လင်းလော့ချင်းက စိတ်ရှုပ်ထွေးသွားလေသည်။ 


စုထုံက ဖုန်းကို သူ့မန်နေဂျာအား ပြန်ပေးလိုက်သည်။ ထို့နောက် သူက သူ့ကိုယ်ပိုင်ဖုန်းကိုထုတ်ကာ ကျိယွီရှောင်ကို Wechat စာတစ်စောင် ပို့လိုက်သည်။


[မင်း မိန်းမက ငါ့ကို စာချုပ်ပြန်ချုပ်ဖို့ ဖုန်းခေါ်လာတယ်...]


ကျိယွီရှောင်က စာကိုဖတ်ကာ ပြန်ဖြေလိုက်သည်။

[ချန်လီဝေ့ရော... သူမင်းကို လာရှာသေးလား...]


စုထုံ - [လာတယ်... ငါသူ့ကို စဉ်းစားဦးမယ်လို့ပြောလိုက်တာ...]


ကျိယွီရှောင် - [အဲ့ဒါကိုတောင် မင်းက စာချုပ်ပြန်ချုပ်ဖို့ သွားချင်သေးတာလား...]


စုထုံ - [ငါက ရတယ်လို့ပဲ ပြောတာ... စာချုပ်ပြန်ချုပ်မယ်လို့မပြောမိပါဘူး... ငါက မင်းမိန်းမကိုပဲ သွားတွေ့မှာ... ချန်လီဝေ့လည်း နည်းနည်း စိတ်ဖိစီးတာပေါ့...]


စုထုံ - [နားလိုက်ဦး... ငါ သူ့ကို ရှင်းအောင် ပြောခဲ့ပါမယ်...]


ကျိယွီရှောင်က ခေတ္တ စဉ်းစားလိုက်ကာ ရုတ်တရက် ပြန်ဖြေလာသည်။

[မဟုတ်ဘူး... မလုပ်နဲ့... မင်းက တွေဝေပြီး စဉ်းစားနေတယ်လို့ ဟန်ဆောင်လိုက်...]


စုထုံ - ...


အလှလေးဆီက အပြုံးတစ်ပွင့်ရဖို့အတွက်နဲ့ ဒေါသတကြီး သရဖူကို သိမ်းလိုက်တာ မင်းမဟုတ်ဘူးလား... မင်းက အလှလေးအတွက်နဲ့ CEOကိုတောင် ကန်ချခဲ့တာမဟုတ်ဘူးလား... အချစ်သူတော်ကောင်းကြီးက အခု ဘယ်ရောက်သွားတာလဲ...


အချစ်က အဲ့လောက်ပဲ ထိခိုက်လွယ်သလား...


စုထုံ - [ရူးကြောင်ကြောင်လုပ်တာကို ရှောင်တာက မနာကျင်ပါဘူး... နားလည်လား...]


ကျိယွီရှောင်က ပြောစရာမဲ့နေလေသည်။

[မင်းဘာတွေ တွေးနေတာလဲ... ငါပြောသလိုသာ လုပ်ပါ...]


သူက နောက်ဆုံးစာကို ပို့ပြီးနောက် ရှင်းပြလိုက်လေသည်။


[ဒါက CEO ဖြစ်တာ သူ့အတွက် ပထမဆုံးပဲ... သူက ယုံကြည်ချက်သိပ်မရှိဘူး... ပြီးတော့ ထင်သလောက် မလုပ်နိုင်ဘူးထင်နေတာ... တကယ်တော့ သူ့မှာ အလားအလာတွေရှိတယ်... သူက ဒါတွေ ဖြစ်မလာခင်ကတည်းက ချန်လီဝေ့နဲ့ပတ်သတ်ပြီး သူ စိတ်ပူနေတာကို ပြောပြတယ်... သူဒါကို တွေးမိတယ်ဆိုကတည်းက ပြဿနာတွေကို တွေးတောပြီး ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာ ပြတာပဲ...]


[ငါက သူ့ကို ဒီပြဿနာကို ကိုင်တွယ်ပြီး ယုံကြည်မှုရလာစေချင်တာ... သူအောင်မြင်သွားရင် အဲ့ရာထူးမှာ ပိုပြီး သက်သောင့်သက်သာနေနိုင်မှာလေ...]


