အပိုင်း ၁၀၃
Viewers 43k

Chapter 103




လင်းဖေး သူ့ကိုကြည့်ရင်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။ 


“ကောင်းပြီ … ငါမင်းနဲ့တူတူ မနက်စာစားပေးမယ်လေ … ” သူက စောင်ကိုမကာ အိပ်ရာထလိုက်၏။ 


“ကိုကိုက ကျောင်းသွားစရာမှ မလိုတာ …” ကျိလဲ့ယွီ မတရားသလို ခံစားရဆဲပင်။ 


“မနေ့က ကျောင်းကိုချစ်တယ်ဆိုပြီး ဘယ်သူပြောခဲ့တာပါလိမ့် … ” လင်းဖေး သူ့ကိုမေးလိုက်၏။ 


ကျိလဲ့ယွီ “……”


ဒီလို အဓိပ္ပာယ်မရှိတာကို ဘယ်သူက ယုံမှာလဲ … 


သူယုံသွားတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား … 


ကျိလဲ့ယွီ နှာခေါင်းရှုံ့လိုက်ပြီး ရေချိုးခန်းထံ လျှောက်သွားလိုက်၏။ သူက သွားတိုက် မျက်နှာသစ်ကာ အဝတ်လဲပြီးနောက် လင်းဖေးနှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ 


လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့ အိပ်ရာထနောက်ကျနေကြသည်။ 


လင်းလော့ချင်းက နှိုးစက်ပေးရန် မေ့သွားခဲ့ပြီး ကျိယွီရှောင်သည်လည်း အကြာကြီးနေမှ ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ခြင်း ဖြစ်၏။ 


မိသားစုလေးဦးထဲတွင် သူတစ်ဦးထဲသာ စောစောထ၍ ကျောင်းသွားရန် လိုအပ်ကြောင်း သိလိုက်ရသည့်နောက် ကျိလဲ့ယွီ ပို၍ပင် ရှော့ခ်ရသွား၏။ သူ မနက်စာပင် မစားချင်တော့။


ဘယ်လိုတောင် ခံစားရခက်တာလဲ .. 


သူ ဘာများမှားလို့လဲ … 


လင်းဖေး သူ့ကိုကြည့်ရင်း မျက်ခုံးပင့်လိုက်မိပြီး ကျိလဲ့ယွီမှာ ချစ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။


သူက ကျိလဲ့ယွီအား ကျောပိုးအိတ် ကူညီပြင်ဆင်ပေးခဲ့ပြီး ကျကျနန လွယ်ပေးလိုက်သည်။ ထို့နောက် ခေါင်းကလေးကို ပုတ်ကာ ပြောလိုက်၏။


 “ဝမ်းနည်းမနေပဲ ကျောင်းသွားတော့နော် … လိမ္မာတယ် ...”


ကျိလဲ့ယွီ “……”


သူသည် အလွန်သနားစရာကောင်းသည်ဟု ကျိလဲ့ယွီ ခံစားလိုက်ရသည်။ 


လင်းဖေး သူ့ကိုဖက်လိုက်၏။ “သွားတော့နော် … ”


“ကိုကို သားကို စောင့်နေမှာလား … ” ကျိလဲ့ယွီက ရေနည်းငါးလေးသဖွယ် ပြုမူနေ၏။


လင်းဖေး ခေါင်းညှိတ်လိုက်သည်။ 


“ဒါပေါ့ … ”


ကျိလဲ့ယွီ တွန့်ဆုတ်စွာ ထွက်ခွာသွား၏။ 


ကျိလဲ့ယွီ တစ်ဦးထဲ တွေ့လိုက်ရသဖြင့် လော့ကျား အံ့အားသင့်သွားသည်။ “ဖေးဖေးရော … ”


ကျိလဲ့ယွီ၏ မျက်ခုံးတန်းကလေးများ စုကျုံ့သွား၏။ “ကိုကိုက ကျောင်းသွားစရာ မလိုသေးဘူး … ကျောင်းပြောင်းမှာမို့လို့ ပြောင်းမယ့်ကျောင်းကို မရွေးရသေးခင်အထိ သူကျောင်းသွားဖို့ မလိုဘူးတဲ့ … ”


လင်းဖေး အဘယ့်ကြောင့် ရုတ်တရက် ကျောင်းပြောင်းရမှန်း လော့ကျား နားမလည်ချေ။ သို့သော် သူက မေးခွန်းထုတ်ခြင်း မပြုခဲ့။ “ဒီလိုလား … ”


“ဦးဦး … သားရော ကျောင်းပြောင်းသင့်တယ် ထင်လား … ” ကျိလဲ့ယွီ သူ့ကိုမေးလိုက်သည်။ 


လော့ကျား “……”


လော့ကျား ကားတံခါးဖွင့်ပေးလိုက်၏။


 “သားက KG ကိုလိမ်လိမ်မာမာနဲ့ သွားရင်ရပြီ … ”


