Chapter 118
ချီရှင်းချန် " တစ်ခါလေးတောင်မလာဘူးလား…"
" ဟင့်အင်း…" ထောင်ရွှမ် ရှုပ်ထွေးသွားရသည် " ဘာဖြစ်လို့လဲ ရှင်းရှင်းကော… ကျဲကျဲက Hမြို့ကိုပြန်သွားပြီမလား…"
ထိုကဲ့သို့သောမေးခွန်းမျိုးနှင့်ကြုံရချိန်၌ ချီရှင်းချန် ပြောစရာစကားများ ပျောက်ရှနေရပြီး မည်သို့ပြန်ဖြေပေးရမည်ကို သိမနေပေ။
အကယ်၍သာ သူထောင်ရွှမ်ကို သူ၏အစ်မဖြစ်သူမှာ မြို့လာခဲ့သော်လည်း သူ့ကိုမတွေ့သွားသည်ကို ပြောလိုက်မိပါ ထောင်ရွှမ်စိတ်မကောင်းဖြစ်သွားနိုင်သည်။
" ဒီအတိုင်းမေးကြည့်တာပါ…" ချီရှင်းချန် အခွံခွာထားသောပန်းသီးကို ပေးလိုက်ပြီး ယောင်ဝါးဝါးပြောလိုက်သည် " အစ်ကိုလည်း ဒီရက်ပိုင်းမဂ္ဂဇင်းရိုက်နေတာနဲ့ အလုပ်ရှုပ်နေတော့ ထောင်ထောင်ကျဲနဲ့အဆက်အသွယ်မရဘူးလေ…"
" အာ…" ထောင်ရွှမ် ပန်းသီးကိုယူကာ ရေရွတ်မိလိုက်သည်။
ချီရှင်းချန် ထောင်ရွှမ်ပြောသည်ကို ရှင်းရှင်းမကြားလိုက်ရသည့်အတွက် မေးလိုက်ရသည် " ရှောင်ရွှမ် ဘာပြောလိုက်တာလဲ…"
" ဘာမှမဟုတ်ပါဘူး…"
ထောင်ရွှမ်မှာ ခေါင်းကိုငုံ့ကာ ပြောနေသည့်အတွက် ချီရှင်းချန် သူ၏အမူအယာကို မမြင်ရသော်လည်း အသံထဲတွင် နက်ရှိုင်းသောစိတ်ပျက်အားငယ်မှုများပါဝင်နေခဲ့သည်။ ထို့နောက် ထောင်ရွှမ်မှ " ကော ကျွန်တော့်ကိုဒီလိုနှစ်သိမ့်ပေးဖို့မလိုပါဘူး…အသားကျနေပြီးသားပဲဟာ… အရေးမကြီးတော့ဘူး…"
အသားကျနေပြီးပြီ…
အသားကျနေပြီဆိုတာ ဘာကိုဆိုလိုတာလဲ…
ထောင်ထောင်က အမြဲတမ်းသူမရဲ့နေမကောင်းဖြစ်နေတဲ့မောင်လေးကို လျစ်လျူရှုထားတာလား…
" ရှောင်ရွှမ်.." ချီရှင်းချန် တွေးလေလေ ပို၍ဝမ်းနည်းလာလေလေ ဖြစ်ရသောကြောင့် မေးလိုက်မိသည်
" ထောင်ထောင်ကျဲက… အမြဲဒီလိုပဲလား.."
