Chapter 109
ကျိယွီရှောင်က သူ့ကို ချော့လိုက်သည်။
" နောက်နှစ် သား အတန်းသစ်တက်ရင် ကိုကိုနဲ့ ကျောင်းတူတူတက်လို့ ရပြီလေ..."
သူက ဘယ်လိုလုပ် နောက်နှစ်ထိ စောင့်နိုင်မှာလဲ...
သူက နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။
"စောစောထလို့ မရဘူးလား...ကိုကိုသာ စောစောထရင် သားနဲ့ကျောင်းတူတူ သွားလို့ ရတယ်လေ..."
ကျိယွီရှောင် ပြုံးလိုက်သည်။
"ဘာလို့ အဲ့လို ပြောရတာလဲ...သားကိုကိုကလည်း ကလေးပဲလေ...သားက အိပ်ရတာကြိုက်တယ်မလား...သားကိုကိုကလည်း ကြိုက်မှာပေါ့...သူကဘာလို့ သားကိုကျောင်းလိုက်ပို့ဖို့ စောစောထရမှာလဲ..."
ကျိလဲ့ယွီ လက်မခံနိုင်ပေ။
သူက လင်းဖေးနဲ့ ကျောင်းတူတူသွားတာ ကြာနေပြီ...ပြီးတော့ ဒီရက်ပိုင်း သူက ကျောင်းသွားရပြီး လင်းဖေးက ကျောင်းမသွားရဘူး...အခု လင်းဖေး ကျောင်းသွားရတော့လည်း သူနဲ့မဟုတ်ဘူးတဲ့လား...
ကျိလဲ့ယွီ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် တစ်ခုခုကို တွေးမိသွားပြီး ကျိယွီရှောင်ကို မေးလိုက်သည်။
"သားက နောင်နှစ်မှ တစ်တန်းတက်ရမှာလား...ဒီနှစ်တက်လို့ မရဘူးလား...သား ကိုကိုနဲ့တူတူကျောင်းတက်လို့ မရဘူးလား..."
"သား ဘယ်လို တွေးနေတာလဲ...သားက သူငယ်တန်းပဲ ရှိသေးတဲ့ဟာ...ဘယ်လိုလုပ် တစ်တန်း တက်မှာလဲ...နောက်နှစ် သူငယ်တန်းပြီးသွားတော့မှ တစ်တန်းတက်နိုင်မှာ...ဒီနှစ် မဟုတ်ဘူး...နောက်နှစ်ပဲ..."
"ဒီနှစ် တက်လို့ မရဘူးလား..."
"မရဘူး...သားစာသင်နှစ်က ကျန်သေးတယ်...ပြီးတော့ သားကိုကိုနဲ့တခြားလူတွေကလည်းစာသင်နှစ်တစ်၀က်လောက် ရောက်နေပြီ...သားက စာလုပ်ခဲ့တာ မဟုတ်ဘူး...ဘယ်လိုလုပ် အဲ့ဒါတွေကို လိုက်မှီနိုင်မှာလဲ..."
"သား အမှီလိုက်နိုင်တယ်..."
ကျိလဲ့ယွီ ကျိန်ပြောလိုက်သည်။
သို့သော် ကျိယွီရှောင်က မယုံပေ။
"သားပြန်လာရင် စာမလုပ်ချင်ဘူးမလား...အဲ့တော့ သူငယ်တန်းမှာပဲ လိမ်လိမ်မာမာနေနေသင့်တယ်..."
သူက ကျိလဲ့ယွီကို ဖြောင်းဖြလိုက်၏။
"မူလတန်းတက်ရင် အိမ်စာအများကြီး လုပ်ရမှာ...ကျောင်းကလည်း စောစောတက်ရပြီး နောက်ကျမှ ဆင်းရမှာ...သူငယ်တန်းမှာပဲ အေးအေးဆေးဆေးနေပါ..."