…ဝူး … ဝူး … 


အနာဂတ် ဗီလိန်ကြီးသည် ငိုကြွေးလျှက်ရှိ၏။ ‘ဘာလို့ အားလုံးဒီနေ့ ကျောင်းသွားဖို့ လိုအပ်နေကြတာလဲ …’


လင်းလော့ချင်း နိုးလာချိန်တွင် ကျိလဲ့ယွီ၏ ကျောင်းချိန် ကျော်လွန်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ကျိလဲ့ယွီက ကျောင်းသွားနှင့်ပြီဖြစ်၏။ 


သူက အပြစ်ရှိသလို ခံစားရသဖြင့် ကျိလဲ့ယွီအား ဖုန်းခေါ်လိုက်၏။


“ဆောရီးပါ ရှောင်ယွီရယ် … ပါပါး ခုမှနိုးလာတာ … နောက်တစ်ခါပြန်လာရင် သားကို သေချာပေါက် ကျောင်းလိုက်ပို့ပေးမယ်နော် … ”


ကျိလဲ့ယွီ အပြုံးနှင့် ပြန်ဖြေလိုက်သည်။ “ရပါတယ် … ”


သူက ထပ်မေးလိုက်၏။ “ပါပါးနဲ့ ဒယ်ဒီက ခုမှနိုးတာလား … ”


လင်းလော့ချင်းက ပိတ်ထားသည့် ရေချိုးခန်းထံ အကြည့်ရောက်သွား၏။ သူတို့နှစ်ဦးလုံး နှစ်ခြိုက်စွာ အိပ်မောကျသွားပြီး ယခုမှနိုးလာကြခြင်း ဖြစ်သည်။ “ဟုတ်တယ် … ဆောရီးပါနော် … ”


ကျိလဲ့ယွီ၏ အပြုံးက ပို၍ကျယ်ပြန့်လာသည်။ “ရပါတယ် … ပါပါးရဲ့ … ဒယ်ဒီနဲ့အတူ နေ့လည်စာစားပြီးမှ အလုပ်သွားတော့နော် … ”


“ဟုတ်ပါပြီ … ” ကျိလဲ့ယွီ အလွန်စိတ်ပူတတ်သည်ဟု လင်းလော့ချင်း ခံစားမိလိုက်သည်။ “ဒါဆို ကျောင်းမှာ လိမ်လိမ်မာမာနဲ့ စာလုပ်ခဲ့နော် … ”


“ဟုတ်ကဲ့ …” 


ကျိလဲ့ယွီ သူနှင့်ခဏကြာ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။ 


သူ့နံဘေးတွင် စောင့်နေသည့် ကောင်လေးက နွေးထွေးစွာဖြင့် ဖိတ်ခေါ်လာ၏။ 


“ကျိလဲ့ယွီ … ဆီးဆော စီးရအောင် … ”


ကျိလဲ့ယွီ သူ့ကိုတစ်ချက်ကြည့်ပြီး ထူးမခြားနား ပြန်ဖြေလိုက်၏။ 


“ငါမဆော့ချင်ဘူး … ဟိုဘက်သွားနေ … လာမနှောင့်ယှက်နဲ့ ...”


ထိုအပြုအမူမှာ ဖုန်းပြောစဉ်က ချစ်စဖွယ် အပြုအမူနှင့် အလွန်ကွာခြားလှသည်။ 


လင်းလော့ချင်းက နေ့လည်စာစားပြီးနောက် လင်းဖေးနှင့် ခဏအတူတူရှိပေးလိုက်၏။ ထို့နောက် လင်းဖေး၏ ကျောင်းသို့ ထွက်လာခဲ့သည်။  


ကျောက်လဲ့တွင် နေ့လည်အတန်းချိန်မရှိသဖြင့် သူမက လင်းဖေး၏ ဖိုင်အား ယူလာခဲ့ပေး၏။ “ကျွန်မ ဖေးဖေးရဲ့အတန်းဖော်တွေကို ဖေးဖေးက အဆင့်ကောင်းလို့ တခြားကျောင်းကို ပြောင်းရတယ်လို့ ပြောထားတယ် … ”


“ဟုတ်ကဲ့ ….” လင်းလော့ချင်း ကန့်ကွက်ခြင်းမပြုချေ။ “ကျေးဇူးပါ … ”


“ရပါတယ် … ဖေးဖေးရဲ့ အဆင့်တွေက ဒီလောက်ကောင်းတာ … သူ ခြောက်တန်းလောက် ရောက်တာနဲ့ သူ့ကို တခြားကျောင်းတွေက ကမ်းလှမ်းလာကြမှာပဲ … ”