ထောင်ရွှမ် ခေါင်းကိုသာယမ်းပြလာကာ ပြန်မဖြေခဲ့ပါ။
ချီရှင်းချန် ပို၍မေးချင်မိသော်လည်း ဤတစ်ကြိမ်တွင် ထောင်ရွှမ်၏အမူအယာမှာ ဆိုးသည်ထက် ဆိုးလာခဲ့သည်။
ထောင်ရွှမ်၏မကောင်းသောခံစားချက်များကို ဆွဲယူမိမှာစိုးသည့်အတွက် ချီရှင်းချန် ဆက်မမေးရဲတော့ပေ။ မဟုတ်ပါက ဤအချိန်များအတွင်း ကျားကျစ်၏ကြိုးစားထားမှုများအားလုံးကို ဆုံးရှုံးရမည်ဖြစ်ကာ အမြတ်မှာအရှုံးကိုကာမိမည်မဟုတ်ချေ။
သို့သော်လည်း သေသေချာချာစဉ်းစားကြည့်လိုက်ပါက ယခင်တစ်ကြိမ် ထောင်ရွှမ်ဆေးရုံစတက်စဉ်က ထောင်ထောင်မှာလည်း သူမ၏အလုပ်များနှင့်ရှုပ်နေသောကြောင့် လာမလည်ဖြစ်သည်မှာ ပုံမှန်အတိုင်းဖြစ်သည်။ ယခုတွင်မူ သူမနှင့်လျန်ကျင်းတို့မှာ အလွန်ရင်းနှီးနေကြပြီး လျန်ကျင်း၏လှုပ်ရှားမှုများသည်လည်း ဆေးရုံမှာပင်ရှိနေသည်ကို အဘယ့်ကြောင့်ထောင်ထောင်မှ ထောင်ရွှမ်ထံလာမလည်ရသည်နည်း။
ဒါကနည်းနည်းလေးထူးဆန်းမနေဘူးလား…
ဤသည်မှာ ည၏မက်မွန်ဝတ္ထုမှ မူရင်းဇာတ်ကြောင်းဖြစ်သော ဇာတ်လိုက်မနှင့်မောင်ငယ်လေးတို့မှာ အသက်ရှင်သန်နိုင်စေရန် တစ်ဦးပေါ်တစ်ဦး အချင်းချင်းမှီခိုရင်း နက်ရှိုင်းသောဆက်ဆံရေးရှိသည်ဟူသော အကြောင်းအရာနှင့်ဆန့်ကျင်နေခဲ့သည်။
ဖြစ်နိုင်တာက… ချီရှင်းချန်၏စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသောအတွေးတစ်ခု ပေါ်လာခဲ့သည်။
ထောင်ထောင်ကကော အသိစိတ်ဝင်လာတာလား…
ထို့ကြောင့် သူမ ဇာတ်ညွှန်း၏တင်းကြပ်စွာချုပ်ကိုင်ထားမှုမှ လွတ်မြောက်သွားပြီး ကိုယ်ပိုင်အသိဉာဏ်ဖြင့်စတင်လှုပ်ရှားနေခြင်း ဖြစ်ရပေမည်။
ချီရှင်းချန် တစ်ဖက်လူအပေါ် မကောင်းမတွေးချင်သော်လည်း ထောင်ထောင်၏အပြုအမူများမှာ အလွန်သံသယဝင်စဖွယ်ဖြစ်နေသောကြောင့် သူမနေနိုင်ဘဲ ထည့်သွင်းစဉ်းစားရလိမ့်မည်။
တွေးရင်းတွေးရင်းဖြင့် ချီရှင်းချန်၏အမူအယာမှာ တဖြည်းဖြည်းလေးနက်လာကာ အံတင်းတင်းကြိတ်ထားမိသည်။
အဘယ့်ကြောင့် အဓိကဇာတ်လိုက်မမှ ကိုယ်ပိုင်အသိစိတ်ဝင်လာရသည်နည်းဟူသောအရာတွင် အကြောင်းပြချက်များစွာ ရှိနေပေလိမ့်မည်။ သူမ သူ့ကဲ့သို့စာအုပ်ဖတ်ကာ ကူးပြောင်းလာသူတစ်ယောက်ဖြစ်နိုင်သလို အန်းရန်ကဲ့သို့ ပြန်လည်မွေးဖွားလာသူလည်း ဖြစ်နိုင်ပေမည်။ သို့မဟုတ် သူ၏ဇာတ်ကြောင်းအပေါ်ဝင်ရှုပ်မိမှုကြောင့် ဇာတ်လိုက်မမှာစက္ကူရုပ်ဖြစ်နေရသည့်အပေါ် မကျေမနပ်ဖြစ်ကြသည့်အတွက် အသိစိတ်ဝင်လာကာ မူရင်းဇာတ်ကြောင်းအပေါ်သို့ အတင်းအကြပ်ပြန်ဆွဲတင်နေခြင်းလည်း ဖြစ်နိုင်သည်။