သို့သော် မူလတန်းတွင် လင်းဖေး မရှိပေ။
သူငယ်တန်းတွင်လည်း လင်းဖေးမရှိပေ။
"အဲ့တော့ ...."
ကျိယွီရှောင် ကျိလဲ့ယွီခေါင်းလေးကို ထိလိုက်သည်။
"သူငယ်တန်းသာ ကောင်းကောင်းတက်နေ...နောက်နှစ်ကျရင် သား ကိုကိုနဲ့ကျောင်းတူတူသွားရမယ်..."
ကျိလဲ့ယွီက ကျိယွီရှောင်ကို ပွေ့ဖက်လိုက်သော်လည်း နှလုံးသားထဲတွင် ၀န်လေးနေလေသည်။
သူ လင်းဖေးနှင့် ညဘက်အတူ ရေချိုးစဉ် ထိုကိစ္စ ထပ်ပြောလိုက်သည်။
"သား တစ်တန်း တက်လို့ မရဘူးလား...နောက်နှစ်မှ တက်ရမှာလား...စောစော တက်လို့မရဘူးလား..."
လင်းဖေးက ဆပ်ပြာတိုက်လိုက်ပြီး ကျိလဲ့ယွီကို ဖြောင်းဖြလိုက်သည်။
"မင်း တစ်တန်းစာတွေကို လိုက်မှီမှာ မဟုတ်ဘူး..."
"သား အမှီလိုက်နိုင်တယ်...သေချာပေါက် အမှီလိုက်နိုင်တယ်..."
လင်းဖေးက ကျိလဲ့ယွီလက်မောင်းကို ဆွဲကာ ဆပ်ပြာတိုက်ပေးလိုက်သည်။
"ကလေးလေး...သူငယ်တန်းသာ အေးဆေးသွား..."
"ဒါပေမဲ့ သားတို့ ကျောင်းတူတူသွားလို့ မရတော့ဘူးလေ..."
"ငါတို့ အရင်ကလည်း တူတူသွားခဲ့တာမှ မဟုတ်တာ..."
"မတူဘူးလေ...အဲ့တုန်းက သားတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြသေးလို့လေ..."
သူက ကျိလဲ့ယွီခန္ဓာကိုယ် အထက်ပိုင်းကို ဆပ်ပြာတိုက်ပေးလိုက်ပြီး ပွေ့ဖက်ပေးလိုက်သည်။
"အဆင်ပြေပါတယ်...နောက်နှစ် တူတူသွားရမှာပဲ..."
ကျိလဲ့ယွီက လင်းဖေး၏တည်ငြိမ်နေသော၊ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ ရုတ်တရက် ဒေါသထွက်လာလေသည်။
"မင်းက ငါနဲ့ကျောင်းတူတူ မတက်ချင်ဘူးလား..."
"ငါက အရင်ကလည်း တစ်ယောက်တည်းတက်နေကြ...အဖော်မလိုဘူး..."
ကျိလဲ့ယွီ :"!!!"
"ဟုတ်လား...အဖော်မလိုဘူးပေါ့...မင်းက ငါမပါဘဲ တစ်ယောက်တည်း နေနိုင်တယ်ပေါ့..."
လင်းဖေးက ကျိလဲ့ယွီ အဘယ်ကြောင့် ရုတ်တရက်ဒေါသထွက်သွားလဲ နားမလည်နိုင်သော်လည်း ထုံးစံအတိုင်း ကျိလဲ့ယွီခေါင်းကို ထိကာ ချော့လိုက်သည်။
"လိမ္မာလိုက်တဲ့ ကောင်လေး..."
ကျိလဲ့ယွီက လင်ဖေးလက်ကို ဆွဲဖယ်လိုက်၏။
"မင်းက ငါမပါဘဲ ကျောင်းသွားနိုင်တယ်ပေါ့..."
လင်းဖေး ခေါင်းညိတ်လိုက်သည်။
သူက တစ်ယောက်တည်း ကျောင်းသွားနိုင်တယ်...