လင်းဖေး အရွယ်ရောက်လာလေလေ၊ ပို၍ကျော်ကြားလေ ဖြစ်လာမှာပင်။ ယခုမူ သူက အလွန်ငယ်ရွယ်သေး၏။ သူ့တွင် ထူးချွန်သည့် အဆင့်များရှိသော်လည်း လူချမ်းသာ မိသားစုများ၏ ကလေးများနှင့် ယှဉ်ပါက ဘာမှမဟုတ်သေးချေ။


သို့သော် အရွယ်ရောက်လာသည်နှင့်အမျှ လင်းဖေး၏ အဆင့်များ၊ အသွင်အပြင်နှင့် တိတ်ဆိတ်ပြီး အေးစက်သော အကျင့်စရိုက်တို့သည် ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။ သူ့အနာဂတ်က ပို၍ ကောင်းမွန်လာနိုင်၏။ 


“သူ့အတွက် အကောင်းဆုံးတွေပဲ ဖြစ်လာမှာပါ … ” ကျောက်လဲ့က ဆို၏။ 


လင်းလော့ချင်း ပြုံးလိုက်သည်။ “ဟုတ်တယ် … ”


သူက ကျောက်လဲ့ကို နှုတ်ဆက်ပြီးနောက် ကျိလဲ့ယွီအား သွားကြိုရန် ကားတွင်းသို့ ဝင်လိုက်၏။ 


သူက ရှားရှားပါးပါး ပြန်ရောက်လာခြင်း ဖြစ်ပြီး မနက်ခင်းတွင်လည်း အိပ်ရာထနောက်ကျသဖြင့် ကျိလဲ့ယွီအား ကျောင်းလိုက်မပို့နိုင်ခဲ့ချေ။ လင်းလော့ချင်း နောင်တရနေသဖြင့် ပြန်လည်ပြင်ဆင်ချင်မိသည်။ သူက နောက်နေ့မနက်မှ အလုပ်စရမည်ဖြစ်ရာ ကျိလဲ့ယွီအား ကျောင်းကြို၍ ညစာအတူတူစားပြီးမှ အိမ်မှပြန်ထွက်ရန် စဉ်းစားလိုက်၏။  


“ကျွန်တော့်ကို မူကြိုကျောင်းဂိတ်ဝမှာ ချပေးခဲ့နော် … ခင်ဗျားတို့ အရင်သွားနှင့်ပြီးတော့ ရှစ်နာရီလောက်မှ ကျွန်တော့်ကို လာခေါ်ပေးပါ …” 


“နောက်မကျဘူးလား … ” ဝူရှင်းယွမ် စိတ်ပူနေ၏။ “မနက်ဖြန် ရိုက်ကူးရေးလည်း ရှိသေးတာကို … ရှစ်နာရီမှထွက်မယ်ဆိုရင် ကောင်းကောင်း အနားယူလို့ မရလောက်ဘူး ...”


“ရပါတယ် ...” လင်းလော့ချင်း ဂရုမစိုက်ချေ။ 


သူ အလုပ်ကြိုးစားနိုင်၏။ လင်းဖေးနှင့် ကျိလဲ့ယွီတို့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာသရွေ့ ထိုသို့ ကြိုးစားရသည်မှာ ထိုက်တန်ပေသည်။ 


လင်းလော့ချင်း ကျောင်းသွားကြိုသဖြင့် ကျိယွီရှောင်နှင့် လင်းဖေးသာ အိမ်တွင်ကျန်ခဲ့၏။ 


ထိုအခြေအနေမျိုးမှာ ရှားပါးလှသည်။ အများအားဖြင့် ကျိယွီရှောင်နှင့် လင်းဖေးသာ အိမ်တွင်ရှိနေပါက ကျိလဲ့ယွီလည်း ရှိနေတတ်၏။ သူက စကား အဆက်မပြတ်ပြောနေတတ်ပြီး လေထုတစ်ခုလုံးကို အသက်ဝင်စေလေ့ရှိသည်။ 


ယခုမူ ကျိလဲ့ယွီ ကျောင်းသွားဖြင့် သူနှင့် လင်းဖေးသာ အိမ်တွင် ကျန်ရစ်ခဲ့၏။ အိမ်တစ်အိမ်လုံးက လူသူကင်းမဲ့နေသကဲ့သို့ တိတ်ဆိတ်လျှက်ရှိသည်။ 


သူတစ်ခုခုလုပ်သင့်သည်ဟု ကျိယွီရှောင် ခံစားမိလိုက်သည်။ ထို့ကြောင့် ဝှီးချဲလ်ကို လင်းဖေး၏ အခန်းတံခါးရှေ့သို့ တွန်းသွားကာ တံခါးခေါက်လိုက်ပြီး တွန်းဖွင့်လိုက်၏။ 


“အသီးစားချင်လား … ”


လင်းဖေး ခေါင်းညှိတ်လိုက်သည်။ “ကျေးဇူးပါ … ”