စုထုံက စာကို ဖတ်ကာ ကျိယွီရှောင်က အများကြီး စိတ်ပူနေသည်ဟု ခံစားရပေသည်။ သူက ထိုပုဂ္ဂိုလ်အား ထိုင်ခုံတွင် ထိုင်စေရုံသာမက အလှလေးအား ၄င်းနှင့်ပတ်သတ်၍ ယုံကြည်ချက်ရှိရန်လည်း ပြုလုပ်ပေးသည်။ တခြားသော ခင်ပွန်းများအတွက် စံပြပုဂ္ဂိုလ် တစ်ဦးပင်။


ဤရှုထောင့်မှကြည့်လျှင် သူက သူ့အစ်ကိုနှင့် အလွန်တူပေသည်။ နှစ်ဦးစလုံးမှာ သူတို့ ချစ်ရသူများကို မည်သို့ ဂရုစိုက်ကာ တန်ဖိုးထားရမည်ကို သိပေသည်။ 


ထိုသို့တွေးမိရာ သူက ကျိယွီလင်းကို မတွေးမိပဲ မနေနိုင်ပါချေ။ သူက ရင်းနှီးသော သွင်ပြင်ကို ပြန်တွေးတောမိလိုက်သည်။ သူအသက်ရှင်နေသေးပါက ဤသည်ကိုမြင်ကာ ကျေနပ်နေမည်မှာ သံသယဖြစ်ဖွယ်ပင် မရှိပါပေ။ 


သူ့ဇနီးသည်က သူမအတွက် သူ(jyl)တည်ဆောက်ခဲ့သော ကုမ္ပဏီကို အသုံးမပြုနိုင်သော်လည်း သူ့၏ ညီလေးက ကုမ္ပဏီထဲတွင် သူ့(jyx)၏ ချစ်သူအတွက် နေရာတစ်ခု ရှာပေးနိုင်လေသည်။ 


ကျိယွီလင်းက အလွန်ကျေနပ်နေပေမည်။ 


မည်သို့ပင်ဆိုစေ သူနှင့် ကျိယွီရှောင်၏ ဆက်ဆံရေးမှာ အမြဲပင် အလွန်ကောင်းမွန်ခဲ့၏။


စုထုံက မျက်လုံးများကို ထပ်မံ ပိတ်လိုက်ကာ သူ့ဖုန်းကို အိပ်ကပ်ထဲသို့ ထည့်ထားလိုက်ပေသည်။ 

"ကုမ္ပဏီက ငါ့ကို ခေါ်လာတာကို စောင့်နေလိုက်..."


ကျိယွီရှောင်က ကွန်ပျူတာပေါ်မှ စာရွက်စာတမ်းကို လှမ်းကြည့်လိုက်သော်လည်း သူ အာရုံမစိုက်နိုင်၍ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင် လင်းနေဆဲဖြစ်ကာ လင်းလော့ချင်းက ပြန်လာဦးမည် မဟုတ်ပေ။


သူက ချန်လီဝေ့ကို ပထမဆုံး အလုပ်ဖြုတ်လိုက်သည့်အချိန်က ချန်လီဝေ့က ဒီအတိုင်း ထွက်သွားမည်မဟုတ်သည်ကို သိပေသည်။ ချန်လီဝေ့က သူနှင့်အတူ အနုပညာရှင်များကို ခေါ်သွားကာ ကုမ္ပဏီအား ပြဿနာဖြစ်စေမည်ကိုလည်း သိထားသည်။ 


သို့ဖြစ်၍ သူက စုထုံကို ဖုန်းခေါ်ကာ ချန်လီဝေ့ သူ့အား သေချာပေါက် လာရှာလိမ့်မည်ဟု ပြောခဲ့သည်။ အချိန်ရောက်လာသည့်အခါ ချန်လီဝေ့ကို အလျင်စလို မငြင်းဆန်ရန်လည်း ပြောခဲ့၏။ 