ကျိလဲ့ယွီက လင်းဖေး၏အမူအရာကို မြင်သောအခါ စိတ်မသက်မသာဖြစ်လာလေသည်။
ဘာလို့လဲ...
သူ့ကို သဘောကျပြီး ကောင်းကောင်းဆက်ဆံတဲ့လူတွေ အများကြီးပဲ...အခု သူက လင်းဖေးကို အရမ်းသဘောကျတယ်လေ...ဘာလို့ လင်းဖေးက သူ့ကို မလိုအပ်ရတာလဲ...
သူ့အဖေနဲ့အမေက သူက ကောင်းပြီး အလိမ္မာဆုံးကလေးလို့တောင် ပြောကြတယ်...
သူက ကျိယွီရှောင်အပေါ် ကောင်းပြီး ကျိယွီရှောင်ကလည်း သူ့အသက်ကို ကာကွယ်ပေးဖို့တောင် ဆန္ဒရှိခဲ့တယ်လေ...
လင်းလော့ချင်းတောင်မှ သူ့ကို နမ်းပြီးမှ အလုပ်သွားတဲ့ဟာ...
လင်းဖေးကရော...
လင်းဖေးက ဘာလို့ သူ့ကို မလိုအပ်ရတာလဲ...
ကျိလဲ့ယွီက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီးရေချိုးကန်ထဲမှ ထွက်၍ ရေပန်းအောက်တွင် ဆပ်ပြာမြှုပ်များကို ဆေးကြောလိုက်သည်။ထို့နောက် ပဝါကိုယူကာ ခန္ဓာကိုယ်ကို ပတ်၍ အခန်းထဲမှ ထွက်သွားလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီ၏မပျော်ရွှင်သော အမူအရာကို မြင်သောအခါ စိတ်ရှုပ်သွား၏။
ဘာဖြစ်သွားတာလဲ...
ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာလဲ...
ကျောင်းတူတူ မတက်ရလို့လား...
လင်းဖေးက ကူရာမဲ့သွားပြီး ရေပန်းအောက်တွင် ရေချိုးလိုက်ပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။
ကျိလဲ့ယွီက သူ့အခန်းထဲတွင် မရှိပေ။
သူ့အခန်းသူ ပြန်သွားတာများလား...,ကြည့်ရတာ ကျိလဲ့ယွီက တကယ်ဒေါသထွက်နေပုံပဲ...
သူက ညအိပ်၀တ်စုံကို ၀တ်လိုက်ပြီး ကျိလဲ့ယွီအခန်းဆီ သွားလိုက်ကာ တံခါးကို ဖွင့်၍ အခန်းထဲ ၀င်သွားလိုက်သည်။
ကျိလဲ့ယွီက ကုတင်ပေါ်တွင် ထိုင်ကာ ညအိပ်၀တ်စုံ လဲပြီးဖြစ်လေသည်။ သူက လင်းဖေး၀င်လာသည်ကို မြင်သောအခါ ရက်စက်စွာ ပြောလိုက်သည်။
"ဘာလို့ ၀င်လာတာလဲ...ထွက်သွား..."
လင်းဖေးက အိပ်ရာဆီသို့ လျှောက်သွားလိုက်သည်။ ကျိလဲ့ယွီက တကယ့်ကို ကြည့်ကောင်းပြီး ဒေါသထွက်နေလျှင်ပင် ချစ်စရာကောင်းလေသည်။
"စိတ်မဆိုးပါနဲ့..."
လင်းဖေး ချော့လိုက်သည်။
"ငါ မနက်စောစောထပြီး ဦးလေးလော့နဲ့အတူမင်းကို ကျောင်းလိုက်ပို့မယ်...ပြီးမှ ငါ့ကျောင်းသွားမယ်လေ..."
“မလိုဘူး...မင်း ငါ့အတွက် စိတ်ပူနေစရာ မလိုဘူး...ထွက်သွား..."