“ဒါဖြင့် အန်တီကျန်းကို လာပို့ခိုင်းလိုက်မယ် … ” ကျိယွီရှောင် အန်တီကျန်းကို ခေါ်လိုက်၏။ 


သူက လင်းဖေး အခန်းတွင်းသို့ ဝင်လိုက်ချိန်တွင် လင်းဖေးရှေ့တွင် ပွင့်လျှက်သားရှိနေသည့် စာအုပ်ကို တွေ့လိုက်ရသည်။  


လင်းဖေးက စာဖတ်ရသည်ကို နှစ်သက်ပြီး ကျိယွီရှောင်၏ စာဖတ်ခန်းသို့ပင် ရံဖန်ရံခါ လာရောက်လေ့ရှိ၏။ 


လင်းလော့ချင်းက လင်းဖေးအတွက် စာကြည့်ခန်းတစ်ခန်း လုပ်ပေးချင်ခဲ့ပြီး အခန်းပင် ရွေးချယ်ထားပြီးဖြစ်သည်။ သူက ထိုအခန်းကို လင်းဖေးအား နှစ်သစ်လက်ဆောင်အဖြစ် ပေးရန် ကတိပေးထား၏။ 


လင်းဖေး ထိုအခန်းအကြောင်း သိရစဉ်က အလွန်ပျော်ရွှင်သွားကာ ကျိယွီရှောင် စာဖတ်နေသည်ကိုပင် အကြိမ်အနည်းငယ်ခန့် လာရောက်စပ်စုခဲ့၏။ သူက သူလုပ်ရသည့် သင်ခန်းစာများနှင့် ကျိယွီရှောင်၏ လေ့လာမှုများ မည်ကဲ့သို့ ခြားနားကြောင်း သိရှိလိုခဲ့ခြင်းဖြစ်သည်။ 


လင်းဖေး၏ တိတ်ဆိတ်ပြီး လိမ္မာသော အသွင်အပြင်ကို မြင်ရလေလေ၊ မနေ့က သူ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံအပေါ် ကျိယွီရှောင် စိတ်တိုင်းမကျလေလေပင်။ 


သူ၏ အကျင့်စရိုက်က လင်းလော့ချင်းထက် ပို၍ ခက်ထန်သလို သူ၏ ပြဿနာဖြေရှင်းနည်းများသည်လည်း လင်းလော့ချင်းထက် ပိုမိုပြင်းထန်၏။ 


ယခင်က ကျိရှင်းနှင့် ကျိလဲ့ယွီတို့ အငြင်းပွားခဲ့ကြသည်။ သူတို့နှစ်ဦးလုံးသည် သူနှင့် သွေးသားတော်စပ်သော ကလေးများဖြစ်သော်လည်း သူက တုံ့ဆိုင်းခြင်းမရှိ ကျိလဲ့ယွီဘက်တွင်သာ ရပ်တည်ပေးခဲ့၏။ ကျိရှင်း မည်သို့ပြောဆိုပါစေ သူက ကျိလဲ့ယွီ၏ စကားကိုသာ နားထောင်ခဲ့သည်။ အခြားလူများအား ကျိလဲ့ယွီအပေါ် သံသယဝင်ခွင့် မပြုရုံသာမက ကျိရှင်း၏ ဖခင်ကိုလည်း အားလုံးရှေ့၌ပင် အနာတရဖြစ်စေခဲ့၏။ 


ထို့ကြောင့် ကျိယွီရှောင်က လင်းဖေး၏ကိစ္စကိုလည်း ဤကဲ့သို့ ပြီးဆုံးခွင့်မပေးနိုင်ချေ။ 


လင်းဖေးက သူ၏ နောက်ထပ် ကလေးတစ်ဦးဖြစ်သည်။ မိသားစုထဲတွင် ကလေးနှစ်ဦး ရှိသည်ဖြစ်ရာ နှစ်ဦးလုံးက ပုလဲလုံးသဖွယ် တန်ဖိုးရှိသည်။ သူကိုယ်တိုင်ပင် သူတို့အပေါ် စကားလုံး ပြင်းပြင်းထန်ထန် မဆိုရက်ရာ အခြားလူများအား အဘယ့်ကြောင့် ထိုသို့ ပြုလုပ်ခွင့်ပေးရမည်နည်း။ 


ကျိယွီရှောင် ခဏစဉ်းစားပြီးနောက် ခေါင်းငုံ့ကာ wechat ဖွင့်၍ ကျွမ်းရွယ်ထံ စာပို့လိုက်သည်။ 


အန်တီကျန်းက မကြာခင်မှာပင် သစ်သီးလာပို့၏။ ကျိယွီရှောင်က လိမ္မော်သီးကို အခွံခွာကာ လင်းဖေးထံ ကမ်းပေးလိုက်သည်။ 


လင်းဖေးက ယဉ်ကျေးစွာဆို၏။ “ကျေးဇူးပါ ...”