အတိုချုပ်ရသော် မည်သည့်အကြောင်းပြချက်နှင့်ပင်ဖြစ်စေ ထောင်ထောင်၏အပြုအမူများကို အကဲခတ်ရမည်ဆိုလျှင် သူမ၏ပန်းတိုင်မှာ ည၏မက်မွန်ဝတ္ထုကို မူရင်းဇာတ်ကြောင်းပေါ်သို့ ပြန်ဆွဲတင်လိုခြင်းဖြစ်နိုင်ပေမည်။ ချီရှင်းချန် ခဏမျှတွေးလိုက်ပြီးနောက် ချီကျားကျစ်အား ထောင်ရွှမ်ကိုနှစ်သိမ့်ပေးရန်မှာကြားလိုက်ပြီး နှုတ်ဆက်စကားဆိုကာ ဆေးရုံခန်းအတွင်းမှ ပြန်ထွက်လာလိုက်သည်။
မှန်းဆကြည့်ရုံဖြင့် ထောင်ထောင်အမှန်တကယ် အသိစိတ်ဝင်လာသည် မလာသည်ကို မသိနိုင်ပေ။ သို့သော်လည်း သူဒီအတိုင်းထိုင်ကာ သေခြင်းကိုထိုင်မစောင့်နိုင်သည့်အတွက် အရင်ဦးဆုံး ကြိုတင်ပြင်ဆင်ထားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍သာ ကိစ္စများမှာ သူလိုချင်သည့်အခြေအနေအတိုင်း ဦးတည်သွားနေပါက သူသည်လည်း ရုတ်တရက်အလစ်တိုက်ခံရမည်မဟုတ်ချေ။
ပထမဦးဆုံးအနေဖြင့် ချီရှင်းချန် ထောင်ရွှမ်ကို ကိုင်တွယ်ရပေလိမ့်မည်။ ထို့ကြောင့် ထောင်ရွှမ်၏ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သောလက္ခဏာများပေါ်လာပါက ချက်ခြင်းအကြောင်းကြားရန် မှာကြားလိုက်သည်။
နောက်တစ်ချက်မှာ ကျောက်ကပ်အစားထိုးလဲလှယ်နိုင်မည့် အရင်းအမြစ်ဖြစ်သည်။ ထောင်ရွှမ်နှင့်လျန်ကျင်းတို့၏ အဓိကပြသနာမှာ ထိုကျောက်ကပ်ဖြစ်ပြီး အကယ်၍သာ သင့်လျော်သောကျောက်ကပ်ရှာတွေ့သွားပါက ၎င်းကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်။
ထို့နောက် သူ လျန်ကျင်းအပေါ်အမြဲတမ်းစောင့်ကြည့်နေရန် လိုအပ်သည်။ သူ၏အနုပညာရှင်ဟူသောအထောက်အထားကြောင့် ကိုယ်တိုင်တကောက်ကောက်မလိုက်နိုင်သော်လည်း ထောက်လှမ်းရေးကုမ္ပဏီရှာရန် အန်းရန်ကိုစေခိုင်းနိုင်သည်။
ဤကဲ့သို့သောလုပ်ရက်မှာ မကောင်းမှန်းသိသော်လည်း အသက်တစ်ချောင်းမှာ အရေးအပေါ်အခြေအနေသို့ရောက်နေသည်ဖြစ်ရာ ထိုမျှအသေးအမွှားကို ချီရှင်းချန် ဂရုမစိုက်နိုင်တော့ပါ။ သူ လျန်ကျင်းကို ဦးဆုံးကယ်တင်ပြီးမှသာ တောင်းပန်ပြီး သူ့အပေါ်ခွင့်လွှတ်ပေးရန် တောင်းဆိုရမည်ဖြစ်သည်။