ကျိလဲ့ယွီက လင်းဖေးကို တွန်းလိုက်သည်။
လင်းဖေး :"..."
ကျိလဲ့ယွီက ကလေးဆန်လိုက်တာ...သူထက် ငယ်တော့ ကလေးဆန်တာ ပုံမှန်ပါပဲ...
လင်းဖေးက သူ့ကို တွန်းနေသည့် ကျိလဲ့ယွီလက်ကို ဆုပ်ကိုင်လိုက်ပြီး ကျိလဲ့ယွီကို ပွေ့ဖက်လိုက်ကာ ခေါင်းလေးကို ထိလိုက်သည်။
"လိမ္မာတယ်..."
"ငါက မလိမ္မာဘူး..."
ကျိလဲ့ယွီက လင်းဖေးကို ထပ်မံတွန်းလိုက်သည်။
သို့သော် သူက လင်းဖေးလောက် မသန်မာသည့်အတွက် အချိန်အတော်ကြာသည့်အထိ လင်းဖေးကို မတွန်းနိုင်ခဲ့ပေ။ ထို့ကြောင့် သူက ပိုမို ဒေါသထွက်လာလေသည်။
"မင်းက င့ါကို မလိုအပ်ဘဲနဲ့ ဘာလို့ ငါ့ကို လာချော့နေတာလဲ...ထွက်သွား..."
နောက်ဆုံးတွင် လင်းဖေးက ကျိလဲ့ယွီအဘယ်ကြောင့် ဒေါသထွက်သွားသည်ကို နားလည်သွားလေသည်။
"ငါ မင်းကို တကယ်မလိုအပ်ဘူး...ငါ ကျောင်းကို တစ်ယောက်တည်း သွားနေကျ..."
"ငါ သိတယ်...ငါ မင်းနဲ့အတူ မသွားရတာ အရမ်းအဆင်ပြေတယ်...ငါက သူငယ်တန်း သွားတက်မယ်...မင်းက တစ်တန်း သွားတက်ပေါ့...အိုကေ..."
ကျိလဲ့ယွီ ဒေါသထွက်စွာ ပြောလိုက်သည်။
"မင်း စိတ်ဆိုးနေတုန်းလား..."
"ငါက ဘာလို့ စိတ်ဆိုးရမှာလဲ..."
လင်းဖေး :"..."
အရမ်းကောင်းတယ်...အခုတော့ ပိုတောင် လိမ်တတ်နေပြီ...
"မင်း ငါနဲ့တူတူ တက်ချင်လို့လား..."
"မတက်ချင်ပါဘူး...ဘယ်သူက မင်းနဲ့အတူ တက်ချင်မှာလား...မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ...ငါ့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်...သူတို့က ငါ့ကို လိုအပ်တယ်..."
'ဟုတ်တယ်...ငါက အရမ်းနာမည်ကြီးတာပဲ...သူငယ်တန်းက ယောကျာ်းလေးတွေက ငါ့ကို ကြိုက်သလို မိန်းကလေးတွေကလည်း ငါ့ကို ကြိုက်တယ်...ဘာလို့ လင်းဖေးနဲ့ ကျောင်းအသစ်ကို အတူသွားတက်ရမှာလဲ...မသွားဘူး...ငါက သူငယ်တန်းမှာ ဘုရင်ပဲ...,အရူးတွေသာ တစ်တန်းသွားတက်မှာ...'