ချန်လီဝေ့က သူထွက်သွားပြီးပြီးချင်းမှာပင် စုထုံကို ဆက်သွယ်လာခဲ့သည်။


သူက ကျိမူထံမှ သူလိုချင်သည်ကို မရနိုင်ပေ။ ၄င်းက မျှော်လင့်ထားသည့်အတိုင်းပင်။ ကျိမူမှာ သူ့၏ ကိုယ်ပိုင် ရည်ရွယ်ချက်ရှိပြီး ချန်လီဝေ့ကဲ့သို့ လူများကို အထင်သေးပေသည်။ သူက ချန်လီဝေ့အတွက် သူ့၏ အစီအစဉ်ကို ပြောင်းပစ်မည် မဟုတ်ချေ။ 


ကျိမူက လင်းလော့ချင်း ရှင်းရီသို့ရောက်လာသည်ကို သိသောအခါ ၄င်းကို မတားရုံသာမက လင်းလော့ချင်းက ထိုနေရာတွင် အချိန်အကြာကြီး ရှိမနေမည်ကိုလည်း မုန်းပေသည်။ ထိုအချိန်မှသာ သူက ကျိကျန်းဟုန်နှင့် ကျိမိသားစုတစ်ခုလုံးအား ကျိယွီရှောင်က မယုံရဘူးဆိုသည်ကို ဆက်တိုက်သတိပေးနိုင်မည်ဖြစ်သည်။ ၄င်းက မိသားစုတစ်ခုလုံးအား သူတစ်ယောက်တည်း တာဝန်ယူရန် ကျိမူအတွက် ပိုကောင်းပေသည်။ 


သို့ဖြစ်၍ ချန်လီဝေ့က သူလိုချင်သည်ကို မရနိုင်ပါပေ။ သဘာဝအလျောက် သူ(clw)က လင်းလော့ချင်းအား အလွယ်တကူ အနားယူခွင့်ပေးမည် မဟုတ်ပေ။ သူထွက်သွားရမည်ဆိုလျှင်ပင် ရှင်းရီတွင် ကျန်ခဲ့မည့် လူများ၏ မျက်လုံးထဲတွင် လင်းလော့ချင်းက စွမ်းဆောင်ရည်မရှိဟု မြင်လာအောင် ပြုလုပ်ရန် လိုသည်။ 


အဲ့လိုမှမဟုတ်ရင် သူထွက်သွားပြီးတာနဲ့ တခြားအနုပညာရှင်တွေအများကြီးက ဘာလို့ ထွက်သွားမှာလဲ... လင်းလော့ချင်းက စွမ်းဆောင်ရည် မရှိလို့ပဲ ဖြစ်ရမှာပေါ့...


အဓိရောက်ဆုံး ရလာဒ်ရရှိရန်အတွက် ဘုတ်အဖွဲ့မှ ရှယ်ရာရှင်များကိုလည်း သတိပေးရန် လိုအပ်သည်။ သူတို့က ခြိမ်းခြောက်ခံရသည်ဟု ခံစားရပေမည်။ ထိုအချိန်မှသာလျှင် သူတို့က သူ့အား ကုမ္ပဏီသို့ ပြန်ခေါ်လာရန် တွေးပေးမည် ဖြစ်သည်။ ထိုကဲ့သို့ အပြုအမူဖြစ်လာစေရန် တစ်ခုတည်းသော နည်းလမ်းမှာ စုထုံပင်ဖြစ်၏။ စုထုံက သူနှင့်အတူ ထွက်သွားရပေမည်။


သူ့၏ များပြားလှသော အချိန်ဇယားကြောင့် စုထုံက ကုမ္ပဏီနှင့် စာချုပ် ထပ်မချုပ်ရသေးသည်မှာ အကောင်းဆုံးဖြစ်လေသည်။ ၄င်းမှာ ကံကြမ္မာဖန်သော တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး ချန်လီဝေ့အတွက် အခွင့်အရေးဖြစ်သည်။ 