“သားက ထပ်ပြီးယဉ်ကျေးနေပြန်ပြီ … ” ကျိယွီရှောင် သတိပေးလိုက်သည်။


လင်းဖေးက ပေါ့ပေါ့ပါးပါးပြောဆိုရန် ကျိယွီရှောင် သတိပေးခဲ့သည်ကို ပြန်လည်အမှတ်ရသွား၏။ 


သူက ခဏတွေးလိုက်ပြီး အမှားပြင်ဆင်သည့် အနေဖြင့် လိမ္မော်သီးကို တစ်ဝက်ခြမ်းကာ ကျိယွီရှောင်အား ပိုကြီးသည့် အပိုင်းကို ပေးလိုက်သည်။  


“ရှုရှု သားလက်ထဲက လိမ္မော်သီးအခြမ်းကို လိုချင်တယ် … ” ကျိယွီရှောင်က ပြောလိုက်သည်။ 


လင်းဖေး သူ့အား ကြည့်လိုက်ပြီး လက်တွင်းရှိ လိမ္မော်သီးကို ကမ်းပေးလိုက်၏။


ကျိယွီရှောင်က လိမ္မော်သီးကိုယူကာ သွားကြားထိုးတံဖြင့် တစ်မြွှာယူစားလိုက်ပြီးနောက် ပြောသည်။ “ကြည့်လေ … ရှုရှု သားကို ကျေးဇူးပါလို့ မပြောဘူး တွေ့လား … ”


လင်းဖေး “……”

အင်း … သူအခု မှတ်မိသွားပြီ … 


“ဟုတ်ကဲ့ … ” သူက ပြန်ပြောလိုက်၏။ “သား နောက်တစ်ခါ မပြောတော့ပါဘူး …” 


“ဒီလိုမှပေါ့ ...” ကျိယွီရှောင် ခေါင်းညှိတ်လိုက်ပြီး လင်းဖေးအား လိမ္မော်သီးတစ်မွှာ ခွံ့ကျွေးလိုက်သည်။ 


ယခုအကြိမ်သည် လင်းဖေးအား ကျိယွီရှောင်က ပထမဆုံးအကြိမ် ခွံ့ကျွေးခြင်း ဖြစ်၏။ လင်းဖေး အလွန်ရှက်နေသော်လည်း ပါးစပ်ကိုဟပေးကာ ကျိယွီရှောင်အား လိမ္မော်သီးခွံ့ကျွေးခွင့် ပြုလိုက်သည်။ 


“ချိုလား … ” ကျိယွီရှောင် မေးလိုက်၏။ 


လင်းဖေး ခေါင်းညှိတ်လိုက်သည်။ 


“ရှုရှုလည်း ချိုတယ်လို့ထင်တယ် ....” ကျိယွီရှောင် ပြုံးလိုက်သည်။ “ဘာလို့ဆို သားပေးတဲ့ လိမ္မော်သီးဖြစ်နေလို့လေ … သားပေးတဲ့ လိမ္မော်သီးက တခြားဟာတွေထက် ပိုချိုတယ် … ”


လင်းဖေး “……”


လင်းဖေး ခေါင်းငုံ့ကာ လိမ္မော်သီးကို စားကြည့်လိုက်၏။ ၎င်းက တကယ်ချိုမချို သူသိချင်နေပုံရသည်။ 


ကျိယွီရှောင် ကလေးကို ထပ်မစတော့ချေ။ လိမ္မော်သီးစားပြီးနောက် သူက လင်းဖေး၏ ခေါင်းလေးကို ပွတ်ပေးကာ အခန်းတွင်းမှ ထွက်လာခဲ့သည်။ ed 


ကျွမ်းရွယ်က စာပြန်ထား၏။ ကျိယွီရှောင် စာကိုဖတ်ကြည့်ပြီးနောက် သူနှင့် ခဏကြာ ဖုန်းပြောလိုက်သည်။ 


ကျောင်းဆင်းချိန်တွင် ကျိလဲ့ယွီက အိမ်မှလာကြိုသည့် ကားထံသို့ အမြန်ပြေးလာခဲ့သည်။ 


သူက ကားတံခါးကို ဖွင့်ကာ ကားတွင်းသို့ ဝင်ရန်ပြင်လိုက်၏။ သို့သော် လင်းလော့ချင်းအား တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ 


“ပါပါး … ” ကျိလဲ့ယွီ ပျော်ရွှင်စွာ ခေါ်လိုက်၏။ 


လင်းလော့ချင်း သူကို ဆီးကြိုပွေ့ဖက်ကာ နမ်းရှိုက်လိုက်သည်။ “ပါပါးရဲ့ ပေါင်ပေ့လေး ...”