လင်းဖေးက ကျိလဲ့ယွီ၏ပါးလေးကို ထိလိုက်၊ ခေါင်းလေးကို ထိလိုက် လုပ်နေသော်လည်း ကျိလဲ့ယွီက ရှောင်တိမ်းနေလေသည်။ ထို့ကြောင့် ကျိလဲ့ယွီ၏ခေါင်းကို ဖိထားလိုက်ပြီး ကျိလဲ့ယွီက လင်းဖေးကို စိုက်ကြည့်နေရုံမှအပ ဘာမှ မတတ်နိုင်တော့ချေ။
လင်းဖေးက ကျိလဲ့ယွီပါးလေးကို ဖိလိုက်ပြီး နူးညံ့စွာ ပြောလိုက်၏။
"စိတ်မဆိုးပါနဲ့...ငါက မင်းနဲ့အတူ မတက်ချင်လို့ မဟုတ်ဘူး...မင်း စာတွေအမှီမလိုက်နိုင်မှာကို စိုးရိမ်လို့ပါ...ကျောင်းက စာသင်နှစ်တစ်၀က် ရောက်နေပြီလေ...မင်းက အခုထိ တက်တောင် မတက်ရသေးဘူး...."
"မင်း ငါ့ကို သင်ပေးလို့ရတာပဲ...မင်းက အဆင့်တွေ ကောင်းတယ်လေ...စာအုပ်တွေလည်း အများကြီး ဖတ်တာပဲ...ငါ့ကို မသင်ပေးနိုင်ဘူးလား..."
လင်းဖေး ယင်းကို မမျှော်လင့်ထားပေ။
သူက အမြဲ အခြားလူများနှင့် ကင်းကင်းနေလေ့ရှိပြီး အတန်းဖော်များနှင့်ပင် မေးထူးခေါ်ပြောဆက်ဆံရေးသာ ရှိလေသည်။ သူ့အဆင့်များ ကောင်းနေလျှင်ပင် မည်သူမှ သူ့ကို စာလာမမေးကြပေ။ သူကလည်း တစ်စုံတစ်ယောက်ကို ပြန်လည်သင်ကြားပေးရန် အသိမရှိခဲ့ပေ။
ကျိလဲ့ယွီက သူ့ခေါင်းထက်မှ လင်းဖေးလက်ကို ဖယ်လိုက်တာ လင်းဖေးကို မကြည့်တော့ပေ။
လင်းဖေးက ကျိလဲ့ယွီမျက်နှာကို အချိန်အတော်ကြာ ညှစ်ထားလိုက်ပြီး အနည်းငယ်နီရဲလာလေသည်။
ကျိလဲ့ယွီက နှင်းသဖွယ် ဖြူဖွေးသောကြောင့် ယခုပုံစံက စတိုးဆိုင်ပြတင်းပေါက်မှ လှပသော အရုပ်လေးသဖွယ် ဖြစ်နေလေသည်။
အခု အရုပ်လေးက စိတ်တိုနေတယ်...
လင်းဖေးက ကျိလဲ့ယွီပါးကို နမ်းရန် အနားကပ် သွားလိုက်သည်။
ကျိလဲ့ယွီ: "!!!"
ကျိလဲ့ယွီ၏မျက်လုံးများက ပြူးကျယ်သွားပြီး လင်းဖေးကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
"ငါ့ရှုရှုက ငါ သူ့ကို နမ်းရင် ပျော်တယ်တဲ့...ငါ အခု မင်းကို နမ်းတယ်...မင်း ပျော်လား..."
ကျိလဲ့ယွီ :"..."
သူ ပျော်တယ်...
သို့သော် သူက ပျော်ရွှင်သည့်အရိပ်အယောင်များကို ဖိနှိပ်ထားလိုက်သည်။
သူက အခု စိတ်ဆိုးနေတုန်းပဲ...ပျော်လို့ မရဘူး...
ကျိလဲ့ယွီက ခေါင်းကို မော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
"နောက်တစ်ဖက်ကို ထပ်နမ်းပေး..."
လင်းဖေးက မငြင်းဆန်ပေ။ သူက ကျိလဲ့ယွီ၏အခြားပါးတစ်ဖက်ကို နမ်းပေးလိုက်သည်။
ကျိလဲ့ယွီ ပျော်ရွှင်သွားသည်။
"ငါပြောတာက ဒီဘက်ပါး..."