ဆေးရုံစင်္ကြန်လမ်းအဆုံးတွင်ရပ်ကာ ချီရှင်းချန် အစီအစဉ်သုံးခုပြင်ဆင်လိုက်ပြီးနောက် သက်ပြင်းချလိုက်မိသည်။ တကယ်ကိုပင် သူထောင်ထောင်အပေါ် အားမနာနေခြင်းမျိုး မရှိချေ။ သူမနှင့်အတူရှိရမည့်အဓိကဇာတ်လိုက်ကို ခိုးယူမိသွားသူမှာ သူပင်ဖြစ်လေသည်။
အဆုံး၌ ဇာတ်ကြောင်းကို ဝင်နှောင့်မိသည့်အပြစ်သားမှာ သူကိုယ်တိုင်သာဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အခြေအနေများမှာ ယခုနေရာသို့ပင်ရောက်ရှိလာပြီဖြစ်ကာ စိတ်ထားကောင်းသော သူ့မိသားစုနှင့်လျန်ကျင်းတို့ကို ဇာတ်ကြောင်းအတိုင်း အမြောက်စာအဖြစ် အသုံးချမခံရစေလိုပေ။ ပိုင်ရဲ့ကို ထောင်ထောင်ထံပေးလိုက်ရန်မှာမူ ပို၍မဖြစ်နိုင်သောအရာပင်ဖြစ်သည်။
အစမှအဆုံးအထိ ပိုင်ရဲ့ထံမှ ထောင်ထောင်ကိုသဘောကျနေခြင်းမျိုး တစ်ခါမှမပြသခဲ့ဖူးပေ။
သူ ပိုင်ရဲ့၏အမြင်ကို လေးစားရပေလိမ့်မည်။
တွေးနေရင်းဖြင့် ချီရှင်းချန် ယခင်တစ်ခေါက်က ရောက်ခဲ့ဖူးသောဓာတ်ခွဲခန်းရှိရာသို့ လျှောက်လာမိသည်။ ယမန်နေ့ညတွင် သူ့အကြောင်းပေါ်တော့မလို ဖြစ်သွားရသည့်အတွက် ထိတ်လန့်နေမိကာ ထောင်ထောင်နှင်လျန်ကျင်းတို့ အဘယ့်ကြောင့်ရုတ်တရက်ကြီးရင်းနှီးသွားရသည်လဲဆိုသည်ကို မမေးလိုက်ရပေ။
ယခင်တစ်ခေါက်လာစဉ်က လျန်ကျင်းမှာ ထောင်ထောင်ကို လူနာရှင်အဖြစ်သာ မှတ်ယူနေခဲ့သည်။
သို့သော်လည်း လဝက်မျှသူမနှင့်မဆုံလိုက်ရုံဖြင့် အဘယ့်ကြောင့် သူမိသားစုကပါ ထောင်ထောင်ကို သိသွားကြသည်နည်း။
ချီရှင်းချန် ဓာတ်ခွဲခန်းတံခါးကို ခေါက်လိုက်သည်။
" ဝင်ခဲ့ပါ…" တိုက်တိုက်ဆိုင်ဆိုင်ပင် လျန်ကျင်းမှပြောလာသည်။
ချီရှင်းချန် ဝင်သွားချိန်တွင် ဓာတ်ခွဲခန်းထဲ၌ လျန်ကျင်းသာမက အမျိုးသားဆရာဝန်တစ်ဦးနှင့် အမျိုးသမီးဆရာဝန်တစ်ဦးရှိနေသည်ကို မြင်လိုက်ရသည်။
" နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်နော်…"
ချီရှင်းချန် ခေါင်းညွှတ်ကာပြောလိုက်ပြီး လျန်ကျင်း၏စားပွဲသို့ မသွားခင်အချိန်၌ ဓာတ်ခွဲခန်းထဲရှိနေသည့် မိန်းကလေးတစ်ယောက်မှ ရုတ်တရက်ထအော်လာသည် " ရှင်ကချီရှင်းချန်လား…"
" ဟုတ်ကဲ့.. မင်္ဂလာပါ.." ချီရှင်းချန် အတွေးလွန်နေသည့်အတွက် ဟန်ဆောင်ရန်ပင် မေ့လျော့သွားရကာ ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည် " ကျွန်တော်ချီရှင်းချန်ပါ…"