“ပါပါး … အလုပ်မသွားရဘူးလား … ”


“သားနဲ့အတူတူ ညစာစားပြီးမှ ပါပါး အလုပ်သွားမလို့လေ ...” လင်းလော့ချင်းက ကလေး၏ နူးညံ့သော ဆံစများကို ပွတ်သပ်ပေးလိုက်၏။ 


ကျိလဲ့ယွီ ပျော်သွားသည်။ သူက လင်းလော့ချင်း အပေါ် မီလိုက်ရင်း ချွဲနွဲ့လိုက်သည်။


 “သားဒီနေ့ပြန်လာရင် ပါပါးကို မတွေ့ရတော့ဘူးလို့ ထင်ထားတာ ...”


သူတို့အတူတူရှိသည်မှာ အတော်အတန် ကြာပြီဖြစ်၏။ လင်းလော့ချင်းက နူးညံ့ပြီး သူ့အတွက် တွေးပေးလေ့ရှိသည်။ ကျိလဲ့ယွီ လင်းလော့ချင်းအား မကပ်တွယ်ပဲ မနေနိုင်ချေ။ 


ကျိလဲ့ယွီ မျက်နှာထက်ရှိ ချွဲနွဲ့မှုနှင့် မှီခိုမှုကြောင့် လင်းလော့ချင်း အံ့အားသင့်သွားသလို တစ်ချိန်ထဲမှာပင် ပီတိဖြာသွား၏။ ကျိလဲ့ယွီ သူ့အား တစ်ရက်တွင် လက်ရှိကဲ့သို့ အမူအရာမျိုး ပြသလာမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။ 


သူ ဤကမ္ဘာသို့ ရောက်ခါစက ကျိလဲ့ယွီ၏ လူနှင့်ခွေးအား လက်ထပ်ပေးခြင်း ဟူသည့် ကိစ္စအား ရှောင်လွှဲရန် တစ်ခုထဲသာ တွေးခဲ့ဖူးသည်။ ယနေ့ကဲ့သို့ နေ့ရက်မျိုး ရောက်ရှိလာလိမ့်မည်ဟု သူ မထင်ထားခဲ့။ 


ရှားပါး ဖြစ်ရပ်ပဲ … 


ဟယ့်နီကျန်းရှောင်စုန့်အား ကြိုဆိုကာ ပျော်ရွှင်စွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ သို့သော် မဲမှောင်နေသည့် အမူအရာဖြင့် စောင့်ကြိုနေသော ခင်ပွန်းဖြစ်သူကို တွေ့လိုက်ရ၏။ 


“ဘာဖြစ်လို့လဲ … ” ဟယ့်နီသူ့ထံသို့ အမြန်ချဉ်းကပ်လိုက်သည်။ 


“မျက်နှာလဲ မကောင်းပါလား … ဘယ်သူက အပြစ်လုပ်လိုက်လို့လဲ … ”


ကျန်းချင်းက သူမစကားများကြောင့် ပို၍ ဒေါသထွက်သွားသည်။ “ဘယ်သူက အပြစ်ပြုလိုက်လို့လဲ ဟုတ်လား … မင်း ဒါကို သက်သက်ရွဲ့ပြီးမေးနေတာလား …” 


ဟယ့်နီထိတ်လန့်သွားကာ ရုတ်တရက် ဒေါသပုံချခံလိုက်ရသဖြင့် မတရားသလို ခံစားလိုက်ရသည်။ “ကျွန်မက ဘယ်လိုလုပ်သိမှာလဲ … ရှင့်ဟာရှင် အဲဒီ့လူနဲ့ မဖြေရှင်းပဲ ဘာလို့ ကျွန်မကို အပြစ်ပုံချနေရတာလဲ … ”


“မင်း မနေ့တုန်းက လင်းဖေး လို့ခေါ်တဲ့ ကလေးကို အနိုင်ကျင့်ခဲ့သေးလား … ” ကျန်းချင်း မေးလိုက်သည်။


“ပြီးတော့ မင်း … ” သူက ပြန်ရောက်ရောက်ချင်း တီဗီကြည့်ရန် ပြင်နေသည့် ကျန်းရှောင်စုန့်အား လက်ညှိုးထိုးလိုက်သည်။


 “မင်း ကျောင်းမှာ ပြဿနာ ရှာခဲ့ပြန်ပြီလား … ငါ မင်းကို ကျောင်းပို့တာ ပြဿနာရှာဖို့လား … ဟမ် … မင်း လိမ်လိမ်မာမာ မနေနိုင်ဘူးလား … ”


ကျန်းချင်း ပြောရင်း အလွန်စိတ်ဆိုးလာသဖြင့် တီဗီကို ပိတ်ပစ်လိုက်သည်။ “မင်းကိုယ်မင်း ကြည့်စမ်း … တီဗီကြည့်ဖို့ပဲသိတယ် …အိမ်စာကို လုပ်မယ်စိတ်မကူးဘူး … ”