'အခုပဲ စောစောကပဲ အဲ့ဘက်ကို နမ်းခဲ့တာလေ...'
သို့သော် သူ ကျိလဲ့ယွီကို လေးနက်စွာ နမ်းလိုက်၏။
ကျိလဲ့ယွီ :"နောက်တစ်ဖက်ရောပဲ..."
လင်းဖေး : "ဒါ နောက်ဆုံးတစ်ခေါက်ပဲ..."
ကျိလဲ့ယွီက မကျေနပ်သောကြောင့် ပါးဖောင်းလာပြန်သည်။
လင်းဖေးက တစ်ဖက်လူ၏ဖောင်းကားနေသော ပါးကို ထပ်နမ်းလိုက်သည်။
ကျိလဲ့ယွီက လင်းဖေး ဤသို့ နမ်းလာလိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် ကြောင်အစွာ ကြည့်နေလေသည်။
သူက တကယ့်ကို ချစ်စရာကောင်းတယ်...
လင်းဖေးက ကျိလဲ့ယွီခေါင်းလေးကို ထပ်ထိလိုက်သည်။
"စိတ်မဆိုးနဲ့တော့...လိမ္မာတယ်..."
"ဒါဆို ကိုကို သားနဲ့ အတူ ကျောင်းတက်ချင်လား..."
ကျိလဲ့ယွီက မေးလိုက်သည်
လင်းဖေးက အဖော်မလိုခဲ့ပေ။ သို့သော် သူ ကျိလဲ့ယွီကို မြင်သောအခါ ကျိလဲ့ယွီက သူနှင့်ကျောင်းအတူတက်ချင်နေသည်ကို ခံစားမိလေသည်။
သူ သေချာနားမလည်သော်လည်း ကလေးအများစုက သူငယ်ချင်းဖွဲ့ရခြင်းကို နှစ်သက်ကြပေသည်။ အတန်းထဲက မိန်းကလေးများက အိမ်သာကိုပင် အတူသွားလေ့ရှိသည်။ ကျိလဲ့ယွီက မိန်းကလေး မဟုတ်ပေ။ သို့သော် သူ့ကို တွယ်ကပ်ပြီး သူနှင့်ကျောင်းတူတူ တက်ချင်နေလေသည်။
သူ့ရင်ထဲရှိ ကျိလဲ့ယွီနေရာတွင် အစားထိုးနိုင်မည့်သူ ရှိလာမည်မဟုတ်ချေ။ သူက အေးစက်တိတ်ဆိတ်ပြီး အခြားလူများနှင့် စကားပြောရန် ပျင်းရိလေသည်။
ကလေးများကြားတွင် သူက ကျိလဲ့ယွီအတွက်သာ လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ငါးကလေး ကျိလဲ့ယွီက ပိုက်ကွန်ကို ဖြတ်၍ သူ့ထံ ကူးခတ်လာနိုင်ခြင်းဖြစ်သည်။ သူက ကျိလဲ့ယွီအပေါ် ထပ်ခါထပ်ခါ သည်းခံခဲ့ပြီး ကျိလဲ့ယွီ၏မျက်နှာအစစ်ကိုလည်း အခြားလူများ မမြင်အောင် ကူဝှက်ပေးခဲ့လေသည်။
သူက ကျိလဲ့ယွီကို အခြားလူများအပေါ် ဆက်ဆံသည်ထက် ပို၍ နူးညံ့စိတ်ရှည်စွာ ဆက်ဆံလေသည်။
"ဒါဆို မင်း ငါ့စကားနားထောင်ရမယ်...မင်း တစ်တန်းကို ရက်နည်းနည်းတက်ကြည့်လို့မှ ခက်ခဲတယ်လို့ ခံစားလာရရင် သူငယ်တန်းပြန်ဆင်းရမယ်...."