" ဘုရားရေ… ငါတော့ရုံးမှာထိုင်နေရင်း နာမည်ကြီးနဲ့တိုးတာပဲ…"
အမျိုးသမီးဆရာဝန်မှာ မယုံနိုင်ဖြစ်နေရကာ သူမ၏အဖြူရောင်ကုတ်အင်္ကျီထဲမှ ဖုန်းကိုအလောတကြီးထုတ်လိုက်ပြီး ပြောလာသည် " ကျွန်မကလေ My timeမှာ ရှင့်ကိုအရမ်းသဘောကျတာ…ဖြစ်နိုင်မယ်ဆိုရင် ဓာတ်ပုံတွဲရိုက်လို့ရနိုင်မလားဟင်…"
ချီရှင်းချန်မှာ အမှတ်မထင်တွေ့ဆုံရသောဖန်များ၏တောင်းဆိုမှုကို အမြဲလိုမငြင်းပယ်တတ်သူဖြစ်လေရာ သူမထံသို့လျှောက်သွားလိုက်သည်။ သို့သော်လည်း လျန်ကျင်းမှ သူတို့နှစ်ဦးကြားထဲ ရုတ်တရက်ဝင်ရောက်လာကာ ပြောလာခဲ့သည် " သူနဲ့အရေးတကြီးပြောစရာလေးရှိလို့ သူနဲ့ဓာတ်ပုံရိုက်ဖို့ကိုမေ့ထားလိုက်တော့… နောက်ကြမှ သူ့စီကလက်မှတ်ယူပေးမယ်…"
" ပြီးတာပဲ…" အမျိုးသမီးဆရာဝန်မှ သူမ၏ဖုန်းကို ဒေါသတကြီးပြန်ဖယ်ပေးလိုက်သည်။
လျန်ကျင်း ချီရှင်းချန်နှင့်အတူ ထွက်လာခဲ့သည်။
ရုံးခန်းမှ ဓာတ်လှေကားသို့သွားသည့်လမ်းတစ်လျောက် လျန်ကျင်းစကားတစ်ခွန်းမှ မပြောခဲ့ပေ။ အထပ်နံပါတ်ကိုနှိပ်ပြီးနောက်မှသာ ဖြည်းညင်းစွာပြောလာသည် " နောက်တစ်ခါကြရင် ရုံးခန်းထဲမလာခင် ငါ့စီအရင်ဖုန်းခေါ်ပါ.."
ချီရှင်းချန် လျန်ကျင်း၏အမူအယာကိုကြည့်ကာ " ကောင်းပါပြီ…" ဟုသာ ပြန်ဖြေလိုက်မိသည်။
" နာမည်ကြီးတစ်ယောက်အနေနဲ့ ဆေးရုံကိုအမြဲတမ်းလာနေတာက မကောင်းဘူး… နောက်ပြီး အဲဒီမိန်းကလေးလုပ်ဖော်ကိုင်ဖက်က ဝေ့ပေါ်တို့ ဖိုရမ်တွေပေါ်တက်ရတာတို့ကို လုပ်လေ့ရှိတယ်…" လျန်ကျင်းရှင်းပြလိုက်သည် " သူဓာတ်ပုံရိုက်ပြီးရင် သေချာပေါက်တင်လိမ့်မယ်…"
လျန်ကျင်း၏အစောပိုင်းအမူအယာကို ကြည့်ကာ ချီရှင်းချန် မဖိတ်ခေါ်ဘဲလာမိခြင်းကြောင့် သူ့ကိုအပြစ်တင်နေသည်ဟု ထင်မိခဲ့သည်။ သို့သော်လည်း သူမထင်ထားခဲ့သည်မှာ လျန်ကျင်းမှ သူ၏လုပ်ငန်းဆောင်တာများ ထုတ်ဖော်ခံရမည်ကိုသာ စိုးရိမ်နေမည်ကိုပင်။
လျန်ကျင်းက သူ့အပေါ် တကယ့် တကယ်ကိုကောင်းလွန်းတယ်…
ဒီအတွက်ကြောင့်ပဲ ချီရှင်းချန် လျန်ကျင်းကို မဖြစ်မနေကယ်တင်ရမည်ဟု ဆုံးဖြတ်ထားလိုက်သည်။
ဒင်… ဓာတ်လှေကားရောက်လာသောကြောင့် သူတို့နှစ်ယောက်၏အရှေ့မှတံခါးမှာ ပွင့်သွားခဲ့သည်။ လျန်ကျင်းမှ ချီရှင်းချန် အခြားသူများနှင့်မတိုက်မိစေရန်အတွက် ဓာတ်လှေကားတံခါးကို ကိုယ်နှင့်ကာပေးထားလိုက်ပြီး အရင်ဝင်စေလိုက်သည်။