ချန်လီဝေ့က ဤကဲ့သို့အခွင့်အရေးတစ်ခုအား အလဟသ အဖြစ်ခံမည် မဟုတ်ပေ။


 စုထုံမှာမူ ကျိယွီရှောင်ကို ကတိပေးထားသည့်အတိုင်း ချန်လီဝေ့၏ မျော်လင့်ချက်များကို လှုံ့ဆော်ကာ လင်းလော့ချင်းနှင့် ချန်လီဝေ့ကြားတွင် တွေဝေနေဟန် ပြုနေရသည်။ သူက ရှင်းရီတွင် သူ့၏ အနာဂတ်ကို စိုးရိမ်၍ ချန်လီဝေ့၏ တောင်းဆိုမှုကို တွေးတောမည်ဟု ဖော်ပြလာသည်။ 


ချန်လီဝေ့က ချက်ချင်းပင် တခြားသူများ၏ နှလုံးသားကို အပိုင်သိမ်းရန် ကောလဟာလများ လွင့်လိုက်၏။ 


သူက ကောင်းမွန်စွာ တွက်ချက်ထားပြီး အောင်နိုင်မှုအတွက် ပြင်ဆင်ထားသည်။ သူမသိသည်မှာ သူသည်လည်း တခြားသူ၏ နယ်ရုပ်တစ်ခုသာ ဖြစ်သည်ဆိုသည်ကိုပင်။


ကျိယွီရှောင်မှာ မူလက လင်းလော့ချင်းအား သူ့ အစီအစဉ်ကို ပြောပြရန် စီစဉ်ထားသည်။ 


သို့သော် စုထုံ၏ စာကိုရရှိပြီးနောက် သူက စိတ်ပြောင်းသွားလေသည်။ 


လင်းလော့ချင်းက စုထုံကို ကိုယ်တိုင်ခေါ်လာသည်ဖြစ်ရာ ဤပြဿနာကို ကိုယ်တိုင်ဖြေရှင်းရန် စီစဉ်ထားသည်ကို ပြနေပေသည်။ 


သူက အမြဲတမ်း ထိုကဲ့သို့ဖြစ်သည်။ အမှီအခိုကင်းကာ စွမ်းဆောင်ရည် ရှိသည်။ သူက ဤရာထူးနှင့် ထိုက်တန်သည်မှာ အလွန်ရှင်းလင်းသော်လည်း ဤရာထူးကို ပထမဆုံး လက်ခံရသည်မို့ ယုံကြည်ချက် မရှိ ဖြစ်နေပေသည်။ 


ကျိယွီရှောင်က သူ့အား သူ့ကိုယ်သူ ယုံကြည်ချက် ပိုရှိစေလိုသည်။ 


သူက ဤပြဿနာကို ဖြေရှင်းကာ အနုပညာရှင်များကို ဆက်နေရန် ဆွဲဆောင်နိုင်ပါက သူ့ကိုယ်သူ ပိုပြီး စိတ်ချလာမည် ဖြစ်သည်။ သူက ဤရာထူးကို လုပ်နိုင်သည်ဟု ခံစားလာရပေမည်။ 


သူလုပ်နိုင်သည်ဟုလည်း ကျိယွီရှောင် ယုံကြည်၏။



စုထုံက ရှင်းရီသို့ ပြန်လာသည့်အခါ လင်းလော့ချင်းက အလုပ်ဆင်းရန် ပြင်နေသည်။ သူက မဲမှောင်နေသော ကောင်းကင်ကြီးကိုကြည့်ကာ စုထုံက ယနေ့တွေ့မည်ဟု ဆိုစဉ်က မည်သည့်အချိန်ကို ဆိုလိုသည်အား တွေးတောနေမိသည်။ 


သူ စောင့်နေပြီး အိမ်ပြန်ခါနီးအချိန်တွင်မှ စုထုံကို တွေ့လိုက်ရသည်။ 


"ကား နည်းနည်းပိတ်နေလို့..."

စုထုံက သူနောက်ကျခြင်းအား အနည်းငယ်မှပင် အပြစ်ရှိဟန်မပြပဲ တည်ငြိမ်စွာ ဆိုလိုက်သည်။ 


လင်းလော့ချင်းက သူ့အသံကို ကြားကာ အနည်းငယ်မျှပင် စိတ်မဆိုးပါချေ။ ဤသည်က အထောက်အပံ့တိုင်ကြီးတစ်ခုဖြစ်သည်။ သူက ထိပ်တန်း မင်းသားတစ်ဦးလည်း ဖြစ်သည်။ သူက မာနကြီးရန် အရည်အချင်း ရှိပေသည်။


သူက စုထုံကို အပြုံးတစ်ခုနှင့် ကြည့်လိုက်ပြီး နွေးထွေးသော အသံဖြင့် ဆိုလိုက်သည်။

"ရပါတယ်... ကားလမ်းပိတ်နေတာကို ဘယ်တတ်နိုင်မှာလဲ... ထိုင်ပါဦး..."