"ဘယ်လိုလုပ် ခက်ခဲမှာလဲ...သားလုပ်နိုင်မှာ သေချာတယ်..."
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။
"အဲ့လိုဖြစ်ဖို့ မျှော်လင့်တယ်..."
"ဒါဆို ဒယ်ဒီကို သွားပြောပေး...ကိုကို သားနဲ့ကျောင်းတူတူတက်ချင်တယ်လို့ သွားပြောပေး..."
လင်းဖေး :"..."
"ဘာလို့ ငါသွားပြောရမှာလဲ...မင်း သွားပြောလို့ မရဘူးလား..."
"သားပြောရင် သူက သေချာပေါက် သဘောမတူလောက်ဘူး..."
ကျိလဲ့ယွီက သနားချင့်စဖွယ် ပြောလိုက်သည်။
လင်းဖေး : “……”
လင်းဖေး ပြောရန် ရှက်ရွံ့လေသည်။
သူက လတ်တလောတွင် ကျိယွီရှောင်နှင့်ဆက်ဆံနေပြီး သွေးသားမတ်ောစပ်သည့်ကိစ္စကိုပင် မခံစားရတော့ချေ။ သို့သော် ကျိယွီရှောင်က ဤကိစ္စကို ငြင်းဆန်ပြီးသားဖြစ်ပြီး သူ ထပ်ပြောလျှင် ကျိယွီရှောင်မပျော်မရွှင် ဖြစ်သွားနိုင်ပေသည်။
ကျိလဲ့ယွီက တိတ်ဆိတ်နေသော လင်းဖေးကို ကြည့်ကာ မေးလိုက်သည်။
"မပြောရဲဘူးလား..."
''ငါက မင်းဒယ်ဒီကို မပျော်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ...ငါ သူ့ကို အဲ့လိုမဖြစ်စေချင်ဘူး..."
မဟုတ်ရင် သူက ကျိယွီရှောင်ကို ချော့နေရဦးမှာပေါ့...
ကျိလဲ့ယွီ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ ကျိယွီရှောင်ကို ပျော်ရွှင်စေချင်လေသည်။ သို့သော် သူ လင်းဖေးနှင့်လည်း ကျောင်းအတူ တက်ချင်လေသည်။
ကျိလဲ့ယွီက မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီး ခဏကြာပြီးနောက် ရုတ်တရက် အကြံတစ်ခုရလာလေသည်။
"ပါးပါးကို ပြောကြမယ်လေ...သူက ဒယ်ဒီကို ပြောပေးလိုက်မယ်..."
လင်းဖေး :"ဟမ်..."
ကျိလဲ့ယွီ မျက်လုံးများက တောက်ပနေ၏။
"သား တစ်ခုခု လိုချင်တုန်းက အဖေသဘောမတူမှာကို ကြောက်လို့ အမေ့ကို ပြောဖူးတယ်...အမေသဘောတူရင် အဖေလည်း သဘောတူတာပဲ..."
“အဖေက အမေ့စကားကို နားထောင်တယ်...ပါးပါးက အမေမဟုတ်ဘဲ အဖေဖြစ်ပေမဲ့ ဒယ်ဒီက ပါးပါးစကားကို နားထောင်မှာပဲ...ဘာပဲပြောပြော ပါးပါး
နှစ်ယောက်လုံးက လူကြီးတွေပဲလေ..."
လင်းဖေး :"..."
ရပါ့မလား...
ကျိလဲ့ယွီက လင်းဖေးကို မှီလိုက်ကာ ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည်။
"သွားပြီး ပါးပါးနဲ့စကားပြော...ဒါမှမဟုတ် သားတို့ အတူတူပြောကြမလား..."
လင်းဖေးက ကျိလဲ့ယွီ၏ချစ်စရာကောင်းသော မျက်နှာလေးကို ညှစ်လိုက်၏။
"အိုကေ..."
လင်းလော့ချင်းက သဘောတူပါ့မလား မသိဘူး...