ချီရှင်းချန်၏အနောက်မှလိုက်ကာ လျန်ကျင်း အသံကိုနှိမ့်၍ မေးလိုက်လေသည် " မင်းနေ့လည်စာစားပြီးပြီလား…"
" ဟင့်အင်း…" ချီရှင်းချန်မှပြန်ဖြေလာသည် " မင်းနဲ့အတူစားမလို့လေ…"
" ဒါဆိုရင် မျက်နှာချင်းဆိုင်က ဟိုတယ်ကိုသွားကြတာပေါ့…"
ဆေးရုံ၏မျက်နှာခြင်းဆိုင်ရှိဟိုတယ်မှာ လျန်မိသားစုအပိုင်ဖြစ်ကာ လျန်ကျင်း ဆေးရုံကန်တင်းတွင်မစားနိုင်သည့်အခါများ၌ ထိုနေရာသို့သာ အမြဲလိုသွားစားလေ့ရှိသည်။ အကွာအဝေးမှာလည်း တိုသော်ကြောင့် ချီရှင်းချန်အတွက် မီဒီယာများမှ အလွယ်တကူဓာတ်ပုံရိုက်ယူနိုင်ကြမည်မဟုတ်ချေ။
ထောင်ထောင်နှင့်လျန်ကျင်းတို့၏အခြေအနေများကို သိနိုင်ရန်အတွက် ချီရှင်းချန်စကားစမြည်ပြောဟန်ဆောင်လိုက်သည်
" မင်းနဲ့ထောင်ထောင်တို့ ဒီကိုမကြာခဏလာစားတတ်ကြလား…"
လျန်ကျင်းမှ မျက်မှောင်ကြုတ်ကာ ပြန်ဖြေလာသည် " ဟင့်အင်း…"
သူ့အတွက် ချီရှင်းချန်မှာ ဤကမ္ဘာကြီးတစ်ခုလုံးတွင် အထူးခြားဆုံး၊အရေးပါဆုံးနှင့် တန်ဖိုးအထားရဆုံးသူတစ်ယောက်ဖြစ်လေရာ အဘယ့်ကြောင့် ထောင်ထောင်နှင့်မကြာခဏသွားလေ့ရှိသောနေရာသို့ ချီရှင်းချန်ကို ခေါ်လာရမည်နည်း။
ချီရှင်းချန် " အင်း…" ဟုသာပြန်ပြောလိုက်ပြီး လျန်ကျင်းမှာ ပျော်ရွှင်နေပုံမရသည့်အတွက် ဆက်မမေးလိုက်တော့ပေ။
သူတို့နှစ်ဦး ဟိုတယ်သို့ရောက်ချိန်၌ စားသောက်ဖွယ်ရာများကို မှာယူလိုက်ကြပြီး ချီရှင်းချန် My timeမှစိတ်ဝင်စားဖွယ်အချက်များကို ဦးစွာပြောလိုက်သည်။ ထို့နောက်တွင်မှ ခေါင်းစဉ်ကို ထောင်ထောင်၏အကြောင်းသို့ ရည်ရွယ်ချက်ရှိရှိဖြင့် လှည့်ပတ်ပြောလိုက်သည်
" ငါနဲ့ထောင်ထောင်ကျဲက သိတာကြာပြီလေ… အကြမ်းဖျင်းပြောရရင်တော့ သူကသန်မာပြီး အမှီအခိုကင်းတဲ့မိန်းကလေးတစ်ယောက်ပဲ…မင်းသူ့ကိုလိုက်ချင်ရင်တော့ အတော်လေးအားထုတ်ရလိမ့်မယ်နော်…"
လက်များကိုသုတ်နေသည့်လျန်ကျင်းမှာ ရပ်တန့်သွားခဲ့သော်လည်း သူ၏စကားအပေါ်တုံ့ပြန်မလာပေ။
ချီရှင်းချန် လျန်ကျင်း၏အမူအယာကို တိတ်တခိုးအကဲခတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် " ပြီးတော့ သူ့ရဲ့အနုပညာလမ်းကြောင်းကလည်း ထိပ်ဆုံးရောက်နေတာ…မင်းကလည်း ပရောဂျက်တွေနဲ့အလုပ်ရှုပ်နေတော့ နှစ်ယောက်သားဒိတ်ဖို့အတွက် ခက်ကြမှာ ဟုတ်တယ်မလား…"