ကျန်းရှောင်စုန့် အလွန်ထိတ်လန့်သွားသဖြင့် မျက်ရည်ကျတော့မလို ဖြစ်သွား၏။ 


ဟယ့်နီက အမြန်ပြေးလာပြီး ကလေးကိုကာလိုက်သည်။ “ရှင်ဘာလို့ ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ပြောနေတာလဲ … ရှောင်စုန့်အမှားမှ မဟုတ်တာ … သူ့မျက်နှာကို ကြည့်ပါဦး … သူ့ကို လင်းဖေးက အရင်ရိုက်လိုက်တာလေ … ဒါကို သူ့အမေဖြစ်တဲ့ ကျွန်မက စကားတစ်ခွန်းနှစ်ခွန်း ပြောခွင့်မရှိဘူးလား … ကျွန်မက လင်းဖေးကို အနိုင်ကျင့်တယ်ပဲ ဖြစ်ရဦးမယ် …”  


“ဘာလို့ သူက ရှောင်စုန့်ကို ရိုက်တာလဲ … ရှောင်စုန့်က တခြားလူတွေကို အရင် အနိုင်ကျင့်လို့လေ … ”


“ဒါပေမယ့် သူမှ သူတို့ကို မရိုက်ခဲ့တာ … ” ဟယ့်နီအော်လိုက်သည်။


 “ရှင့်ကိုယ်ရှင် ကြည့်ဦး … တခြားလူက ရှင့်သားကို အနိုင်ကျင့်တာကို ရှင်က အပြင်လူဘက်က ပါနေတယ် … ရှင်က လင်းဖေးရဲ့အဖေလား … ရှောင်စုန့်ရဲ့အဖေလား …”


ကျန်းချင်း ကိုယ့်ကိုယ်ကိုယ် သရော်ဟန်ဖြင့် ရယ်လိုက်၏။ “ငါက လင်းဖေးအဖေဖြစ်ချင်ရင်တောင် အဲဒီ့လိုလုပ်ဖို့ အရည်အချင်းမရှိဘူး …”  


ဟယ့်နီ၏ ခန္ဓာကိုယ်က ဒေါသကြောင့် တုန်ယင်လာ၏။ “ရှင်ဘာကို ပြောချင်တာလဲ … ရှင့်သားက လင်းဖေးထက် နိမ့်ကျတယ်လို့ ထင်နေတာလား … ”


ကျန်းချင်း ခေါင်းယမ်းလိုက်သည်။ “ငါကသာ အရည်အချင်းမရှိတာ … ငါက လင်းဖေးအဖေလောက် အရည်အချင်းမရှိတာ … ”


“ငါဒီနေ့ ဝယ်သူတစ်ယောက်နဲ့ စားသောက်ရင်း စာချုပ်ချုပ်ဖို့ ချိန်းထားခဲ့တယ် … ဒါပေမယ့် ငါအခု အိမ်ပြန်ရောက်နေတယ်လေ … ငါက ဝယ်သူကို မတွေ့ချင်လို့လို့ မင်းထင်လား … ဘယ်ကသာ … ဝယ်သူက ငါနဲ့ထပ်ပြီး ပူးပေါင်းချင်စိတ် မရှိတော့လို့လေ …ဒါ့ကြောင့် ငါအိမ်ပြန်လာခဲ့ရတာ … ဘာလို့ ဝယ်သူက ငါ့ကို ငြင်းလိုက်လဲသိလား …” 


“အားလုံးက မင်းနဲ့ ရှောင်စုန့်ကြောင့်ပဲ … မင်းက သူများမိသားစုရဲ့ကလေးကို အနိုင်ကျင့်ခဲ့လို့ သူ့ဦးလေးက ငါ့ကို ပြဿနာရှာသွားတာ … နားလည်လား … ”


ဟယ့်နီနားမလည်ချေ။ “လင်းဖေးရဲ့ ဦးလေးလား … လင်းဖေး ဦးလေးကို ကျွန်မသိပါတယ် … သူ့မိသားစုက ဘာနောက်ခံမှ ရှိတာမဟုတ်ဘူး … ဘယ်လိုလုပ်ပြီး ရှင့်ကို ဒုက္ခပေးနိုင်မှာတဲ့လဲ …” 


“ဘယ်ကသာ … ငါသူ့ကို ဖုန်းခေါ်ပြီး ရိုရိုကျိုးကျိုး မေးခဲ့တယ် … ‘ဉက္ကဌကျိ … ကျွန်တော် ခင်ဗျားကို မစော်ကားမိဘူး မဟုတ်လား … ဘာလို့ ရုတ်တရက် စိတ်ကူးပြောင်းသွားတာလဲ’ လို့ … အဲဒီ့လူက ပြန်ဖြေတယ်လေ … ‘ခင်ဗျား ဇနီးနဲ့သားကို သွားမေးကြည့် … ကျုပ်က လင်းဖေးရဲ့ဦးလေးပဲ ’ တဲ့ … သိသာနေတာပဲ မဟုတ်လား … ”