စုထုံက ပြန်ဖြေကာ ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်ပြီးနောက် နေကာမျက်မှန်ကို ချွတ်လိုက်သည်။


သူမျက်မှန်ချွတ်လိုက်သည့် အခိုက်အတန့်တွင် သူ့၏ လှပသော မျက်လုံးအစုံက ပေါ်လာပေသည်။ ထိုအချိန်မှသာ လင်းလော့ချင်းက အပြင်မှ လူအစစ်မှာ webပေါ်တွင် သူတွေ့ရသည့် ဓာတ်ပုံထက် များစွာချောမောသည်ကို သိရှိသွားလေသည်။ ဤရုပ်ရည်နှင့်ဆိုပါက သူနာမည်ကြီးလာသည်မှာ အံ့ဩဖွယ် မရှိတော့ပါချေ။


"မင်းဘာသောက်ချင်လဲ..."

လင်းလော့ချင်းက မေးလိုက်သည်။

"လက်ဘက်ရည်လား... ကော်ဖီလား..."


"အဲ့ဒါဆို ကော်ဖီပေးပါ..."


လင်းလော့ချင်းက အဲလစ်အား ကော်ဖီတစ်ခွက် ယူလာခိုင်းလိုက်သည်။ ထိုအချိန်မှသာ သူက လျင်မြန်စွာ ဆိုလိုက်လေသည်။


"စာချုပ် ထပ်ချုပ်ဖို့အတွက် မင်းမှာ ဘာတောင်းဆိုစရာတွေ ရှိလဲ..."


စုထုံက ပြုံးကာဆိုလိုက်သည်။

"စာချုပ်ထပ်ချုပ်ချင်တယ်လို့ ငါမိပြောလို့လား..."


စုထုံက ၄င်းကို ဆိုလိုက်သည့်အခါ လင်းလော့ချင်းမှာ ရှင်းမပြတတ်သော စိတ်အေးချမ်းမှုတစ်ခု ရရှိသွားလေသည်။ 


သူက ချန်လီဝေ့နဲ့ စကားပြောပြီးပြီဆိုတာ အသေအချာပဲ...


"အဲ့တော့ မင်းက စာချုပ်ထပ်မချုပ်ချင်ဘူးလား..."


လင်းလော့ချင်းမှာ ညင်သာကာ တည်ငြိမ်သော အမူအရာ ရှိနေဆဲ ဖြစ်လေသည်။ 


"ငါအခုထိ မဆုံးဖြတ်ရသေးဘူး..."


"ဘာလို့လဲ..."


စုထုံက သူ့ကိုကြည့်ကာ မေးထောက်ထားလိုက်လေသည်။


ဤသည်မှာ သူ လင်းလော့ချင်းနှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ခြင်း ဖြစ်သည်။ သူက ဤလင်းလော့ချင်းအား သူ ကျိယွီရှောင်နှင့် လက်ထပ်ထားသည့်အချိန်မှစကာ သိနေခြင်း ဖြစ်ပေသည်။ 


သို့သော် ကျိယွီရှောင်၏ လက်ထပ်ခြင်းမှာ အလွန်အလောတကြီး ပြုလုပ်ခဲ့ခြင်းဖြစ်ပေသည်။ သူက လင်းလော့ချင်းအား မည်သည့် နားလည်မှုမှ မရှိခဲ့၍ ကျိယွီရှောင် အဘယ့်ကြောင့် အစောအလျင် လက်ထပ်လိုက်သည်ကို ပို၍ နားမလည်နိုင် ဖြစ်ခဲ့ပေသည်။ 