" ရပြီ.." ရှားပါးလှစွာဖြင့် လျန်ကျင်း ချီရှင်းချန်ကို ကြားဖြတ်ပြောလိုက်သည်။ ထို့နောက် လက်သုတ်ပဝါကို စားပွဲပေါ်တွင် ပစ်တင်လိုက်ကာ အလွန်စိတ်အနှောင့်အယှက်ဖြစ်နေသည့်အသံဖြင့် ပြောလိုက်လေသည် " သူ့အကြောင်းကြီးပဲ တစ်ချိန်လုံးပြောမနေနဲ့…"
စမ်းသပ်ချက်နှစ်ခုအပြီးတွင် ချီရှင်းချန်သိလိုက်ရသည်မှာ လျန်ကျင်း ထောင်ထောင့်အကြောင်းပြောသည်ကို မနှစ်သက်သည်ကိုပင်။
ယမန်နေ့ည အိမ်တွင်ညစာစားစဉ်အခါက လျန်ကျင်း သူနှင့်ထောင်ထောင်တို့၏ဆက်ဆံရေးမှာ လိုက်နေခြင်း သို့မဟုတ် ဒိတ်နေခြင်းမဟုတ်ကြောင်းပြောသည်ကို ပြန်လည်တွေးမိသွားသည်။
ဖြစ်နိုင်သည်မှာ ထောင်ထောင်အပေါ် လျန်ကျင်း၏ခံစားချက်များက အချစ်မဟုတ်နေဘူးလား…
သို့သော်လည်း လျန်ကျင်း သူနှင့်ထောင်ထောင်တို့ကြားတွင် ရင်းနှီးသောဆက်ဆံရေးရှိကြောင်းကိုလည်း မငြင်းပယ်ခဲ့ပေ။
ချီရှင်းချန်၏စိတ်ထဲတွင် ရှုပ်ထွေးနေရကာ သူ၏မသိစိတ်မှ လျန်ကျင်းနှင့်ထောင်ထောင်တို့နှစ်ဦးကြားတွင် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ပြောနေခဲ့သည်။ ကံမကောင်းစွာဖြင့် သူ မေးခွန်းများ ကိုလှည့်ပတ်မေးနေရသည်ဖြစ်သောကြောင့် လျန်ကျင်း၏အဖြေများမှာ ယောင်ဝါးဝါးဖြစ်နေခြင်း သို့မဟုတ် မဝေခွဲနိုင်ဖြစ်နေခြင်းတို့သာ ဖြစ်နေခဲ့သည်။
ချီရှင်းချန် ရွေးချယ်စရာမရှိတော့သောကြောင့် နောက်တစ်ကြိမ်မှသာ မေးရပေလိမ့်မည်။
ညစာစားအပြီးတွင် ချီရှင်းချန် လျန်ကျင်းကို အိမ်ပြန်မပို့ရန်ပြောလိုက်ပြီးနောက် သူ၏စိတ်ထဲမှမေးခွန်းများစွာဖြင့် အိမ်သို့ကားမောင်းပြန်လာခဲ့သည်။
ယမန်နေ့ညတွင် မအိပ်ခဲ့ရသည့်အတွက် ချီရှင်းချန် တရေးတမောမျှအိပ်လိုက်ပြီး ပြန်နိုးလာချိန်တွင်မူ ညစာစားခါနီးအချိန်သို့ရောက်နေပြီဖြစ်သည်။ အချိန်များစွာမကျန်သည့်အတွက် ရှုပ်ထွေးသောဟင်းလျာများကို မချက်နိုင်တော့ဘဲ မိသားစုအတွက် ရိုးရှင်းသောအိမ်ချက်ဟင်းနှစ်ပွဲကိုသာ ကပျာကယာပြင်ဆင်ပေးလိုက်ရသည်။
သူ၏မိသားစုဝင်များ ပျော်ပျော်ရွှင်ရွှင်စားနေကြသည်ကို မြင်လိုက်ရချိန်မှာသာ ချီရှင်းချန်၏လေးပင်နေသောစိတ်များ အနည်းငယ်သက်သာသွားရသည်။ အချိန်ခဏမျှ အဖေချီနှင့်အစ်ကိုကြီးတို့နှင့်အတူ စကားစမြည်ပြောလိုက်ပြီးနောက် အခန်းသို့ပြန်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ ထို့နောက်တွင် အန်းရန်မှ သူ့အားလျန်ကျင်းကိုထောက်လှမ်းပေးရန်အတွက် အတွေ့အကြုံအရှိဆုံးစုံထောက်ရှာပေးလာကြောင်း ပြောလာခဲ့သည်။