ဟယ့်နီနားမလည်သေးချေ။ “ကျိမျိုးရိုးက အရမ်းအင်အားကြီးတာလား … ”


ကျန်းချင်းရယ်လိုက်၏။ “ကျိအုပ်စုက ကျိယွီရှောင်လေ … သူက ဥက္ကဌရဲ့ တစ်ဦးထဲသောသားပဲ … သူက အင်အားမကြီးဘူးလို့ မင်းထင်နေတာလား …”


ဟယ့်နီမျက်လုံးများ ပြူးကျယ်သွား၏။ ထို ဉက္ကဌကျိ ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။  


“မဖြစ်နိုင်တာ … လင်းဖေးမှာ ဘယ်လိုလုပ်ပြီး အဲဒီ့လို ဦးလေးရှိမှာလဲ … ”


“အခုမှ မဖြစ်နိုင်ပါဘူး ပြောလို့ အသုံးဝင်မယ် ထင်နေတာလား … ကျိယွီရှောင် ဒီလိုထုတ်ပြောပြီ ဆိုကတည်းက လင်းဖေးနောက်မှာ သူရှိတယ်လို့ ပြောချင်တာပဲ … ငါမင်းကို မေးပါဦးမယ် … ရှောင်စုန့်က ကလေးမို့လို့ မသိတတ်တာထား … မင်းက လူကြီးဖြစ်ပြီး ဘာလို့ ကလေးကို သွားအနိုင်ကျင့်ရတာလဲ … အခု ငါ့မှာမင်းကြောင့် ပြဿနာဖြစ်လာရပြီ … ကျိယွီရှောင်ရဲ့ စကားတစ်ခွန်းက ငါ့ရှယ်ယာဝင်အရေအတွက်ကို လွှမ်းမိုးမှုရှိနိုင်တယ် … ဒီပြဿနာကိုသာ မဖြေရှင်းရင် ကုမ္မဏီရဲ့အမြတ်ကိုပါ ထိခိုက်လာနိုင်တယ် … မင်းဒါကိုစဉ်းစားမိရဲ့လား … ”


“ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင် … ” ဟယ့်နီမေးလိုက်၏။ 


“ငါတို့ ဘာလုပ်နိုင်မှာလဲ … ” ကျန်းချင်း ဒေါသထွက်သွား၏။ 


“ရှင်းနေတာပဲလေ … မင်းနဲ့ ရှောင်စုန့် မနက်ဖြန် လင်းဖေးကို တောင်းပန်ရမယ် … သူက ခွင့်လွှတ်ရင် ဒီကိစ္စက ပြေလည်သွားမှာပဲ … အေး … သူခွင့်မလွှတ်ဘူးဆိုရင်တော့ အဲဒီ့လူက ငါ့ကို လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်လောက်ဘူး … ”


ဟယ့်နီမလုပ်ချင်ပေ။ “ကျွန်မက သူ့ကို တောင်းပန်ရမယ် … သူက ကလေးပဲရှိသေးတာလေ … ကျွန်မက ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ … ”


“မင်းပဲမဟုတ်ဘူး … ရှောင်စုန့်လည်း မနက်ဖြန် အတူတူလိုက်သွားပြီး တောင်းပန်ရမယ် … ”


ကျန်းရှောင်စုန့် ခေါင်းယမ်းကာ အော်လိုက်၏။ “မသွားချင်ဘူး … သူက သားကိုရိုက်ခဲ့တာ … သားသူ့ကို ဘာလို့တောင်းပန်ရမှာလဲ … ”


“မသွားချင်ဘူးပေါ့လေ … ” ကျန်းချင်း စိတ်ဆိုးသွား၏။ “မသွားရင် မင်းရဲ့ မုန့်ဖိုးအားလုံးကို ဖြတ်ပစ်မယ် … ဖုန်းရော တက်ဘလက်ရော သိမ်းမယ် … ”


“လင်းဖေး မပြောနဲ့ … ငါတောင် မင်းကို ရိုက်ချင်နေပြီ … ”


ကျန်းရှောင်စုန့် မတရားသလို ခံစားလိုက်ရပြီး မျက်ရည်များ ကျဆင်းလာ၏ ထို့နောက် အိပ်ခန်းတွင်းသို့ ဝင်ပြေးသွားလေသည်။ 


________________________________________

စာရေးသူမှာ ပြောစရာရှိပါတယ် … 


မစ္စတာကျိ : စိတ်တိုလွယ်ပြီး ဒေါသထွက်လွယ်တယ်လို့ ခေါင်းစဉ်အတပ်ခံရကတည်းက ကိစ္စတွေက လုပ်ရပိုလွယ်လာသလိုပဲ …