သူနှင့် ကျိယွီရှောင်၏ ဆက်ဆံရေးမှာ သာမန်သာဖြစ်သည်။ သို့သော် သူနှင့် ကျိယွီလင်း၏ ဆက်ဆံရေးကြောင့် သူက ကျိယွီလင်း၏ ညီလေးကို ပို၍ အာရုံစိုက်မိပေသည်။ အထူးသဖြင့် ကျိယွီလင်း ကွယ်လွန်ကာ ကျိယွီရှောင်၏ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားသည့် အချိန်တွင် ဖြစ်သည်။


စုထုံကိုယ်တိုင်သည်လည်း ထိတ်လန့်ကာ နာကျင်ခဲ့ရပေသည်။ သူက ထိုသတင်းမှာ လက်ခံရန် ခက်ခဲသည်ကို တွေ့လိုက်ရ၏။ သူက မတော်တဆမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ရသည့် ကျိယွီရှောင်မည်သို့ ခံစားရမည်ကို စိတ်ကူးကြည့်နိုင်သည်။ 


ထိုအခြေအနေများအောက်တွင် သူက သူတစ်ခါမှပင် မကြားဖူးသည့် လင်းလော့ချင်းကို အစောတလျင် လက်ထပ်လိုက်သည်။ ၄င်းက အမှန်ပင် ထူးဆန်းလှသည်။


ပိုမို နားလည်ကြသောသူများက ၄င်းမှာ အချစ်ကြောင့်ဟု ဆိုကြသည်။ ကျိယွီရှောင်က အချစ်စစ်နှင့် တွေ့သွားသည်ဟု ဆိုကြသည်။ ယခုတွင် ကျိယွီရှောင်မှာ အလွန်ပြိုလဲနေသည်။ သူက သူ့၏ အဆိုးဆုံးအခြေအနေတွင် သူ့အားပြန်ချစ်သော ပုဂ္ဂိုလ်အား သူ့၏ ကွန်းခိုရာအဖြစ် ဆက်ဆံနေကာ အချစ်ကြောင့် အမြင်ကွယ်သွားလေပြီ။ 


စုထုံက စိတ်ရှုပ်ထွေးနေမိသော်လည်း ထိုသို့ ပြောခဲ့သည့် လူက တုံးအသည်ဟု သူခံစားရသည်။ သူတို့ပြောနေသည်မှာ ကျိယွီရှောင်ဖြစ်သည်။ 


အဲ့ဒါက ကောင်းကင်ဘုံရဲ့ ချစ်သားလေး ကျိယွီရှောင်လေ... သူ့အစ်ကိုဆုံးသွားပြီး သူ့တူကို ဘယ်လိုမျိုး ကောင်းကောင်းပျိုးထောင်မယ်လို့ စဉ်းစားမဲ့အစား သူက တကယ်ကြီး စိတ်ဓာတ်ပျက်ပြားဖို့ အချိန်ရှိပါ့မလား... သူတို့က ဘယ်သူ့ကို သွားနောက်နေတာလဲ...


စုထုံမှာ ဤကိစ္စသည် ကြည့်ရသလောက် မရိုးရှင်းသည်ကို ခံစားမိလိုက်၏။ သို့သော် သူကျိယွီရှောင်အား မေးသည့်အခါ ကျိယွီရှောင်က ဘာမှမဟုတ်ဟုသာ ပြန်ဖြေခဲ့သည်။ သူက သူ့၏ စွမ်းအင်ကို ထပ်မံ မဖြုန်းတီးချင်ရုံသာ ဖြစ်သည်။ ၄င်းက သူက အမှန်တကယ်ပင် သူ့ကိုယ်သူ လက်လျော့လိုက်ပုံရသည်။ 


စုထုံက နားမလည်ခဲ့ပေ။ သို့သော် သူသေချာ တွေးကြည့်

လေလေ တစ်ခုခုက မှားယွင်းနေသည်ကို ပိုခံစားမိလာလေလေဖြစ်ပေသည်။


ထို့နောက် သူက နောက်ပိုင်းအခြေအနေများကို တွေးတောကာ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလေသည်။


 မတော်တဆမှုသာ တကယ့်မတော်တဆမဟုတ်ပါက... အရာရာက ဆက်စပ်နေပေသည်။