ချီရှင်းချန် သူမကိုထပ်မံ၍သတိပေးလိုက်သည် " သူ့ရဲ့ကိုယ်ရေးကိုယ်တာကိုတော့ မဖြစ်မနေ ကာကွယ်ပေးရမယ်နော်…"
" မပူပါနဲ့…" အန်းရန်မှ ပြန်ပြောလာသည် " လျို့ဝှက်ထားဖို့အတွက် သဘောတူညီကြောင်းစာချုပ်ကို လက်မှတ်ထိုးပေးထားပါတယ်…အချက်အလက်တွေအားလုံးကို ငါတို့စီလွှဲပေးပြီးတာနဲ့ ဖျက်စီးကြလိမ့်မယ်…"
" ကောင်းတာပေါ့… ကျေးဇူးပါ အန်းရန်ကျဲ…"
လျန်ကျင်းထံတွင် တောက်ပသောအနာဂတ်တစ်ခုရှိနေသည်ဖြစ်ရာ ချီရှင်းချန် ထိုသို့သောအရာများကြောင့် သူ့ကိုထိခိုက်သွားခွင့်မပေးနိုင်ပါ။
လျှို့ဝှက်စုံထောက်ဖြင့် လိုအပ်သည့်အရာများအားလုံးကို ကိုင်တွယ်ပြီးနောက် ချီရှင်းချန်အတွက် ရလဒ်များကိုစောင့်ဆိုင်းရန်သာ လိုတော့သည်။
သေချာပေါက် မည်သည့်ရလဒ်များမရှ်ိနေလျှင် အကောင်းဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ထောင်ရွှမ်သည် ကျန်းမာနေပြီး ထောင်ထောင်နှင့်လျန်ကျင်းတို့မှာ သာမန်ဆက်ဆံရေးမျိုးရှိနေခြင်းကိုပင်။ အရာတိုင်းမှာ အကောင်းဘက်မှပြောင်းလဲသွားလိမ့်မည်။
ချီရှင်းချန် အိပ်ရာပေါ်တွင်လှဲကာ မည်သည့်အရာများဖြစ်ပျက်ခဲ့သည်နှင့် ၎င်းကိုမည်သို့ဖြေရှင်းရမည်ဆိုသည်ကို တွေးနေမိသည်။ မရေတွက်နိုင်သောအချိန်အချို့ကုန်လွန်သွားပြီးနောက် သူ၏ဖုန်းမှရုတ်တရက်တုန်ခါလာသည်။
[ ယွဲ့မှ သင့်အားဗီဒီယိုကော ခေါ်လာပါသည် ]
[ ယွဲ့ ] ဟူသည်မှာ ချီရှင်းချန် ပိုင်ရဲ့အတွက်ထည့်ပေးထားသောနာမည်ဖြစ်သည်။ သူ လျန်ကျင်းနှင့်ထောင်ထောင်တို့အရေးကို ကိုင်တွယ်ရန်အတွက် အာရုံစိုက်နေရသောကြောင့် ပိုင်ရဲ့နှင့်ဗီဒီယိုကောခေါ်ရန် သဘောတူထားခြင်းကို မေ့လျော့သွားခြင်းပင်။
လျှပ်စီးကဲ့သို့အရှိန်ဖြင့် ချီရှင်းချန် မှန်ရှေ့သို့အပြေးသွားလိုက်သည်။ သူ၏ဆံပင်မှ အနည်းငယ်ပုံပျက်နေသည်ကို မြင်လိုက်ရချိန်၌ ကပျာကယာပြန်ပြင်လိုက်ပြီး ကုတင်စီသို့အပြေးပြန်သွားကာ ကို
င်မည်ဟူသောခလုတ်ကိုနှိပ်လိုက်သည်။
နှစ်စက္ကန့် သုံးစက္ကန့်အကြာ၌ ဖုန်းမျက်နှာပြင်မှာလင်းလာပြီး ချီရှင်းချန် ပထမဆုံးမြင်လိုက်ရသည့်အရာမှာ သူ၏ရှေ့မှ အပေါ်ပိုင်းအဝတ်ဗလာနှင့် ပိုင်ရဲ့ပင်။